ကျွန်မဟာ သာမန်ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထားကြသူတွေပါ။
သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄-ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄-ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာမည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက်လို့ပဲ ထင်တာပါ (အဲဒီလို အထင်ကြီးခံရတာ)။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။
အဖေ့ အပေါင်းသင်းတွေကလည်း “ဆရာ...သမီးကို ဆရာဝန်လုပ်ခိုင်း ။ ဆေးကျောင်းတက်ခိုင်း” ပေါ့။ အမေ့ အပေါင်းသင်းတွေကလည်း ထိုနည်းလည်းကောင်း။ ကျွန်မရဲ့ ဆရာတွေကလည်း သူ့နည်းသူ့ဟန်နဲ့ သူတို့ဘာသာရပ်အလိုက် အမှတ်စာရင်းလိုက်ပေါ့။ အင်း ဆေးတော့ မသေချာဘူး။ စက်မှုတော့ ရနိုင်တယ်။ ဘာညာပေါ့လေ။ ကာယကံရှင်ဖြစ်သူထက် ပတ်ဝန်းကျင်က ပိုတက်ကြွနေတာ (ထုံတုံတုံ အ တတ ကျွန်မကို အားမရကြဘူးပေါ့လေ)။ အရပ်ကူပါ လူဝိုင်းပါပေါ့။ ဒါက ဗဟုသုတရှိသူတွေဘက်ကပေါ့။
ကျွန်မဘေးမှာရှိတဲ့ သာမန်အရပ်သူ (ဝန်ထမ်းမိသားစုလေးပါ) တွေကကော …….။
“ဆရာကတော်ရယ် ပြောမပြောချင်ဘူး ။ ကျွန်မနဲ့ ရန်ဖြစ်ရသေးတယ်။ သူတို့က ၄-ဘာသာထွက်တာ ဟိုအမွှာထဲက တယောက်တဲ့။ ဟဲ့ ...၄-ဘာသာထွက်တာ ငါတို့ ရဲစခန်းထဲက ငါတို့ ဆရာ သမီးကြီးဟဲ့လို့ ငြင်းရသေးတယ်။ ”
“မမကြီးက (ကျွန်မတို့ ညီမနှစ်ယောက်ကို ရောက်လေရာ ဝန်ထမ်းရပ်ကွက်လေး က မမကြီး၊ မမလေးဟု ခေါ်ပါသည်။) ဆရာဝန်ကြီးဖြစ်မှာဆို။ ဒါဆို ဒေါက်တာ ညွှန်တင်တို့လို ပိုက်ဆံတွေ အများကြီးရမှာပေါ့နော်။ အဒေါ်တို့ကို ဆေးအလကားကုပေးနော်။”
“မမကြီး က ရန်ကုန် တက္ကသိုလ်မှာ ကျောင်းသွားတက်ရမှာ ဆို။ အမလေး ပျော်စရာကြီးနေမှာ။ မမကြီးရေ တက္ကသိုလ်ကျောင်းသူကြီးဖြစ်ရင်လေ ရုပ်ရှင်ထဲကအတိုင်း လှမှာ။ တက္ကသိုလ်ကျောင်းသူတွေများ လှလိုက်တာ ရက်ရက်စက်စက် တကယ်”
“မမကြီး အခုပြနေတဲ့ ကား (ရုပ်ရှင်) မှာလေ မမကြီးတက်ရမယ့် ရန်ကုန် တက္ကသိုလ်ဆိုတာပါတယ်။ သွားကြည့် ။ ခန်းနားလိုက်တာ။ အမလေး သစ်ပုတ်ပင်ဆိုတာ အကြီးကြီးပဲ။ သစ်ပုတ်ပင်ကြီးနဲ့ ဓါတ်ပုံရိုက်ခဲ့နော်။”
အဲဒီအချိန်တုန်းကတော့ ကျွန်မဟာ သူတို့အသိုင်းအဝိုင်းမှာ တက္ကသိုလ်ကျောင်းသူ လောင်းလျာအဖြစ် မဟာစံပြပေါ့။ ကျွန်မကိုယ်တိုင်လဲ သူတို့နည်းတူ တက္ကသိုလ်နောက်ခံ ရုပ်ရှင်တွေ မက်မက်မောမော ကြည့်တတ်သလို တက္ကသိုလ်နောက်ခံ ဝတ္ထုတွေကိုလဲ တရှိုက်မက်မက် ဖတ်တတ်လာပါတယ်။ ဆေးတက္ကသိုလ်၊ ရန်ကုန် တက္ကသိုလ်၊ စက်မှု တက္ကသိုလ်ဆိုတာ တက္ကသိုလ်ဝင်ခွင့်ဖြည့်တုန်းက သတိထားမိပေမယ့် တနေရာထဲမှာပဲ ရှိတယ်လို့ ထင်မှတ်နေတာပါ။ ရန်ကုန်ဆိုတာ အကျယ်ကြီးမှန်းသိပေမယ့် မှန်းထားတာက ကျွန်မနေတဲ့ မြို့ရဲ့ ဆယ်ဆလောက်ပါပဲလေ။ ဒါတောင် ရန်ကုန် ရန်ကင်း အထက(၁)မှာ ၆-တန်း ကနေ ၈-တန်းထိ နေခဲ့သေးတာ။ မိဘတွေက ကျောင်းနဲ့ ဝန်ထမ်းအိမ်ယာ အသွားအပြန်ပဲ သွားခွင့်ပေးထားတာ။ ဘာဆိုဘာမှ မသိခဲ့တာပါ။
၁၀တန်း အောင်ပြီးတော့ ၈၃-၈၄ လောက်က နာမည်ကြီးခဲ့တဲ့ “သူငယ်ချင်း သုံးယောက်ရှိလေသည်”( ကျော်ဟိန်း၊ နွဲ့နွဲ့မူ၊ ခင်သီတာထွန်း) ၊ “လွမ်းရတဲ့အဖြစ်လေးတွေ” (နေအောင်၊ ခင်သီတာထွန်း) စတဲ့ ရုပ်ရှင်ကားတွေကြည့်ပြီး ဘွဲ့နှင်းသဘင်ခန်းမ၊ သစ်ပုတ်ပင်၊ နွဲ့နွဲ့မူ နဲ့ ခင်သီတာထွန်း တို့ ဘောလီဘော ကစားတဲ့ မိုးလုံလေလုံ အားကစားကွင်း တို့ဟာ ကျွန်မရဲ့စိတ်ကူးထဲ အချိန်ပြည့် နေရာယူခဲ့ကြတာပါ။
ဒီလိုနဲ့ ဒီဇင်ဘာ ပထမပတ် (မမှားဘူးဆိုရင် ၅-ရက်နေ့ပါ) တက္ကသိုလ်ကျောင်းတွေ မဖွင့်ခင် ၂-ရက်အလိုမှာ သားအဖနှစ်ယောက် ရန်ကုန် ဆင်းလာကြ၊ နေရမယ့် သဇင်ဆောင်မှာ သမီးကိုထားခဲ့ပြီး အဖေပြန်သွားခဲ့ပါတယ်။ နယ်က ကျောင်းသူအသစ်တွေချင်း မိတ်ဖွဲ့ပြီး ၄၅၊ ဒါမှမဟုတ် နံပါတ်-၈ ကားစီးပြီး တက်ရမယ့် ကျောင်းတော်ကြီးဆီ လှမ်းခဲ့ကြပါတယ်။ ကျောင်းဝင်းထဲမှာ မသိမသာ သစ်ပုတ်ပင်ကို ရှာနေမိပါတယ်။ မတွေ့တဲ့အဆုံး အခန်းဖော် ကိုမေးကြည့်လိုက်တော့ ဟက်ဟက်ပက်ပက် ရယ်မောပြီး အဲဒါက လှည်းတန်းနားက ရန်ကုန်တက္ကသိုလ်ထဲမှာတဲ့။ သူက ရန်ကုန်တက္ကသိုလ်မှာ စံပြလမ်းစဉ်လူငယ် သင်တန်း လာတက်ဖူးသူဆိုတော့ ကျွန်မရဲ့ ဆရာမကြီးပေါ့။ ကျွန်မ သူ့ကို သစ်ပုတ်ပင်လိုက်ပြဖို့ တောင်းဆိုပေမယ့် တဦးတည်း သမီးကိုမခွဲနှိင်တဲ့ သူ့အမေက ရေဦးမပြန်သေးတော့ စနေ၊တနင်္ဂနွေ ဆို မအားရှာဘူးလေ။ တက္ကသိုလ်မြေနင်းလို့ ၂-ပတ်မြောက်ထက်ထိ သစ်ပုတ်ပင်နဲ့ ကျွန်မဝေးနေဆဲပါပဲ။
ကျောင်းပိတ်ရက် တမနက်မှာတော့ မျက်နှာချင်းဆိုင် အခန်းဖော် တောင်ငူသူ သိင်္ဂီ က မျက်နှာချိုသွေးပြီး သူ့အဖွားအိမ် အဖော်လိုက်ပေးဖို့ ခေါ်ပါတယ်။ သူ့မှာခေါ်စရာဆိုလို့ ကျွန်မတယောက်ထဲပဲရှိတယ်။ ကျန်တဲ့သူတွေက လိုက်ပို့တဲ့မိဘဆွေမျိုးတွေနဲ့ တရုံးရုံးရှိနေသေးတာကိုး။ သူ့အဖွားအိမ်က ရန်ကုန်တက္ကသိုလ်ဝင်းနားမှာလို့ ပြောပါတယ်။ ခက်တာက သူ့အဖွားအိမ်ကို လမ်းလျှောက်ပြီးပဲ သွားတတ်တယ်တဲ့။ ဘတ်စ်ကား မစီးတတ်ဘူးတဲ့လေ။ တောသူ ကျွန်မအတွက် လမ်းလျှောက်တာက ဘာအရေးလဲ။ ကျွန်မအတွက်တော့ မဟာအခွင့်ရေးကြီးပဲ။ ဘလိုင်းကြီးတော့ လက်မခံပါဘူး။ သူနဲ့ ဈေးညှိကြတယ်။ ၁) ဒီနားလေးက မေမေအဆောင်က မြို့က တစ်တန်းကြီးတဲ့ သူငယ်ချင်းဆီ ဝင်မယ်။ ၂) ရန်ကုန်တက္ကသိုလ်ဝင်းထဲက သစ်ပုတ်ပင်ကိုပြရမယ်။
နှစ်ဦးသဘောတူညီချက်ယူပြီး ကျွန်မတို့ရဲ့ ခရီးကိုစလိုက်ကြပါတယ်။ မေမေဆောင်ကနေ ပြည်လမ်းမရောက်ရင်ပဲ ကျွန်မတို့ နှစ်ယောက်ဟာ တယောက်နဲ့ တယောက် ငယ်ပေါင်းကြီးဖော်တွေလို ဖြစ်သွားကြပါတယ်။ လမ်းမှာ တယောက်အကြောင်း တယောက်မေးကြရင်း သူ့အဖိုးက သိပ္ပံမောင်ဝ လို့ပြောရော ကျွန်မတို့ လျှောက်တဲ့ လမ်းလေးဟာ တိုသွားပါတယ်။ ကျွန်မ ချက်ချင်းပဲ မေးခွန်းထုတ်လိုက်ပါတယ် “မောင်မွှေး ဘယ်အရွယ်ရောက်ပြီလဲလို့”။
အပြင်စာတွေဖတ်ခွင့် မရတဲ့ ကျွန်မအတွက် အလယ်တန်းနဲ့ အထက်တန်း မြန်မာစကားပြေ လက်ရွေးစင် တွေဟာ အဖန်တလဲလဲ ဖတ်ခဲ့ရတဲ့ ရသစကားပြေနဲ့ ဝတ္ထုတိုတွေပေါ့။ အထူးသဖြင့် သိပ္ပံမောင်ဝရဲ့ မောင်လူအေး ၊ မောင်မွှေး၊ ခင်သန်းမြင့် တို့ဟာ ကျွန်မရဲ့ အပေါင်းအသင်းတွေပါ။ အလယ်တန်းကျောင်းသူ ဘဝမှာ သင်ခဲ့ရတဲ့ နှိုက်နှိုက်ချွတ်ချွတ် ကတော့ ကျွန်မရဲ့ တသက်မမေ့စရာ မှတ်တမ်းလေးနဲ့ပါ။ မောင်မွှေး မေးတဲ့ မေးခွန်း ထဲက ငှက်တွေဘာလို့ ဖိနပ်မစီးတာလဲ ဆိုတာ ကို ဆရာမကလည်း အတန်းကိုမေးပါတယ်။ ထုံစံအတိုင်း ကျွန်မက သူတို့ခြေထောက်ကသေးပြီး ဖိနပ်ကကြီးလို့ လဲ မြန်မြန်ဆန်ဆန်ပဲဖြေလိုက်ရော ဆရာမအပါအဝင် တတန်းလုံး သောသောညံသွားတာပဲ။ ကျွန်မမှားလို့ ဆိုတာသိပေမယ့် ဘာမှားမှန်းမသိတော့ ခပ်တည်တည်ပါပဲ။ အိမ်ပြန်ရောက်မှ အဖြေမှန်ကိုသိပါတယ်။ သူတို့မှာ ခြေဖဝါးမရှိဘူးဆိုတာ။ နောက်တခါမေးရင် လာထား၊ ဖြေလိုက်မယ်လို့ အားခဲထားပေမယ့် နောက်သင်ခန်းစာ ရောက်သွားပါပြီ။
သိပ္ပံမောင်ဝကြောင့် အဖွားခေါင်းခေါက်ခံရတာကိုလဲ မကျေမနပ် အမြဲသတိတရ ရှိနေခဲ့တာပါ။ မြန်မာစာခက်ဆစ် မှာ သိပ္ပံမောင်ဝရဲ့ မိန်းမရွှင်ကို ဆရာမက ပြည့်တန်ဆာ လို့ ဖွင့်ဆိုပါတယ်။ စာကျက်နေရပေမယ့် ကျွန်မအဲဒီ အဓိပ္ပါယ်နှစ်ခုလုံးကို မသိပါဘူး။ ရှမ်းပြည်မှာမွေး နယ်စပ်မှာပဲကြီးလာကြတဲ့ ကျွန်မတို့ မောင်နှမတွေဟာ စကားလုံးတော်တော်များများ မသိပါဘူး။ စိတ်မရှည်တဲ့ အတူနေအဖွားကို အမြဲမေးလေ့ရှိတာပါ။ နောက် ၂-နှစ်လောက်မှ အဓိပ္ပါယ်လဲသိရော အလွယ်လေးကို ခက်အောင် (ကျွန်မ တော်တော်ခေါင်းစားခဲ့တာပါ။ ယုံ ) လုပ်တယ်လို့ သိပ္ပံမောင်ဝကို အပြစ်တင်ချင်ချင်ပါ။
သိပ္ပံမောင်ဝဟာ ကျွန်မရဲ့ အကြိုက်ဆုံး စာရေးဆရာထဲက တယောက်ပါ။ ဟော...အခုတော့ သူ့မြေးနဲ့ အတူ လမ်းလျှောက်နေပါပြီ။ “နင်ကော စာမရေးဘူးလားလို့” အထင်တကြီး မေးခဲ့ပါသေးတယ်။ သူရေးထားတာရှိတယ်ဆိုတဲ့ အကြောင်း ကျွန်မကို ပေးဖတ်မယ်၊ နှုတ်လုံရမယ်လို့ ပြောရင်း ကျွန်မတို့ နှစ်ယောက် ရန်ကုန်တက္ကသိုလ်ထဲ ရောက်လာပါတယ်။ ဒါ ဘွဲ့နှင်းသဘင်ခန်းမလို့ ပြတဲ့အထိ ကျွန်မ သူ့အပေါ်အထင်တကြီးရှိဆဲပါ။
ဒါ သစ်ပုတ်ပင်လို့ ပြရော သူနဲ့ကျွန်မ ပြဿနာတက်ပါလေရော။ လွမ်းရတဲ့ အဖြစ်လေးများကို ၂-ခါတိတိ ကြည့်ထားတဲ့ ကျွန်မကို သူရွှီးနေပြီ။ ရုပ်ရှင်ထဲက အပင်က အရွက်လုံးဝ မရှိဘူး အကိုင်းငေါငေါနဲ့ သူပြတာက အရွက်တွေဝေနေတဲ့ အပင်။ ကျွန်မကလည်း ရုပ်ရှင်ထဲက အတိုင်း အရွက် မရှိမှ သစ်ပုတ်ပင်။ သူကလည်း အန်တီလေးက ပြထားတာ ဒါသစ်ပုတ်ပင်။ သူနဲ့ ကျွန်မနဲ့ တူတဲ့အချက်က ကိုယ်မှန်တယ်ထင်ရင် ပေပြီး ငြင်းတယ်။ ဒါကြောင့် အငြင်းသန်တယ်လို့ အပြောခံရတတ်ပါတယ်။ မှားရင်တော့ အဟီး Sorry ပေါ့။ တခါတခါ ကျွန်မက နောက်ပြောင်ချင်တဲ့အခါ ဖြူးသူ ဓါတ်ကြူလေသံနဲ့ ပြောရရင် ဖင်ပိတ်ငြင်းတယ် ဆိုတဲ့ အစားထဲက။
မတူတာကတော့ ကိုယ်ရည်ကိုယ်သွေး (Personality) ပါ။ သူက လှုမှုရေးရာကိစ္စတွေမှာ အရမ်းတော်သလောက် ကျွန်မက အရမ်းရှော်ပါတယ်။ သူ့မှာ ပြုံးရွှင်ကြည်သာတဲ့ မျက်နှာပေး ရှိပေမယ့် ကျွန်မကတော့ နောက်ပြောင်နေတဲ့အချိန်မှာ မျက်နှာကပြောင်ချော်ချော်ဖြစ်နေပြီး ကျန်အချိန်များမှာတော့ မှုန်တေတေနဲ့ပါ။ သူက လူ့အကဲခတ်တော်သလောက် ကျွန်မက ပြောင်ဖွင့်ပြောရင်တောင် နားမလည်တတ်သူပါ။ စိတ်အားငယ်သူကိုလည်း နည်းမျိုးစုံသုံးပြီး အားပေးတတ်သူပါ။ ကျွန်မကတော့ …….။
တည Roll Call အပြီးအခန်းပြန်ရောက်တော့ ကျွန်မအခန်းဖော် ရေဦးသူ မနိုင် တရှုံ့ရှုံ့နဲ့ ငိုနေတာတွေ့လို့ မေးကြည့်တော့ အိမ်လွမ်းလို့တဲ့ လေ။ “ငိုမနေပါနဲ့ ဟာ” လို့ပြောပြီး မသိမသာလိုနဲ့ သိသိသာသာကြီးပဲ ရှောင်ထွက်ခဲ့ပြီး ထုံးစံအတိုင်း အခန်းလည် လေပွားနေခဲ့ပါတော့တယ်။ ဒီအချိန်ဆို သူ့မျက်ရည်တွေ နှပ်တွေကုန်လောက်ပြီအထင်နဲ့ အခန်းပြန်ခဲ့တော့.... လားလား.... မင်းသမီးက သူ့ကိုသူ ဝါဝါဝင်းရွှေ မှတ်နေလားမသိပါဘူး တရှုံရှုံလုပ်နေတုန်း။ “ဟိတ်ကောင၊် တိတ်တော့လေဟာ” လို့ဆိုတော့ ”ငါ့အမေကို သတိရတယ်” ဆိုပြီး ပိုကဲလာတယ်။ “နင်ငိုရင် ငါလည်းငိုချင်တယ်ဟ” ဆိုပြီး ကျွန်မပါ ဟီးချလိုက်ပါတော့တယ်။
သူကျတော့ တနာရီ၊ နှစ်နာရီ အလွမ်းသယ်နေပြီး ကျွန်မငိုတာ နှစ်မိနစ်၊ သုံးမိနစ်ပဲရှိအုံးမယ် “နင်ကဘာလို့ ငိုတာလဲ” တဲ့ ဘုဆတ်ဆတ်မေးပါတယ်။ ကျွန်မကလဲ “နင်ကော...ဘာလို့ ငိုတာလဲ” ပြန်မေးတော့ အရင်တိုင်းပြန်ဖြေပါတယ်။ “ငါက နင်ငိုလို့ ငိုတာ” လို့ပြောရော ကျွန်မကို ကောင်းချီးတွေ တလှေကြီးပေးပြီး မိန်းကလေးများပီပီ နှစ်ယောက်သား ဝါးလုံးကွဲ ရယ်လိုက်ကြပါတော့တယ်။ အဲဒါနဲ့ ပတ်သက်ပြီး မနိုင် က လူထူထူရှိရင် ကျွန်မ အရည်အချင်းကို ထုတ်ဖော်လေ့ ရှိပါတယ်။ ကျွန်မကလဲ “ဒါ င့ါရဲ့ နည်းဗျူဟာ ။ ငိုသူကို ကျောသပ်ရင် ပိုငိုလွယ်တယ်။ သူ့ထက်ပိုငိုပြလိုက် ချက်ချင်းတိတ်ရော” လို့ ခုခံချေပ လိုက်တာပဲ။ (အဟီး လေလဲ ဒီဂလို ရှည်တတ် သူပါ။)
ဤခရီး နီးသလား ဝေးသလား တချက်လေးမှ မမေးပဲ သစ်ပုတ်ပင် မြင်ချင်တာလေးနဲ့ပဲ သူခေါ်ရာ လိုက်ခဲ့တာပါ။ (အခုရေးနေရင်းမှ ကျောချမ်းသွားတယ်။ တော်သေးတယ် အဲဒီတုန်းက ရောင်းစား မခံခဲ့လို့။ :D) အခုတော့ အရွက်တွေ ဖားဖားဝေနေတဲ့ အပင်ကြီးကြီး တခုကို လက်ညိုးထိုးပြရုံနဲ့ တောသူမ ကျွန်မကို နှပ်ချတယ်။ သစ်ပုတ်ပင်ကို ဘယ်လောက် Crazy ဖြစ်သလဲဆိုတာ ကိုယ့်ကိုကိုယ်ပဲ အသိဆုံး။ မကျေနှပ်လို့ လှည့်ပြန်ရအောင်လည်း လာလမ်းကို မမှတ်မိတော့ဘူး။ မှတ်မိတယ်ထားအုံး ဒီလောက် ကားတွေများတဲ့ လမ်းကို ဘယ်လိုကူးမလဲ။ တလမ်းလုံး ဝေဆာခဲ့တဲ့ စကားတွေဟာ ကျွန်မတို့နှစ်ယောက်ကြားမှာ သစ်ပုတ်ပင်ကြောင့် ကြက်ပျောက် ငှက်ပျောက်ဖြစ်သွားပါတယ်။ တက္ကသိုလ်ဝင်း အလွန်မှာတော့ ကျွန်မ သူ့ကို စရစ်ပြီ။
“ဟိတ်ကောင် မရောက်သေးဘူးလား။” ဆိုတဲ့ တခုတည်းသော မေးခွန်းကိုမေးသလို သူကလည်း “ရောက်တော့မယ် နောက်မီးပွိုင့်ဆို” ဆိုတဲ့ အဖြေကို ဓါတ်ပြားသွင်း ထားသလို အသင့်ဖြေပါတယ်။ မန္တလေးတစ်ပြကို မကြုံဘူးပေမယ့် သိင်္ဂီရဲ့ မီးပွိုင့်ကိုတော့ စောစီးစွာ ကြုံခဲ့ရပါတယ်။ အဲဒီလိုနဲ့ မီးပွိုင့် လေးငါးခုလောက် ဖြတ်ပြီးသွားမှ အိမ်တအိမ်ထဲဝင်သွားပါတယ်။ သိင်္ဂီရဲ့ အဖွားက အရမ်းချောနေဆဲပါပဲ။ အဆောင်ပြန်ရောက်တော့ “သိင်္ဂီ နင် နင့်အဖွားကို မမှီဘူးလို့” ဆိုတော့ စိတ်မဆိုးတဲ့ အပြင် သူက သူ့အမေကို မမှီသလို၊ သူ့အမေလည်း သူ့အဖွားကို မမှီဘူးလို့ အများစုက မှတ်ချက်ပြုတယ်လို့ အဖွားအတွက် ဂုဏ်ယူပြီး ပြောပါတယ်။
နောက်ရက်တွေမှာတော့ ဗလာစာအုပ် တစ်အုပ်လာပေးပါတယ်။ ကျွန်မက ဘာလဲ မေးတော့ သူရေးထားတဲ့ စာတွေ နင်ဖတ်ဖို့တဲ့။ ဗလာစာအုပ်ထဲမှာ ဝတ္ထုရေးလို့ရတယ်လို့ ကျွန်မကတော့ တအံ့တသြပေါ့။ မှတ်မိသလောက် ကဗျာတွေရယ် အဆုံးမသတ်ထားသေးတဲ့ ဝတ္ထုလို့ပြောလို့ရတဲ့ ဇာတ်လမ်း နှစ်ပုဒ်ရယ် တွေ့ပါတယ်။ ကျွန်မရဲ့ စာဖတ်စွမ်းရည်ကြောင့်ပဲ ဆုံးမှန်းမသိတာ နေမှာပါ။ အားနာတတ်တဲ့ သူ ကတော့ ဇာတ်လမ်းတွေ အဆုံးသတ်ပြီး ပေးဖတ်အုံးမယ် လို့ပြောပါတယ်။ ကဗျာတွေ မခံစားတတ်တဲ့ ကျွန်မ အတွက်တော့ ဘာတွေရေးထားမှန်း မသိပါဘူး။ ဒါဟာ ပထမနဲ့ နောက်ဆုံးပါပဲ။
တကယ်တော့ သိင်္ဂီ စာရေးဆရာမ မဖြစ်တာ ကျွန်မ ပယောဂတွေ အများကြီးပါပါတယ်။ သူကြိုးစာပန်းစားရေးထားတဲ့ သူ့ရဲ့ ပထမဦးဆုံးလက်ရာကို ဘယ်နေရာကတော့ ကောင်းတယ် ဘယ်နေရာကတော့ ဘယ်လိုလေးပြင်လိုက် စသဖြင့် အကြံပေးသင့်တာပေါ့။ ဆက်ရေးဖို့လည်း အားပေးသင့်တာပေါ့။ ကြည့်ပါအုံး သူ့စာတွေဖတ်ပြီး ပြောလိုက်တာက “နင့်လက်ရေး က အရမ်းမိုက်တယ်။ ရုပ်ပြစာအုပ်ထဲက အတိုင်းပဲ။ ပန်းချီဆန်သလို မိန်းမဆန်တဲ့ လက်ရေးလည်း မဟုတ်ဘူး။ အဲဒီလိုလက်ရေးမျိုးရအောင် နင်ဘယ်လိုရေးသလဲ” တဲ့လေ။ တော်သေးတယ်လို့လဲ တဖက်က တွေးပါတယ်။ အဲဒီတုန်းက မနိုင် ငိုတုန်းကလို လိုက်မလုပ်လို့။ လုပ်များလုပ်မိရင် ဗလာစာအုပ်ဖိုးတွေ ကုန်အုံးမှာ။
ဘာပဲဖြစ်ဖြစ်လေ နောက်နှစ်ပေါင်း ၂၀ ကျော်ကြာတဲ့ အချိန်မှာတော့ သူဟာ နာမည်ကြီး Blog တခုကို ပိုင်ဆိုင်နေပါပြီ။ (ပိုက်ဆံပေး မဝယ်ရလို့) ကျွန်မကလည်း ဘလော့မြှောင် ဘဝနဲ့ သူ့ရဲ့ Blog မှာ ကလောင်စွမ်းတွေပြနေပါပြီ (ရေသာခိုတာပါ) ။ ဒါဟာ ကျွန်မရဲ့ အားပေးနည်း နည်းဗျူဟာပဲလေ။
(မှတ်ချက်။ ။ ဒီလိုလက်ရေးမျိုးဖြစ်အောင် ဘယ်လိုလုပ်လဲဆိုတဲ့ အဖြေကိုတော့ ဘလောက်တုံး အဲ Blog ပိုင်ရှင်ကို မေးပါတော့။ သိင်္ဂီရေ သဇင်အကြောင်းရေးဖို့ ပြောကတည်းက တို့နှစ်ယောက် အင်းယားလမ်းမှာရှိတဲ့ နင်တို့ အဖွားအိမ်သွားတဲ့ အကြောင်းရေး မလို့ပါပဲ။ ဒါပေမယ့် နင်ကလက်ဦးသွားလို့ ။ အမြင် (Version) တမျိုးစီပေါ့။)
Comments
နံမယ်ကြီးဘလော့ဂါတွေနဲ့ မိတ်ဆွေဖြစ်ရပေမယ့် ငါ့ဘလော့ဂ်က (ခေါင်းစဉ်မဆန့်မပြဲ တပ်ထားတာကလွဲလို့)နံမယ်ကြီးမဟုတ်ပါဘူးဟာ..လို့ ပြောချင်သော်ငြားလည်း နင်လာမရေးမှာစိုးလို့ ဘာမှမပြောလိုက်ဘူးပဲ သဘောထားလိုက်ပါနော်..ဟဲဟဲ
သြော်...သိပ္ပံမောင်ဝ အမျိုးကိုးး
များများရေးပေးပါ။
း-)
မမသိင်္ဂီ က ဆရာကြီးသိပ္ပံမောင်ဝ မြေးလား...
ကောင်းလိုက်တာ...း-)
အဲသာဆို စုချစ်တို့ RITကျောင်းမှာ တကယ့် နံမည်ကြီး မျိုးဆက်တွေ ရှိတာပေါ့...
ဂျာနယ်ကျော် မြေး
ဆရာကြီးဦးခင်မောင်လတ်+ ဆရာမကြီးဒေါ်ခင်မျိုးချစ် မြေး
ဆရာကြီးသိပ္ပံမောင်ဝ မြေး
နောက်ဘယ်သူတွေ ရှိသေးလဲဟင်...
ဂုဏ်ယူစရာကြီးနော်...
း-)
လွမ်းအောင်လုပ်တယ်
ဘယ်တော့မှပြန်မရနိုင်တော့တဲ့ကျောင်းသားဘဝ
ပြန်ရသည့်တိုင်မတူနိုင်တော့တဲ့ငယ်ရွယ်နုပျိုမှု....
အားလုံးဟာ လွမ်းစရာ....
မသိဂီ င်္ကိုရော မကေမမကိုရော ကျေးဇူး ..
ကေမမ ရေးတဲ့..ခပ်သွက်သွက်..ထက်ထက် သဇင်သူ ကြီးတွေ အကြောင်းလဲ ကြိုက်နှစ်သက်ကြောင်း ပြောပြပေးပါ။
အားလုံးကို ခင်မင်လျက်-
ညီမလေ မယ်မွှေးနာမည် သိတယ်.. နောက်သမီးတစ်ယောက်ကိုတော့ မသိတော့ဘူး.... ။ စာထဲထည့်ရေးတာကို ညီမ မဖတ်ဖူးတာ ထင်ပါရဲ့..။
ညီမစိတ်ထဲမှာ မောင်လူမွှေးတို့ မယ်မွှေးတို့ကို ၂ နှစ်သားကနေ တိုးမတက်သေးဘူး... မယ်မွှေးက မြေးတွေရနေတယ်.. ရယ်ရတယ်...။
( ဆရာကြီးအကြောင်းတွေ ဖတ်တုန်းကလဲ ၀မ်းနည်းဖူးတယ်။ လူမှားရက်တယ်ပေါ့)
( မသိင်္ဂီရဲ့ ဘလော့မှာပြောပါတယ်..)
ကျနော်ပြောချင်တာ မေးချင်တာ တွေ
အေ၇ှ့ကလူတွေ မေးပြီးသွားလို့ ထပ်မရေးတော့ပါဘူး..
ကျန်တဲ့သူတွေက ခုမှ မမက ဆရာကြီးမြေးမှန်းသိကြတယ်ကော..
ကျွန်တော်ဖြင့်သိတာ ကြာပေါ့။ မမtg စာတွေ စဖတ်ဖြစ်ကတည်းက..
မမtg ရေ RIT ကျောင်းကြီးကို တအားတက်ချင်လို့ သွားငေးခဲ့ဖူးတယ်။ ရေစက်မပါတော့ UCSM နဲ့ပဲပြီးသွားတယ်
ခင်မင်စွာဖြင့်
သီဟသစ်
အစ်မှာ ချစ်ဖို့ကောင်းတဲ့သူငယ်ချင်ေးလးရထားတာပဲ
ညီမလေးလဲ ရှိတယ်နော် ဟိဟိ
သူငယ်ချင်း k-မမရဲ့ ကလောင်စွမ်းကလည်း အံ့မခန်းပါပဲ ဘရာဗိုလို့ ပြောပေးပါ..။