သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။
လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။
ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ .
သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။
အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန်မှာ နီးလာပြီလားလို့ စိတ်မကောင်းစွာ တွေးခဲ့မိပါတယ်။ ဆုတ်ယုတ်ပျက်စီးလာလိုက်တာ.. ခြေသလုံးကြွက်သားလေးတွေလည်း သိမ်ပြီး လမ်းတောင် မလျှောက်နိုင်တော့ဘူးတဲ့။ ပွတ်မိတဲ့ နေရာတိုင်းမှာ သွေးခြေဥလို့ရယ်။ အိပ်ယာထဲမှာ ပက်လက်နေရင်း ပင်ပန်းကြီးစွာ လှုပ်ရှားနေရတဲ့ သူကလေးကို ကြည့်ပြီး ရုပ်ခန္ဓာကြီးရဲ့ ဖောက်ပြန်ပုံတွေကို တရားကျမိရင်း ဝေဒနာပြင်းပြကို ကြိတ်မှိတ်ခံနေရရှာတဲ့ သူ့ကို သနားလိုက်တာ။
ကလေးမလေး နိုးနေရင် အမြဲ အပြုံပန်းလေးဆင်ပြီး တက်ကြွလန်းဆန်းပေါ့ပေါ့ပါးပါးစကားတွေကိုသာ ပြောတတ်တဲ့ ယောင်းမ ဆရာဝန်မလည်း ကလေး အိပ်ပျော်သွားပြီဆို ခဏတာ မျက်နှာဖုံးချွတ်လိုက်သလိုပါပဲ။ ကလေး သိသွား ကြားသွားမှာစိုးလို့ ရောဂါအကြောင်း စိတ်ဓာတ်ကျစရာအကြောင်း ဘာတစ်ခုမှ မပြောပေမယ့် မိခင် ရင်ချင်းမို့ ကြေကွဲစိတ်ကို ခံစားမိပါတယ်။ ဘယ်သူ့မှ အဖော်မပြုပဲ သမီးတယောက်ရဲ့ နောက်ဆုံးအချိန်မှာ စိတ်တိုင်းကျ ပြုစုခွင့်ရဖို့ မိဘတာဝန်ဝတ္တရားကျေနေတဲ့ အချိန်မှာ တဘက်ကလည်း အလုပ်တာဝန်ဝတ္တရားတွေ လစ်ဟင်းလို့..။
တကယ်တမ်းဖြစ်လာကြပြီဆိုတော့ သားသမီးခံစားနေရလည်း ဘေးက မိဘဆွေမျိုးတွေက ငုတ်တုတ်ထိုင်ကြည့်နေရုံ... မိဘတွေ ဝေဒနာပြင်းစွာ ခံစားနေရရင်လည်း သားသမီးတွေက ရင်ထုမနာ ထိုင်ကြည့်နေရုံ။ အတတ်နိုင်ဆုံးက ခံစားနေရတဲ့ ဝေဒနာ သက်သာအောင် ခေတ်မီဆေးဝါးတွေနဲ့ ကူညီပေးရုံကလွဲလို့ ဘာမှ..ဘာမှ မတတ်နိုင်။
ပါးစပ်ထဲမှာလည်း အနာတွေကြောင့် ခေါင်းမထောင်နိုင်တဲ့ သူ့အဖို့ ခံတွင်းသန့်ရှင်းရေးလည်း မလုပ်နိုင်.. အသန့်အရှင်းကြိုက်လှတဲ့ သပ်သပ်ရပ်ရပ်နေတတ်တဲ့ တူမငယ်ခမျာမှာ အနံ့အသက်ဆိုးကို မခံနိုင်ရှာပြန်ပေမယ့် ...။ ဗလုံးဗထွေးနဲ့ အားယူပြီး ပြောတဲ့စကားကို နားမလည်တဲ့ မိခင်ကို စိတ်ပျက်အားငယ်စွာကြည့်ရင်း စကားပြောဖို့ကို လက်လျှော့လိုက်တာလည်း အခါခါ။ နောက်တော့ သူပြောချင်လွန်းတဲ့ စကားတွေကို အင်္ဂလိပ်လို ပြောတော့မှာ နားလည်လို့ရအောင် ပီသနေပြန်ပါရော။ ဒီလောက် လက်ပွန်းတတီး တရင်းတနှီးနေခဲ့တဲ့ သားအမိတွေ.. ဆက်သွယ်ရေးစနစ်တွေ ပျက်စီးတော့ တယောက်ပြောချင်တာ တယောက် နားမလည်နိုင်တာလည်း ကြုံသေးတာပဲ။ ဒီလောက် ဝေဒနာခံစားနေရတဲ့ ကြားက သူ့မိခင်နဲ့ ဆက်သွယ်လို့ ရသွားတော့ နောက်သွားသေးတယ်..သူ့အမေကို။ အင်္ဂလိပ်လို ပြောမှ နားလည်တဲ့ သူ့အမေကို.. " You are Foreigner ” လို့ပြောပြီး ရီသွားသေးတယ်။ တကယ်တမ်းကျတော့ ရယ်တယ်ပြုံးတယ်ဆိုတာ သူ့အမူအရာကြည့်ပြီးသာ နားလည်နေရတာပါ။
သူ့မှာလည်း အမေက ပြောမပြပေမယ့် သူ့ရောဂါအကြောင်းတော့ သိသွားတဲ့ ပုံပါပဲ။ ညဖက် အိပ်မပျော်ရင် မိဘတွေအိပ်မှ ဦးအေးမောင်ရေးတဲ့ သေသည်၏ အခြားမဲ့၌ စာအုပ်ကို ခိုးကြောင်ခိုးဝှက်ဖတ်ခဲ့ရတဲ့ သူ့ခမျာ.. သူ့အတွက် နီးကပ်နေပြီဖြစ်တဲ့ တဦးတည်းသွားရမယ့် ခရီးအတွက် စိတ်ပူတွေးတောနေခဲ့မှာပါပဲ။ ကျမ အနားမှာ ရှိနေပြီး သူ့အမေ ခဏလောက်နားရင်း အိပ်မောကျသွားတဲ့ အချိန်မှာ ကျမကို မျက်လုံးဝိုင်းကြီးနဲ့ ကြည့်ရင်း ငိုနေတဲ့ သူ့ကို မေးမိတော့ ကြောက်တယ်..တဲ့။ ကျမ နားလည်လိုက်တာနဲ့ အတူ ရင်ထဲ မကောင်းလှဘူး..။ သူကြောက်တာ ဘာလဲ ဆိုတာ ကျမ သိပေမယ့် “ မကြောက်ပါနဲ့ သမီးရယ်.. ဘာမှမဖြစ်ပါဘူး.. ကောင်းသွားမှာပါ.. အန်တီလည်း ရှိတာပဲ..ကောင်းအောင် လုပ်ပေးမယ်နော်” လို့ အားပေးလိုက်ရပေမယ့် အယုံအကြည်ကင်းမဲ့နေတာ ကိုယ်တိုင်အသိပဲလေ။ ကဲ.. ကျမ ဘာလုပ်ပေးနိုင်မှာလဲ...။
ဗုဒ္ဓဘာသာဝင်တွေကတော့ နောက်ဆုံးအချိန်မှာ ဘဝကူးကောင်းဖို့ အာရုံကောင်းဖို့ လိုပါတယ်။ ဒေါသ လောဘ မောဘတွေနဲ့ သေသွားရင် လားရာဂတိ မကောင်းတတ်ဘူးဆိုတာ နားလည်ကြတော့ နောက်ဆုံးအချိန်မှာ သွားမယ့်သူရဲ့စိတ်ထဲ အာရုံကောင်းလေး ရသွားစေချင်ကြပါတယ်။ ဒါပေမယ့် ကံဆိုတာ ကိုယ်ပိုင်ဥစ္စာပဲလို့ ဆိုထားလေတော့ ကိုယ်လုပ်ထားခဲ့တဲ့ အာရုံတွေကိုပဲ နောက်ဆုံးအချိန်မှာ အမှတ်ရကြမှာပေါ့လေ...။ နောက်ဆုံးအချိန်ကို မပြင်ဆင်ရသေးတဲ့ တူမ ငယ်အတွက်တော့ သူ နေမကောင်းလို့ ဘုရားစာရွတ်ရင်တောင် သူ သွားရခါနီးလို့လားဆိုပြီး ကြောက်နေတတ်သူကိုး။ ဝေဒနာခံစားနေရတဲ့ အချိန်မှာ ကြီးမားပြင်းထန်တဲ့ ဝေဒနာက တဖက်.. ကြားမှုအာရုံကို ဆူညံသံအဖြစ် မှတ်ယူပြီး ဒေါသထွက်မှာလည်း စိုးရတာ တဖက်။
အမောဖောက်လာတော့ အောက်ဆီဂျင်ပေးတာကိုလည်း သူအဆင်မပြေ။ တကယ်ဆို တီထွင်တဲ့သူတွေ လူမမာအဖြစ် ခံစားပြီးမှ တီထွင်ဖို့ကောင်းတယ်လို့ စိတ်ပေါက်ပေါက်နဲ့ တွေးမိသေး။ မောနေတဲ့ကြားက လက်သီးတင်းတင်းဆုပ်ပြီး တင်းခံနေပုံကလည်း ကောက်ရိုးတမျှင်ကို အားကိုးတကြီးလိုက်ဆွဲနေသလို။ တော်ကြာ နဂိုဝိုင်းတဲ့ မျက်လုံးလေးက ပြူးကျယ်ပြီး ကြောက်လန့်တကြား စူးစိုက်ကြည့်နေတတ်တာကလည်း စိတ်မချမ်းသာစရာ။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ကို နားနားကပ် ရွတ်ဆိုနေတဲ့ မိခင်ခမျာလည်း ဆရာဝန်တယောက်မို့ သူ့သမီးရဲ့ နောက်ဆုံးအချိန်အတွက် ဘယ်လို ဖြေလို့ရပါ့မလဲ။ အသံမထွက်တော့တဲ့ သူ့အမေကိုယ်စား ကျမက အစားဝင် ရွတ်ဆိုပေးရပြန်ပါတယ်။ ဇာတ်တိုက်ထားတာ မဟုတ်တဲ့ ဘဝဇာတ်ခုံပေါ်မှာ အားလုံးက အဆင်ပြေသလို ကြည့်ကျက် က နေကြတာကိုး။ ပြဇာတ်တပုဒ်လိုတော့ အစစ အရာရာ ချိန်သားကိုက် အဆင်ပြေဖို့တော့ မလွယ်လှပါဘူးလေ..။
သူ အိပ်မောကျသွားတယ်.. အားလုံးက ဘေးမှာ လိုက်မောတာ နဲနဲ ရပ်ပြီး အပြင်ထွက် အသက်၀ အောင် ရှူကြပြန်ပါတယ်။ တိတ်ဆိတ်ငြိမ်သက်ခြင်းမှာ သူကတော့ အိပ်မောကျလို့.. ခုနတုန်းက မောပန်းခက်ခဲနေတဲ့အချိန်မှာ လာလိုက်ကြတဲ့ ဖုန်းသံတွေလည်း အခုကျတော့ တိတ်ဆိတ်သွားပြန်ပြီ။ တခါတခါ လူတွေရဲ့ မသိတတ်မှုက စိတ်ကုန်စရာပါပဲ။ ကျမအလှည့်ဆိုရင်တော့ ဟမ်းဖုန်းတွေ အကုန်ပိတ်ထား.. မပိတ်နိုင်ရင်လည်း အပြင်မှာသာ ထားခဲ့ကြဖို့ မှာထားခဲ့ရမယ်လို့ စိတ်ထဲ တေးထားလိုက်ပါတယ်။
သူ့ရဲ့ ဆရာဝန်ရောက်လာပါတယ်။ ဘယ်အချိန်က သတိလစ်သွားတာလဲ.. တက်သွားသေးလား.. ဘယ်နေရာ bleeding ရသေးသလဲ.. ခေါင်းတအားကိုက်တယ်ဆိုတာကတော့ ဦးနှောက်ထဲ bleeding ရသွားတဲ့ ပုံပါပဲ ဆိုတဲ့ နောက်မှာတော့ အားလုံးက ငြိမ်သက်။ ဘုရားစာရွတ်ဖို့ စိတ်ကူးနေတဲ့ ကျမလည်း သူ မကြားနိုင်တော့ပြီပဲ လို့ အားလျော့သွား။ သူ့အမေကတော့ တိတ်တိတ်ရှိုက်ကာငို...။ ကိုးရီးယားကားတွေထဲမှာတော့ သတိလစ်သွားလည်း စကားပြောနေကြသေးတာပဲ.. ကြားရင်လည်း ကြားနိုင်တာပဲလို့ အားတင်းပြီး သူသတိရှိစဉ်က ရွတ်ဖို့ တွေဝေနေခဲ့တဲ့ ပရိတ်ကြီး ဆယ့်တစ်သုတ်ကို သူကြားရရုံသာ ရွတ်ပေးနေမိပါတယ်။ ခဏအကြာမှာတော့ သူတချက်လှုပ်ရှားလာပြီး တက်သလို ဖြစ်သွားပါတယ်။ ခဏလေးမှ တကယ့်ခဏလေးပါ.. မြှောက်နေတဲ့ လက် ဖုတ်ကနဲ ပြုတ်အကျမှာတော့ တခါတည်း ငြိမ်သက်သွားပါတော့တယ်။ မျက်ခွံက တုန့်ပြန်မှုတွေ ငြိမ်သက်သွားတာ အတည်ပြုပြီးတဲ့ အချိန်မှာ နေ့လည် ၁၂ နာရီတိတိ။ ECG နဲ့ ထပ်ဆင့် အတည်ပြုပြီးသွားတော့ လွတ်လပ်စွာ ငိုကြွေးနိုင်ကြပါပြီ။
သွားတော့ ပုံ့လေးရေ.. သွားပေတော့... သံသရာခရီး မဆုံးသရွေ့တော့ တို့တွေ အားလုံးဟာ သံသရာခရီးသည်အချင်းချင်းတွေပဲပေါ့လေ။ ကိုယ့်လမ်းကိုယ်လျှောက်ကြရင်း တစ်ယောက်ကို တစ်ယောက် အကျိုးပြုဖြစ်ခဲ့ကြတယ်ဆိုရင်တော့ ဝမ်းသာစရာပါ။ ကြီးတယ် ငယ်တယ် မဟူ ဒီတရားတွေကို ရှောင်လွဲှလို့ မရစကောင်းတာ လက်တွေ့ တရားပြခဲ့တဲ့အတွက်လည်း ကျန်ရစ်သူမိသားစုက ကြေကွဲမှုတွေကြားက သံဝေဂ ရနေကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ပုံ့လေးရေ.. ကောင်းရာသုဂတိလားပါစေကွယ်...။
(၃၀.၇.၂၀၀၉ ၌ ဘဝတစ်ပါးသို့ ကူးပြောင်းသွားရှာတဲ့ တူမလေးအား ရည်စူးပါသည်)
Comments
ကလေးတယောက်အနေနဲ့ ခံစားရတာ မမျှလိုက်တာ။
ကောင်းရာသုဂတိလားပါစေလို့သာ...
အသက်ငယ်ငယ်လေးနဲ့..
ထပ်တူထပ်မျှ
ငိုကြွေးခဲ့ရပါတယ်။
ကျွန်မ တို့ လောကမှာတတ်နိုင်တာ
သိပ်များများစားစာ မရှိဘူး မသိဂီ င်္.....
တတ်နိုင်သလောက်မေတ္တာတရားကိုပဲ
ပေးနိုင်ဖို့ ကြိုးစားကြတာပေါ့
သွားလေသူလေးရေ ရပ်ပြစ်ရှစ်ပါးမှ ကင်းလွတ်ပါစေ...
ငယ်ငယ်လေးနဲ့ ကြုံရတာ စိတ်မကောင်းလိုက်တာ...
ကိုယ်လဲအမေတယောက်ဆိုတော့ သူ့အမေနဲ့ ထပ်တူခံစားရတယ်။
လူကီးမီးယား ထင်တယ်နော်...
စိတ်မကောင်းလိုက်တာ...
တူမလေး ကောင်းရာမွန်ရာရောက်ပါစေ လို့ ဆုတောင်းပေးနေပါတယ်...။
ဘာလို့အဲ့လိုဖြစ်တာလဲမသိဘူး.. သနားပါတယ်..
သူ့နေရာမှာ ကိုယ့်ကိုယ်ကိုယ်ရော ကိုယ့်နှမ၊ ကိုယ့်ညီလေးတွေအစားထိုးပြီး ခံစားကြည့်ရင် တကယ်ကို မျက်ရည်ကျရပါတယ်.. သူ့မိသားစု ထပ်တူထပ်မျှပါပဲ အန်တီtg
ဒီပို့စ်လေးအတွက် တကယ်ကိုကျေးဇူးပါ..
ကောင်းရာမွန်ရာရောက်ပါစေ။