ဒီနေ့ တော်သလင်း လကွယ်နေ့အတွက် တရားဓမ္မလက်ဆောင်အဖြစ် ဒေါက်တာသိန်းလွင် ဘာသာပြန်ဆိုထားတဲ့ (မူရင်း Buddhism in a Nutshell by NARADA MAHA THERA) ဗုဒ္ဓ ဓမ္မ အနှစ်ပြ စာအုပ်မှ တချို့ကို ကောက်နှုတ်ဖော်ပြပေးလိုက်ပါရစေ။ အခုတလော အီးမေးလ်တွေကနေ လက်ခံရရှိတဲ့ ဘာသာရေးဆိုင်ရာ စာတွေနဲ့ ပတ်သက်ပြီး တွေးတောဆင်ခြင်မိတာလေးတွေလည်း ရှိလာပါတယ်။ ကိုယ်တိုင်က ကိုယ်ခံအားမကောင်းခဲ့ရင် ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ ဟုတ်နိုးနိုး ဖြစ်မိနေခဲ့ရင် အယူတိမ်းမိသွားမှာစိုးတာလည်း ပါပါတယ်။ သေချာတာကတော့ နိဗ္ဗာန်ဆိုတဲ့ ရည်မှန်းချက်ပန်းတိုင်ကို ဖြတ်လမ်းနဲ့တော့ မရောက်နိုင်ဘူး ဆိုတာပါပဲ..။
@@@@@@@@@@@
- ဗုဒ္ဓဟောကြားခဲ့သော တရားဓမ္မများသည် စာအုပ်များတွင်သာ သိမ်းဆည်းထားဖို့ မဟုတ်သကဲ့သို့ပင် သမိုင်းရှုထောင့်၊ စာပေရှုထောင့် သက်သက်မှ လေ့လာဖို့လည်း မဟုတ်ပါ။ ဗုဒ္ဓဟောသော တရားဓမ္မများမှာ လေ့လာမှတ်ယူပြီး နေ့စဉ်နေ့တိုင်း လုပ်ကိုင်မှုတွင် ကျင့်ကြံအားထုတ်ဖို့ ဖြစ်ပါသည်။ နေ့စဉ်လုပ်ငန်းများတွင် ကျင့်ကြံအားထုတ်မှု မရှိလျှင် အမှန်တရားကို ရနိုင်၊ ခံစားနိုင်မည် မဟုတ်ပါ။
- ဗုဒ္ဓလမ်းစဉ်တွင် ဗုဒ္ဓဓမ္မ၌ သက်ဝင်ယုံကြည်သူများထံမှ မျက်စိမှိတ် ယုံကြည်မှုမျိုးကို တောင်းဆိုခြင်းမရှိပါ။ မျက်စိမှိတ်ယုံကြည်မှုအစား ကိုယ်ပိုင်အသိ၊ ကိုယ်ပိုင်သတိဖြင့် အပြည့်အ၀ လက်ခံယုံကြည်စိတ်ချမှုကို အလေးအနက် တန်ဖိုးထားပါသည်။
- ဗုဒ္ဓလမ်းစဉ်အရ ဦးစွာလုပ်ရမည့်အချက်မှာ ကျိုးကြောင်းဆင်ခြင်ခြင်း၊ သို့မဟုတ် ကျိုးကြောင်းညီညွတ်စွာ နားလည်အောင် ကြိုးစားဖို့ပင်ဖြစ်သည်။ ပါဠိလိုအားဖြင့် သမ္မာဒိဌိ ဟူသော မှန်ကန်သော အယူရှိဖို့အတွက် ကျိုးကြောင်းဆက်စပ်စွာ စဉ်းစားဆင်ခြင်တတ်ဖို့ လိုပါသည်။
အမှန်တရားကို ရှာသူများအား ဗုဒ္ဓက အောက်ပါအတိုင်း လမ်းညွှန်ခဲ့ပါသည်။
- သူတပါးထံမှ တဆင့် ကြားဖြင့် မှန်ပြီဟု အတည်မယူကြကုန်လင့်။
- ရှေးအဆက်ဆက် ဆောင်လာခဲ့သော အစဉ်အလာဖြစ်၍လည်း မှန်ပြီဟု အတည်မယူကြကုန်လင့်။
- ကောလာဟလ ကြားရသည်များကို ဆင်ခြင်သုံးသပ်ခြင်းမရှိဘဲ ဤသို့ ဖြစ်ရသတတ်ဟူ၍ မှန်ပြီဟု အတည်မယူကြကုန်လင့်။
- ကျမ်းဂန်လာစကားဟု ဆိုရုံမျှနှင့်လည်း မှန်ပြီဟု အတည်မယူကြကုန်လင့်။
- မိမိဉာဏ်အမြင်ဖြင့် သုံးသပ်ရုံမျှဖြင့်လည်း မှန်ပြီဟု အတည်မယူကြကုန်လင့်။
- ကြံဆယူခြင်းဖြင့်လည်း မှန်ပြီဟု အတည်မယူကြကုန်လင့်။
- သင်၏ ကြိုတင်ယူဆချက်နှင့် ကိုက်ညီနေသဖြင့်လည်း မှန်ပြီဟု အတည်မယူကြကုန်လင့်။
- လက်ခံနိုင်စရာ ဖြစ်သည်ဟု ထင်ရရုံဖြင့်လည်း မှန်ပြီဟု အတည်မယူကြကုန်လင့်။
- ပြောဆိုသူသည် လေးစားလောက်သော ပုဂ္ဂိုလ်ဖြစ်ရုံမျှဖြင့်လည်း သူ့ပြောစကားသည် မှန်ပြီဟု အတည်မယူကြကုန်လင့်။
ကိုယ်တိုင်သိအောင် လုပ်ပါ။
ကိုယ်တိုင်သိအောင် ကြိုးစားရှာဖွေရာမှ ဤအမှုကိစ္စသည် မြင့်မြတ်ကောင်းမွန်သော ကုသိုလ်အမှုကိစ္စ ဖြစ်သည်။ အပြစ်မရှိသော ကိစ္စဖြစ်သည်။ ပညာရှိတို့ ချီးကျူးသော ကိစ္စဖြစ်သည်။ ထိုအမှုကိစ္စများကို တကယ်လက်တွေ့ အားဖြင့် ဆောင်ရွက်သည့်အခါတွင်လည်း ချမ်းသာမှုကို ဖြစ်စေလျှင် ထိုအမှုကိစ္စကို ဆောင်ရွက်ပါ။
နောက်ဆက်တွဲပါ...
သူငယ်ချင်း ကော်မန့်မှာ လာရေးပေးသွားတဲ့ ဒီစာသားလေးကို သဘောကျလွန်းလို့ နောက်ဆက်တွဲအဖြစ် တပေါင်းတည်း တင်လိုက်ပါရစေ..။
-
sonata-cantata said...
- အကျင့်မပါသော အသိသည် အဖုံးမရှိသော ရေအိုးကဲ့သို့ အမှိုက်သရိုက်များ ၀င်၍ မသန့်မစင် ဖြစ်တတ်သည်ဟူသော ဆရာတော်တပါး၏ အဆိုအမိန့်ကို သတိရမိစေပါတယ်။
Comments
ကိုယ်တိုင်သိအောင်လုပ်ဖို့ တရားကိုနေ့စဉ်ဘဝမှာလည်း ကိုယ်တိုင်ကျင့်သုံးတတ်ဖို့ အရေးကြီးတယ်ဆိုတာကို မှတ်သားသွားပါတယ်။
မမသီတာရေးသွားတာလည်း မှတ်သားစရာပါ
ခင်မင်စွာဖြင့်
သီဟသစ်