Skip to main content

တစ်ဦးတည်းသော သမီး။

ကျမသည် တစ်ဦးတည်းသော သမီး ဖြစ်ပါသည်။

ထိုသို့ဆိုလျှင် မင်္ဂလာဆောင်ဖိတ်စာကမ်းစဉ်က ဖိတ်စာကို ဖတ်ရင်း ဇဝေဇ၀ါနှင့် အမေးခံခဲ့ရသော မေးခွန်းတစ်ခုကို အမှတ်ရမိပါသည်။ “သမီးတို့က မောင်နှမ သုံးယောက်  ရှိတာ မဟုတ်လား”..တဲ့။  “ဟုတ်ကဲ့..    ဒါပေမယ့် ကျမ က သမီးတစ်ယောက်တည်းမို့ တစ်ဦးတည်းသော သမီးပါ..” လို့ အနည်းငယ် ရဲတင်းစွာ ပြန်ဖြေခဲ့မိတာတွေကိုလည်း မှတ်မှတ်ရရ။ 

ဘယ်သူတွေ ဘယ်လို ဆိုနေပါစေ..ကျမ ဖွင့်ဆိုတဲ့ အဘိဓာန်မှာတော့ ကျမသည် တစ်ဦးတည်းသော သမီးသာ ဖြစ်သည်။ ဒါမှမဟုတ်.. တစ်ဦးတည်းသော အဖြစ်သည် ကျမရင်ထဲ စွဲနစ်နေခဲ့သည်လည်း ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။

တချို့သော မောင်များ၍ နှမ တစ်ဦးတည်းသာ ရှိသော  နှမများသည်  ယောကျာင်္းလေးဆန်စွာ ပွင့်လင်း သွက်လက် ထက်မြက်ကြသည်။ တချို့လည်း သိုဝှက် မျိုသိပ်နေတတ်သူများ ဖြစ်နေကြသည်။ တချို့လည်း မိန်းကလေးသူငယ်ချင်းများကို ခင်တွယ်လွန်းလှသည်...။ တချို့လည်း မိန်းကလေးဖြစ်လျှက် မိန်းကလေးများနှင့် သိပ်ပေါင်းမရ ဖြစ်လာကြသည်။

ကျမသည်လည်း.....။ တခါတရံ ပွင့်လင်းသယောင်ရှိ၍ တခါတရံ မျိုသိပ်နေတတ်သူ ဖြစ်နေတတ်ပြန်သည်။ တခါတရံ သူငယ်ချင်းများကို ညီအစ်မကဲ့သို့ ခင်တွယ်တတ်လွန်းသလို တခါတရံတော့လည်း အမျိုးသမီးများ စကားဝိုင်းသို့ ၀င်မဆန့်သူ ဖြစ်ရပြန်ပါသည်။

ကျမနှင့် တစ်နှစ်သာကွာသည့် အစ်ကိုသည် ငယ်ငယ်ကတည်းက မတည့်၊ တကျက်ကျက်နဲ့ ရှိခဲ့ပါသည်။ လေးနှစ်ခန့်ကွာသော မောင်ငယ်ကျပြန်တော့လည်း အစ်မကြီးတယောက်လိုသာ ဖြစ်ပြီး သူငယ်ချင်းလို မရင်းနှီးဖြစ်ခဲ့ပါ။  အလတ်ဖြစ်သော ကျမသည် အကြီးကို ဦးစားပေးသော မိသားစုဝင်ဖြစ်လာရကာ တစ်ခုခုဆို အကြီးကိုဦးစားပေး၍ အငယ်ကိုကျ ညှာတာရပြန်ပါသည်။ တစ်နှစ်သာ ကွာပေသည့် ကိုကိုသည် အခွင့်ထူးခံဖြစ်ခဲ့သည်ကို ကျမ မနာလိုမရှုစိမ့် ဖြစ်ခဲ့ဟန်တူပါသည်။ ဒါမှမဟုတ် အနိုင်ကျင့် ဗိုလ်ကျခံရတာကို မတရားဟု ထင်မြင်ကာ မကျေနပ်ခဲ့တာလည်း ဖြစ်နိုင်သည်ပဲလေ။ ကျမမှာ မကျေနပ်တာကို ပြန်ပြောဖို့ အခွင့်မရှိခဲ့ပါ... ကျမသည် သမီးအလိမ္မာသာ ဖြစ်ချင်ခဲ့သည်ကိုး။ 

သို့နှင့်.. ငယ်စဉ်ကတည်းက  ကျမ၏ အဖော်သည် ဗလာစာအုပ်တွေထဲက နာကျည်းပေါက်ကွဲမှု စာလုံးတွေ ဖြစ်လာခဲ့သည်။ 
ကျောင်းတွေတက်ပြီး သူငယ်ချင်းတွေ ရလာတော့လည်း ကျမ ခံစားချက် နက်နက်ရှိုင်းရှိုင်းတွေကို မဖွင့်ပြတတ်သလို မတိုင်ပင်တတ်တော့ပါ။ မထိန်းမသိမ်းနိုင်အောင် လျှံကျလာတာမျိုး၊ ဒါမှမဟုတ်.. ဟန်ဆောင်မှုမှာ ညံ့ဖျင်းတဲ့ ကျမကြောင့် သိသာထင်ရှားနေတာမျိုးဆို သူတို့ သိနိုင်ပေမည်။ ကျမအကြောင်းတွေကို သူငယ်ချင်းတွေကို ပြောလို့ သူတို့တတွေ အားနာပါးနာ နားထောင်နေရမှာကို အားနာလှသည်။ ကျမ ခံစားချက်တွေ ရင်ဖွင့်ရမှာ သိမ်ငယ်သလို ခံစားမိသည်။ ဒါမှမဟုတ် မလုံခြုံသလို ခံစားရတာလည်း ဖြစ်ကောင်းဖြစ်မည်။ 
 အမှန်တကယ်တော့.. ညီအစ်မဆိုတဲ့ သွေးသားတော်စပ် ခံစားမှုမျိုး ကျမ မသိခဲ့တာ ဖြစ်လိမ့်မည်ဟု ထင်သည်။

မေမေသည် သူ့ညီမနှင့် နေ့စဉ် ဖုန်းဆက်ကြသည်။ တစ်ရက်ကျော်ခန့် အဆက်အသွယ်ပြတ်လျှင်ပင် စိတ်ပူတတ်ကြသည်။ သူတို့ ညီအစ်မအချင်းချင်း ရင်တွင်းစကားတွေ ရင်ဖွင့်တိုင်ပင်ကြသည်။ အချင်းချင်း အားပေးကူညီကြသည်။ တခါတလေ အကြောင်းမတိုက်ဆိုင်လျှင် စိတ်ကောက်ကြမည်။ ပြီးလျှင်တော့ ဒီညီအစ်မနှစ်ယောက်ပဲ တိုးတိုးဖော်ဖြစ်ကြပြန်သည်။ သူတို့ ယောင်းမ အတင်း တိုးတိုးတိတ်တိတ် ဆိုကြမည်။ သူ့ဘက် ကိုယ့်ဘက် သားသမီးတွေအကြောင်း ဖလှယ်ကြမည်။ ပြီး... နှုတ်လုံလှစွာ.. ထိန်းသိမ်းတတ်ကြသည်။ သားအမိချင်းသည်ပင် သူတို့ညီအစ်မလောက် ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး ပြောစရာ စကားမရှိခဲ့။

ကျမတွင် ဟိုဘက် သည်ဘက် သမီးယောင်းမ နှစ်ယောက်စီ ရှိကြပါသည်။
သမီးယောင်းမတို့၏ ထုံးစံအတိုင်း စကား မလွန်သွား၊ မမှားသွားရလေအောင် ဆင်ခြင်စီစစ်ပြီးမှ ပြောရပါသည်။ ထိုအချက်သည် ကျမအတွက်တော့ ထွေထွေထူးထူး ထိန်းသိမ်းနေစရာ မလိုပါ။ ကျမနှင့် အဆင်ပြေသော သူများသာဖြစ်၍လည်း အခက်အခဲမရှိလှပါ။ ခက်သည်က အခုတလော ကျမအတွက် ညီမ သို့မဟုတ် အစ်မ တစ်ယောက်လောက် လိုချင်နေခြင်းပင်ဖြစ်သည်။ ဘယ်သူတွေ  ဘယ်လိုပဲ ရင်းနှီးတယ်ပြောပြော သွေးသားရင်းချာ ညီအစ်မတွေလောက်တော့ ရင်းနှီးလိမ့်မည် မဟုတ်ဟု ထင်နေပြန်ပါသည်။ အစ်မဖြစ်သူ ဆေးရုံပေါ်မှာ သမီးဇောနဲ့ စိတ်ရှုပ်နေချိန်မှာတောင် အဝေးတနေရာမှ အိမ်တွင်းရေးပြဿနာကို ရင်ဖွင့်လို့ ရသည့် ညီမရဲ့ အဖြစ်ဟာလည်း ကျေနပ်စရာပဲလေ။ ဒါမှမဟုတ်... ဒုက္ခသောကတွေနှင့် လူမှုရေးအခက်အခဲတွေ ကြားထဲမှ  ညီမကို အားပေးလို့ ရနေခဲ့တဲ့ အစ်မတစ်ယောက်ရဲ့ နှစ်သိမ့်အားပေးမှုကလည်း လိုအပ်တဲ့ အရာပဲ မဟုတ်ပေဘူးလား။

သို့သော်...
ကျမသည် တစ်ဦးတည်းသော သမီး အဖြစ်ကို ဆက်လက်၍ ခေါင်းမာစွာ ဆုပ်ကိုင်ထားဆဲ......။

Comments

စူး said…
"သို့နှင့်.. ငယ်စဉ်ကတည်းက ကျမ၏ အဖော်သည် ဗလာစာအုပ်တွေထဲက နာကျည်းပေါက်ကွဲမှု စာလုံးတွေ ဖြစ်လာခဲ့သည်။ "

"ဘယ်သူတွေ ဘယ်လိုပဲ ရင်းနှီးတယ်ပြောပြော သွေးသားရင်းချာ ညီအစ်မတွေလောက်တော့ ရင်းနှီးလိမ့်မည် မဟုတ်ဟု ထင်နေပြန်ပါသည်။"

အမ...ကိုယ့်မှာရှိတဲ့ အခင်ဆုံး သူငယ်ချင်းကို ရင်ဖွင့်လိုက်တာ ပိုကောင်းပါတယ်။
အမခံစားချက်ကို ထပ်တူကျစွာခံစားခဲ့ရသူပါ။
အခုတော့လဲ ... တခါတလေ တမ်းတမိတာက လွဲလို့.. နေတတ်အောင်နေနိုင်အောင်.. ကိုယ့်ရဲ့ သူငယ်ချင်း ထက်ပိုခင်တဲ့ သူငယ်ချင်းဆီမှာ.. ရင်ဖွင့်လိုက်ပါတော့တယ်..။

အမရေးတဲ့စာကို ခံစားပီးဖတ်သွားပါတယ်။

ဘဝမှာ မိသားစုဆိုတာ ဘယ်သူမှ ရွေးချယ်ပိုင်ခွင့်မရှိခဲ့ဘူးးအမ..။ ဘဝအဖော်ဆိုတာတောင် ကံတရားက သတ်မှတ်ပေးပီးသားကိုးး
ကိုယ်ရွေးချယ်ခွင့်ရှိတာ အသေအချာဆုံးက ကိုယ့် သူငယ်ချင်းပါပဲ..။
ThuHninSee said…
တစ်ဦါ်တည်သော သမီးဖြစ်သလို ချစ်သူရဲ့ တစ်ဦးတည်းသောဇနီးလည်းဖြစ်ပါသည်။း)
ညီမတော်မလား..ရတယ်လေ။ နားတော့ပူမယ်နော်။
အဟဲ။
PAUK said…
ကျွန်တော့ကို ရွေးပါ..
ကျွန်တော့ကိုရွေးပါ..
ညီမအဖြစ် ကျွန်တော့ကိုရွေးပါ..
အဟီးး...
ကျွန်တော်ကတော့ အကြီးဆုံးသမီးး..
ညီမတစ်ယောက်ရှိပါတယ်..
သူက အငယ်ဆုံး..
တခါတလေလည်း ကျွန်တော်က အနိုင်ကျ..
တခါတလေလည်း..သူက ဗိုလ်ကျ..
(သူအားငယ်နေချိန်မှာ ဖုန်းအမြဲဆက်ဖြစ်တတ်ပါတယ်..)
ပျင်းရင်ကိုယ့်အောက်က မောင်နဲ့လည်း ဖုန်းအမြဲပြောဖြစ်ပါတယ်..(၁နာရီလောက်..ဟီးး)
ရင်တွင်းစကားကို အမေနဲ့လည်း ပြောဖြစ်ပါတယ်..( အမြဲလိုလို..)
ရင်းနှီးတဲ့သူငယ်ချင်းတွေနဲ့လည်း စိတ်ထဲရှိတာပြောတတ်ပါတယ်..
MANORHARY said…
ညီမတော်ချင်တယ်ဆို ပြန်လာခဲ့မယ် .. အတည်း))
ညီမတွေ အစ်မတွေ လိုချင်လွန်းလို့ ငယ်ငယ်ထဲကမေမေ့ကိုပူစာခဲ့တာလေ မရခဲ့ပါဘူး သူငယ်ချင်းရယ်။

ဒါပေမဲ့တဦးတည်းသောသမီးအဖြစ်နဲ့တော့ ခေါင်းမာပြီး နေမနေပါနဲ့နော်။ စိတ်လျှော့ပြီးအကောင်းမြင်လိုက်ပါ ပေါ့သွားလိမ့်မယ်ထင်တာပဲ။ ဟီးဟီးဆရာလုပ်ကြည့်တာ။

ငါတော"့--"ဆီကနားငှားထားတယ် ဟဲဟဲ။
kay said…
မရေ- ကိုယ်ချင်းစာ တယ်လို့ ပြောလို့မရပေမဲ့..နားလည်ပါတယ်။ ဘာလို့ဆို..ကျမမှ ညီအမတွေ..လက်တဖက် မက ရှိနေလို့..

မပူပါနဲ့လေ..သမီးကြီးရင်.. Buddy လေး ဖြစ်မှာပါ။
မီယာ said…
မသိင်္ဂီ အသစ်ရေးပါဦးလို့ ပူဆာမလို့လာတာ... အသစ်ဖတ်ရလို့ ကျေးဇူးပါ။ အမကို ကိုယ်ချင်းစာတယ်။ အရမ်းခင်ရတဲ့ သူငယ်ချင်းတွေ ရှိရင် သူတို့ကို ညီမ အမတွေလို့ သဘောထားပြီး ရင်ဖွင့်ပေါ့ အမရယ်။ အဝေးမှာ ရောက်နေတဲ့ သူငယ်ချင်းတွေကို ပြောထားတယ်။ စိတ်ညစ်စရာ ရှိရင် ပြောလို့ရတယ်လို့။ တယောက်အပူ တယောက် ဒီလိုပဲ ဝေမျှရတာပဲ အမရယ်။
ညီမလည်း တဦးတည်းသော သမီးပဲ
တချို့အကျင့်တွေ တူတယ် သိလား အစ်မး)
ဘာပဲဖြစ်ဖြစ် ပျော်ပါစေနော် ..း)
tg.nwai said…
စူးရေ>>> ဟုတ်ပါတယ်...ဒါကတွေ ရှေးက ကံအတိုင်းပေါ့လေ...လက်ခံပါတယ်လေ.. တခုခုဖြစ်ရင်လည်း ပြောလို့ ဆိုလို့ ရင်ဖွင့်လို့ရတဲ့ သူငယ်ချင်းတွေရှိတဲ့ အတွက်လည်း ၀မ်းသာခဲ့ပါတယ်။ ကျေးဇူးပါ စူးရယ်..။

မွန်၊ ပေါက် >>> အွန်လိုင်းပေါ်က ကောက်ရတဲ့ ညီမလေးတွေလေ.. ချစ်ဖို့ သိပ်ကောင်းပေါ့..ဟဲဟဲ

မနော်>>> တကယ်လားဟင်။ ပြန်လာခဲ့နော်..နောက်တော့မှ...ဟဲဟဲ

TK>>> အတူတူပဲလေ..ငါ ငှားထားတဲ့ နားကတော့ Idle ဖြစ်နေတာဟ။

K >>> အားကျမိတဲ့ အထဲမှာ ကေလည်း ပါတယ်လေ..ကေ ပို့စ်တွေထဲမှာ ညီအစ်မတွေ ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင်နေကြတာတွေ ဖတ်မိတိုင်း ပျော်စရာကြီးပဲလို့ တွေးမိတယ်.. ကျေးဇူးပါ ကေ ရေ...နားလည်ပေးလို့ပါ။

မီယာ >> မီယာရေ.. ကျေးဇူးနော်. တခါတလေကျ အဲလိုပါပဲ..အခုတော့ စိတ်နဲ့ ကိုယ်နဲ့ အဆင်ပြေနေပြန်ပါပြီ..:)

မိုးခါး>>> အဟဲ..ဟုတ်လား.. အဖော်ရပြီ..ဒါကြောင့် မိုးခါးကို ခင်နေတာ ဖြစ်မယ်..ဟဲဟဲ... ပေးတဲ့ဆုနဲ့ ပြည့်ချင်ပါတယ် ညီမရေ...
အစ်မရေ ညီမတို့ကတော့ ညီအစ်မနှစ်ယောက်ပဲရှိတယ် ..အစ်မတော်မယ်လေ နော် ဟိဟိ
Sonata Cantata said…
မီးမီးလည်း တဦးတည်းသော သမီးပါ မေမေရှင့်

ပုံ
အန်တီတာ (မီးမီးကြည်လင်ထက်မြတ် - ကိုယ်စား)
tg.nwai said…
ညီမလေး မဆုမွန်>>> ကဲ..ကြည့်ပါဦး..ညီမလေး နောက်တယောက်တိုးလာပြီနော်..ဟဲဟဲ..

သီတာ>>> ဟုတ်တယ် သီတာရေ..အကိုတွေကလည်း သူ့ကို ချစ်ကြပါတယ်။ သူ့အကိုငယ်နဲ့ သူက ကစားဖော်ကစားဖက်။ နောက်ပြီး..သူက အိမ်မှာ ဦးစားပေးခံရတဲ့သူလေ..အငယ်ဆုံးပေမယ့် ဗိုလ်အကျဆုံးဆိုတော့ သူကတော့ အစ်ကိုတွေကတောင် လိုက်ဆွဲနေရမယ့် တဦးတည်းသော သမီးဖြစ်မှာ..:)
မ ရေ… ငယ်က တဦးတည်းသောသမီးမဟုတ်ပေမယ့် တင်းကျပ်လွန်းတဲ့  စည်းကမ်းတွေကြောင့် အဲလို ဗလာစာအုပ်ပေါ်ရင်ဖွင့်ခဲ့ဖူးတယ် သိလား မ… ဒီပို့ စ်လေးဖတ်ပြီး သားအတွက် အဖော်လေးတယောက်မွေးချင်စိတ်တောင်ပေါက်သွားတယ် မ ရယ်… ဒါပေမယ့် မ ရယ်.. တခါတလေကျတော့လဲ မောင်နှမသားချင်းတွေ ညီအမတွေ ရှိပြီး အထီးကျန်နေသူတွေလဲ ရှိကြတယ်… ဒါကြောင့် နဘေးမှာ မေ့ဆေးလေးရှိနေတဲ့ ဘ၀ကို ကျေနပ်လိုက်နော်… ပြီးတော့… ဒီက ညီမလေးကို မမေ့ပါနဲ့  မ ရေ… ဒီဘ၀မှာ ခုလို ဆုံတွေ့ ခွင့် ခင်မင်ခွင့်ရတာ ဟိုဘ၀က ညီမအရင်းတွေဖြစ်နေခဲ့ရင် ဖြစ်နေခဲ့မှာပေါ့… မ ရေ… ရင်ဖွင့်စရာရှိရင် အီးမေးလ်ပို့ လိုက်နော်… ဖေ့စ်ဘွတ်ထဲကလဲ ရတယ်… ဒီတခေါက်ပြန်လာရင် ဆုံဖြစ်အောင်ဆုံကြတာပေါ့… ဘ၀အမောတွေ ဝေမျှဖို့ လေ… ပျော်ရွင်စရာတွေလဲ ပါတာပေါ့…
Unknown said…
Do know sometime "very noisy"? ha ha
Unknown said…
အတူတူပါပဲ... ဒီကလည်း အစ်ကိုတစ်ယောက်၊ မောင်တစ်ယောက်နဲ့ တစ်ဦးတည်းသောသမီး... ပွင့်လင်းသလိုလို သိုသိပ်တယ်... ကျားမဆန် မ မကျနဲ့နေပါတယ်... ကိုယ်ချင်းစာပါတယ်.. တကယ်... ရင်ဖွင့်ဖော်အရင်းနှီးဆုံးလူသားတစ်ယောက်တောင့်တတဲ့ ခံစားချက်ကို နက်နက်နဲနဲခံစားဖူးပါတယ်...

Popular posts from this blog

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။

မြန်မာ့နိုင်ငံရေးသမိုင်းလေ့လာချက်၊ အမျိုးသားနေ့ပေါ်ပေါက်လာပုံ- (တင်နိုင်တိုး)

ြ မန်မာ့နိုင်ငံရေးသမိုင်း လေ့လာချက် အမျိုးသားနေ့ပေါ်ပေါက်လာပုံ တင်နိုင်တိုး နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်း လဆုတ် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ထားပါသည်။ ယင်းသို့ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့အား အမျိုးသားနေ့အဖြစ် အသိအမှတ်ပြုပါရန် အဆိုပြုခဲ့သူမှာ ဂျပ်ဆင်ကော်လိပ်ကျောင်းသားဟောင်း ကိုမြင့် ဆိုသူဖြစ်သည်။ ဂျီစီဘီအေ န၀မမြောက် ကွန်ဖရင့်၏ နောက်ဆက်တွဲအဖြစ် ၁၉၂၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ ဂျူဗလီဟော (ယခုစစ်သမိုင်းပြတိုက်နေရာ) ၌ ဂျီစီဘီအေ အထူးကွန်ဖရင့်ကို ကျင်းပခဲ့ရာ ယင်းအစည်းအဝေးကြီးက အတည်ပြုပေးခဲ့ခြင်း ဖြစ်ပါသည်။ အမျိုးသားနေ့ သတ်မှတ်ရေး မန္တလေးမြို့တွင် ၁၉၂၁ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့၌ စတင်ကျင်းပခဲ့သည့် ဂျီစီဘီအေ န၀မမြောက်ကွန်ဖရင့်၏ စတုတ္ထနေ့ဖြစ်သော အောက်တိုဘာလ ၂၄ ရက်နေ့တွင် အမျိုးသားနေ့ သတ်မှတ်ရေးကိစ္စကို ဆွေးနွေးခဲ့ကြသည်။ ထိုနေ့ အစည်းအဝေး၏ သဘာပတိမှာ ဦးချစ်လှိုင်ဖြစ်ပြီး အမျိုးသားနေ့ သတ်မှတ်ရန် အဆိုသွင်းခဲ့သူမှာ ကန်ကြီးထောင့်မှ ဦးဘသော်ဆိုသူ ဖြစ်ပါသည်။ ဦးဘသော်က မြန်မာ တမျိုးသားလုံးအတွက် အရေးကြီးလှသော အမျိုးသားနေ့ဟူ၍ သတ်မှတ်သင့်ကြောင်း အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။ ဥ...

အမှတ်တရ...

၁၉၈၈-ခုနှစ်ရဲ့ မတ်လ ၁၁-ရက်နေ့... အဲဒီနေ့က ကြို့ကုန်းက ရန်ကုန် စက်မှုတက္ကသိုလ်ဝင်းထဲမှာ  စည်ကားနေကြတယ်လေ..။ စုပေါင်း သွေးလှူပွဲ ရှိတာကိုး။ ကျောင်းသူ ကျောင်းသားတွေလည်း စိတ်အားထက်သန်စွာ ကိုယ့်သွေးတွေကို ပေးလှူခဲ့ကြတယ်..။  (အဲဒီနေ့ သွေးလှူပွဲကတော့ ၀မ်းမြောက်စွာနဲ့ပေါ့...) ကျမလည်း သွေးလှူဖို့ ရည်စူးထားခဲ့လို့  အဲဒီ အလှူပွဲ ၀င်နွှဲခွင့်ကြုံခဲ့သေးပါတယ်.... အဲဒါ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်များတောင် ဖြစ်မလားမသိ...။ ပြီးတော့ သွေးလှူရှင်တံဆိပ်လေးတစ်ခုရယ်.. သွေးလှူမှတ်တမ်းကဒ်လေးရယ်.. ကြက်ဥပြုတ်လေး တစ်လုံးရတာတော့ မှတ်မိနေခဲ့တယ်...။ ပြီးတော့ အဲဒီ သွေးလှူရှင်တံဆိပ်ကလေးကို တစုံတယောက်ကို မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့လိုက်တယ်... အဲဒီနေ့က သူ့ မွေးနေ့ပါ.....။ သူ့မွေးနေ့မှာ ကိုယ်ရည်စူးလှူဖြစ်ခဲ့တဲ့ သွေးအလှူဟာ  လိုအပ်နေတဲ့ တစ်စုံတစ်ယောက်အတွက် အထောက်အကူဖြစ်ခဲ့ရင်.. သူရော ကိုယ့်အတွက်ပါ မွန်မြတ်တဲ့ အလှူဖြစ်စေဖို့ပါ...။ သွေးလှူပြီးပြီးချင်းပဲ  ရန်ကုန်ကနေ  မိဘတွေရှိတဲ့ ပဲခူးကို လိုင်းကားနဲ့ ပြန်လာတော့ ခေါင်းတွေ  တအားမူးနေလို့ မရပ်နိုင်ပဲ အတူလိုက်လာတဲ့ သူငယ်ချင်းရဲ့ လက်ကိ...