Skip to main content

ဘလော့ဂ်လေးဆီ......


FACEBOOK မှာ အချိန်ကုန်နေတာ ကြာတော့ ဘလော့ဂ်ဘက်ပြန်လှည့်ချင်လာတယ်။ အဲဒီ လူမှုကွန်ယက်ကြီးဟာ ကြောက်စရာ ကောင်းလောက်အောင် မြန်ဆန်လွန်းအားကြီးနေတယ်။ ခေါင်းနောက်စရာ အာရုံနောက်စရာ ကောင်းလောက်အောင်လည်း အမျိုးအမည်စုံစွာ ဆန်းပြားလှတယ်။ စာတွေ အများကြီးရေးစရာမလိုပဲ status လေးတခုကလည်း တုံ့ပြန်မှုတွေ ချက်ချင်းရနိုင်တယ်။ သူငယ်ချင်း အသိုင်းအဝိုင်းတွေကြား မျှဝေချင်တဲ့ သတင်းအချက်အလက်တွေ လျင်မြန်စွာ ပြန့်နှံ့စေသလောက် အဖြစ်မြန်သလို အပျက်မြန်တယ် ပြောရမလား။ လွယ်ကူမြန်ဆန်တော့ သုံးတဲ့သူတွေကလည်း လွယ်လွယ်ကူကူ သုံးနိုင်တာပေါ့၊ ဒါပေမယ့် အကုန်လုံးဟာ ရောထွေး ရှုပ်ရှက်ကုန်သလိုပဲ။ တခါတခါ ကိုယ် ပြန်ကြည့်ချင်တာကို ပြန်ရှာတော့လည်း ခေါင်းနောက်အောင် ပြန်ရှာရတာကလည်း မကောင်းပြန်ဘူး။ အဲဒီတော့ ကိုယ်လိုချင်တာလေးတွေ့လိုက်ရင် ကိုယ့် wall ပေါ်ကို ပြန် share ထားလိုက်တယ်။ အဲဒီတော့ လိုချင် မလိုချင်၊ ဖတ်ချင်ချင် မဖတ်ချင်ချင် ကျမ share လုပ်လိုက်တဲ့ ပို့စ်တွေက သူငယ်ချင်းတွေ မျက်စိနောက်အောင် သွားလုပ်တတ်ကြပြန်ပါရော။ ကိုယ်ကတော့ ကိုယ်ကြိုက်တာလေးများ သူငယ်ချင်းတွေထဲမှာ နှစ်သက်တဲ့သူများ ပါလေမလားလို့ Only me ကို မရွေးပဲ friends ကိုပဲ ရွေးထားမိတာလည်း ပါပါတယ်။ သူငယ်ချင်းတချို့က နင်ရှယ်တာတွေ များတယ်နော် ပြောတဲ့အခါကျ အားနာရပြန်ရော။

ဒါနဲ့ပဲ နားအေးပါးအေး ကိုယ်ရေးချင်တာတွေ ရေး၊ တော်တန်ရုံလူတွေ မသိနိုင် မရောက်နိုင်တဲ့ ကိုယ့်ဘလော့ဂ်တောရွာလေးထဲပဲ ကိုယ်ပြန်လာဖြစ်တော့မယ်။  ဘလော့ဂ်နဲ့ အဆက်ပြတ်တာ ကြာနေလို့ ဘလော့ဂါ အုပ်စုထဲ ဝင်ရင်တောင် ကိုယ်က ခပ်ကြောင်ကြောင်ရယ်၊ အဲ...အစကတည်းက ကိုယ့်ဘလော့ဂ်အသိုင်းအဝိုင်းလေး ခပ်ကျဉ်းကျဉ်းလေးမှာပဲ နေပျော်ခဲ့တာကြောင့်လည်းပါပါတယ်လေ။

ဘလော့ဂ်ထဲက စာလေးတွေတချို့ မမိုးရဲ့ ကျေးဇူးကြောင့် (မမိုးမိုးစောဝင်း) ပုံနှိပ်စာမျက်နှာအဖြစ်နဲ့ မြင်ခွင့်ရခဲ့တယ်။ ကိုယ့်ရဲ့သဘောကိုက ကိုယ့်ဘာသာ ပုံမှန်လေးပဲ ရေးချင်တာကို ရေးနေချင်တာ တခုပဲလေ။ စာမျက်နှာပေါ်မှာ တင်ခွင့်ရတဲ့ စာရေးသူတယောက်ဆိုတာ တာဝန်တွေ ကြီးလေးတော့ ကိုယ်က အဲဒီလောက်တာဝန်မယူနိုင်ဘူးလေ။ ဒါကြောင့် တချို့ မိတ်ဆွေတွေက စာတွေရေးပြီး ပို့ဖို့ပြောတာကို ကျေးဇူးတင်ပေမယ့် မလုပ်ဖြစ်ခဲ့ဘူး။ ကိုယ့်အကြောင်းကိုယ်သိတာလည်း ပါတာပေါ့ကွယ်။ စာရေးသူဖြစ်ဖို့ဆိုတာ လွယ်တယ်မှတ်လို့။ ကိုယ်ကတော့ ရိုးရိုးသားသားလေးပဲ စာရေးချင်စိတ်တွေ ဖြစ်လာရင် စာချရေးဖို့ပဲ စိတ်ဝင်စားတယ်။ 

မမိုးဆီက ကိုယ့်စာလေးတွေပါတဲ့ စာစောင်တွေ စာမူခ တွေရတယ်။ အဲဒီနေ့က အပျော်ကို ဘယ်လို ပြောရမလဲ မသိဘူး။ စာမူခတွေ ဘယ်လိုသုံးရမလဲ စဉ်းစားလို့ မရသေးတော့ ဘုရားစင်အောက်စာ ဘုရားစာအုပ်တွေထည့်တဲ့ ဗီရိုထဲမှာ သေချာထည့်ထားတယ်။ မေမေတို့ကို ကန်တော့မလား၊ စာပေလောကထဲက လူကြီးတွေကိုပဲ ကန်တော့တဲ့ အထဲ ထည့်လိုက်မလား၊ စာပေနဲ့ ပတ်သက်တဲ့ ဖောင်ဒေးရှင်းတခုခုမှာပဲ ထည့်လိုက်မလား၊ အဲဒီအချိန်တုန်းက ဆရာမင်းလူ နေမကောင်းတဲ့ အချိန်ဆိုတော့ ဆရာ့သမီး ယုယလေးဆီ လွဲှဖို့ စိတ်ကူးမိပေမယ့် မလွဲှဖြစ်ခဲ့ဘူး။ ဒီလိုနဲ့ပဲ ဟိုတလောက ဖေ့စ်ဘွတ်ခ်မှာ နှလုံးခွဲမယ့် ကလေးမလေးတွက် မမေအေးဦး အလှူခံတာ တွေ့လို့ ဝမ်းသာအားရနဲ့ ကိုယ်တတ်နိုင်သလောက်ရယ် စာမူခလေးတွေရယ် ပေါင်းပြီး လှူတဲ့ အထဲ ထည့်ဖြစ်လိုက်တယ်။ ဒါဆို အကျိုးရှိတဲ့ နေရာမှာ အသုံးချခဲ့တယ်လို့ စိတ်ထဲမှာ ကျေနပ်ဝမ်းသာသွားရတယ်။ 

ဘလော့ဂ်လုပ်ခဲ့တာ အချိန်တွေကုန်၊ ကိုယ့်စိတ်တွေ နှစ်ခဲ့ရရုံသက်သက်တော့ မဟုတ်ခဲ့ပါဘူးလေ။ အခုလိုမျိုး ကောင်းမှုကုသိုလ်တွေ လုပ်နိုင်သလို.... ကိုယ့်မှာ အပြင်မှာ ရဖို့ မဖြစ်နိုင်တဲ့ မိတ်ဆွေ အပေါင်းအသင်းတွေပါ တိုးပွားလာခဲ့ရတာကို ဘယ်လို တန်ဖိုးဖြတ်လို့ ရနိုင်မှာလဲ။ ဘလော့ဂ်ကြောင့်သာ မဟုတ်ရင် passive ဆန်တဲ့ ကျမအတွက်၊ စကားလုံးတွေထက် စာလုံးတွေနဲ့သာ ဆက်သွယ်ချင်တဲ့ ကျမအတွက် ပိုပြီးကျယ်ဝန်းတဲ့ အသိုင်းအဝိုင်းနဲ့ ဝေးကွာနေမှာပါပဲ။ ကိုယ့်စာတွေကို သူများဖတ်မှာ စိုးရိမ်ရှက်ရွံ့တတ်တဲ့ ကျမ ... ကိုယ့်စာတွေကို ဖတ်ပြီး သဘောတကျဖြစ်နေတဲ့ ဖေဖေနဲ့ မေမေကို ကြည့်ပြီး ကျမ ကျေနပ်နေခဲ့တယ်။ အမေ့အကြောင်းရေးထားတဲ့ ကျမရဲ့ စိတ်ခံစားချက်ကို မသိခဲ့ရလေခြင်းလို့ မေမေကတော့ စိတ်မကောင်းဖြစ်နေခဲ့တယ်။ ကျမလည်း အဲဒီစာရေးခဲ့မိတဲ့အတွက်၊ အဲဒီစာကို မေမေဖတ်ခဲ့မိတာတွက် စိတ်မကောင်းဖြစ်ခဲ့ရပါတယ်လေ။ ဒါပေမယ့် အဲဒါတွေက ရင်ထဲမှာ ရှိနေခဲ့တဲ့ အရာတွေပဲလေ။ ဖွင့်အန်ထုတ်ပစ်ခဲ့တဲ့ အတွက် ကျမရင်ထဲမှာ အဆိပ်အတောက်တွေ ပိုပြီး ပြန့်မသွားတာကလည်း ဘလော့ဂ်ရေးခဲ့မိလို့ဆိုတာ ငြင်းလို့ မရအောင် ကျေးဇူးတင်မိပါရဲ့။

ဖေ့စ်ဘွတ်ခ်က အရှိန်အဟုတ်ပြင်းပြင်းနဲ့ စီးဆင်းနေတဲ့ တောင်ကျချောင်းရေဆိုရင် ကျမတို့ ချစ်တဲ့ ဘလော့ဂ်ကတော့ တသွင်သွင် နဲ့ ငြိမ့်ညောင်းစွာ စီးဆင်းနေတဲ့ စမ်းချောင်းလေးပဲပေါ့။  အဲဒီစမ်းချောင်းလေးဆီ ကျမ ပြန်လာခဲ့ပြီ.......။

Comments

စမ်းချောင်းလေးဆီပြန်လာခဲ့ပါ မ ရေ. အားငယ်လို့ ....တန်ခူး လဲ စာမူခလေးတွေအကုန်လှူဖြစ်တယ်. ညီမတွေစိတ်ချင်းတူတယ်နော်

Popular posts from this blog

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။

မြန်မာ့နိုင်ငံရေးသမိုင်းလေ့လာချက်၊ အမျိုးသားနေ့ပေါ်ပေါက်လာပုံ- (တင်နိုင်တိုး)

ြ မန်မာ့နိုင်ငံရေးသမိုင်း လေ့လာချက် အမျိုးသားနေ့ပေါ်ပေါက်လာပုံ တင်နိုင်တိုး နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်း လဆုတ် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ထားပါသည်။ ယင်းသို့ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့အား အမျိုးသားနေ့အဖြစ် အသိအမှတ်ပြုပါရန် အဆိုပြုခဲ့သူမှာ ဂျပ်ဆင်ကော်လိပ်ကျောင်းသားဟောင်း ကိုမြင့် ဆိုသူဖြစ်သည်။ ဂျီစီဘီအေ န၀မမြောက် ကွန်ဖရင့်၏ နောက်ဆက်တွဲအဖြစ် ၁၉၂၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ ဂျူဗလီဟော (ယခုစစ်သမိုင်းပြတိုက်နေရာ) ၌ ဂျီစီဘီအေ အထူးကွန်ဖရင့်ကို ကျင်းပခဲ့ရာ ယင်းအစည်းအဝေးကြီးက အတည်ပြုပေးခဲ့ခြင်း ဖြစ်ပါသည်။ အမျိုးသားနေ့ သတ်မှတ်ရေး မန္တလေးမြို့တွင် ၁၉၂၁ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့၌ စတင်ကျင်းပခဲ့သည့် ဂျီစီဘီအေ န၀မမြောက်ကွန်ဖရင့်၏ စတုတ္ထနေ့ဖြစ်သော အောက်တိုဘာလ ၂၄ ရက်နေ့တွင် အမျိုးသားနေ့ သတ်မှတ်ရေးကိစ္စကို ဆွေးနွေးခဲ့ကြသည်။ ထိုနေ့ အစည်းအဝေး၏ သဘာပတိမှာ ဦးချစ်လှိုင်ဖြစ်ပြီး အမျိုးသားနေ့ သတ်မှတ်ရန် အဆိုသွင်းခဲ့သူမှာ ကန်ကြီးထောင့်မှ ဦးဘသော်ဆိုသူ ဖြစ်ပါသည်။ ဦးဘသော်က မြန်မာ တမျိုးသားလုံးအတွက် အရေးကြီးလှသော အမျိုးသားနေ့ဟူ၍ သတ်မှတ်သင့်ကြောင်း အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။ ဥ...

အမှတ်တရ...

၁၉၈၈-ခုနှစ်ရဲ့ မတ်လ ၁၁-ရက်နေ့... အဲဒီနေ့က ကြို့ကုန်းက ရန်ကုန် စက်မှုတက္ကသိုလ်ဝင်းထဲမှာ  စည်ကားနေကြတယ်လေ..။ စုပေါင်း သွေးလှူပွဲ ရှိတာကိုး။ ကျောင်းသူ ကျောင်းသားတွေလည်း စိတ်အားထက်သန်စွာ ကိုယ့်သွေးတွေကို ပေးလှူခဲ့ကြတယ်..။  (အဲဒီနေ့ သွေးလှူပွဲကတော့ ၀မ်းမြောက်စွာနဲ့ပေါ့...) ကျမလည်း သွေးလှူဖို့ ရည်စူးထားခဲ့လို့  အဲဒီ အလှူပွဲ ၀င်နွှဲခွင့်ကြုံခဲ့သေးပါတယ်.... အဲဒါ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်များတောင် ဖြစ်မလားမသိ...။ ပြီးတော့ သွေးလှူရှင်တံဆိပ်လေးတစ်ခုရယ်.. သွေးလှူမှတ်တမ်းကဒ်လေးရယ်.. ကြက်ဥပြုတ်လေး တစ်လုံးရတာတော့ မှတ်မိနေခဲ့တယ်...။ ပြီးတော့ အဲဒီ သွေးလှူရှင်တံဆိပ်ကလေးကို တစုံတယောက်ကို မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့လိုက်တယ်... အဲဒီနေ့က သူ့ မွေးနေ့ပါ.....။ သူ့မွေးနေ့မှာ ကိုယ်ရည်စူးလှူဖြစ်ခဲ့တဲ့ သွေးအလှူဟာ  လိုအပ်နေတဲ့ တစ်စုံတစ်ယောက်အတွက် အထောက်အကူဖြစ်ခဲ့ရင်.. သူရော ကိုယ့်အတွက်ပါ မွန်မြတ်တဲ့ အလှူဖြစ်စေဖို့ပါ...။ သွေးလှူပြီးပြီးချင်းပဲ  ရန်ကုန်ကနေ  မိဘတွေရှိတဲ့ ပဲခူးကို လိုင်းကားနဲ့ ပြန်လာတော့ ခေါင်းတွေ  တအားမူးနေလို့ မရပ်နိုင်ပဲ အတူလိုက်လာတဲ့ သူငယ်ချင်းရဲ့ လက်ကိ...