အရင်ရက်တွေက ခြင်္သေ့ကျွန်းက ခဏပြန်လာတဲ့ အဆောင်မှာ တခန်းထဲ အတူတူနေခဲ့တဲ့ သူငယ်ချင်းနဲ့ မတွေ့ဖြစ်လိုက်ဘူး။ တခြား ကလေးမိဘတွေရော ကလေးစာမေးပွဲရှိတဲ့ အချိန်မှာ ဘာမှ မဟုတ်လဲ စိတ်ပူပန်နေရတာပဲလား...။ အဲဒီလိုတော့လည်း ဟုတ်ဟန်မတူပါဘူးလေ...။ ကလေးတွေက ကိုယ့်အသိနဲ့ ကိုယ် လိုလိုချင်ချင် ရှိနေရင် လူကြီးတွေ စိတ်ချလက်ချနေနိုင်မှာပါ။
ကိုယ့်တွက်တော့ အခုလက်ရှိအချိန်တွေက ပင်ပန်းတယ်လို့ ထင်တယ်။ လူပင်ပန်းတာရော စိတ်ပင်ပန်းတာရော... တခြားပူပန်စရာတွေရော အားလုံးပေါင်းဆုံလာသလိုပဲ။ အသက် ၂၈ နှစ်မှာမှ အိမ်ထောင်ကျခဲ့တဲ့ ကိုယ်ဟာ တကယ်ဆို နှစ်ဆယ်ကျော် အစိတ်ပိုင်း အရွယ်တော် တစိတ်ဟိုင်းသွားခဲ့တဲ့ အပျိုကြီးအရွယ်လို့ အရင်ခေတ်ကတော့ သတ်မှတ်ကြမှာပေါ့။
သားကြီးကို မွေးတော့ နှစ်ဆယ့်ကိုးနှစ်။ နှစ်ဆယ့်ရှစ်နှစ်လုံးလုံး ကိုယ့်ဘာသာ သီးသန့် နေတတ်ခြင်းနဲ့ အကျွမ်းဝင်ခဲ့လေတော့ ပထမဆုံး သားဦးမှာ အရမ်း ပင်ပန်းခဲ့ပါတယ်။ မိသားစုတခုကို ထိန်းသိမ်းစောင့်ရှောက်တဲ့ အတတ်ပညာကို အဲဒီကတည်းက စတင် သင်ယူခဲ့ရတာ ခုချိန်ထိ ကမောက်ကမ ရှိနေဆဲ။ လူနှစ်ယောက် အတူတူနေရင်တောင် အဆင်ပြေပြေဖြစ်ဖို့ လိုတိုးပိုလျော့ ညှိရ နှိုင်းရသေးတာပဲလေ။ မိသားစုဆိုတော့ အများဆုံး လိုက်လျောညီထွေဖြစ်အောင် အလျော့ပေးရတဲ့သူက မိခင်တွေပဲ ဖြစ်မယ်ထင်ရဲ့။ ကလေး တယောက်ထဲနဲ့တောင် လုံးလည် ချာလည်လိုက်ရင်း ကိုယ့်နေရာလည်း ပျောက်နေရင်း နောက်ထပ် ကလေး တယောက် ဆိုတာကို တော်ပါပြီလို့ ကြောက်လန့်တကြားဖြစ် နေရင်းနဲ့ သားကြီး ကျောင်း စ နေတဲ့ အရွယ် ရောက်ခဲ့ရတယ်။ တဦးတည်းသော သားအဖြစ်နဲ့ သားကြီးကို မရှိစေချင်တာရယ်၊ ကိုယ်လည်း အဆင်သင့် ဖြစ်နေပြီလို့ ယူဆလို့ နောက်ထပ် ကလေးတယောက် ထပ်ယူခဲ့တယ်။ လိုချင်တယ်ဆိုတာနဲ့ တန်းရောက်လာခဲ့တာကလည်း သားငယ်လေးနဲ့ ကျမတို့ မိသားစုရဲ့ ကံ အကျိုးအကြောင်း ဆက်စပ်မှုတွေလည်း ပါမယ်လို့ထင်တယ်။ သားငယ်လေးမွေးပြီးတော့ သိပ်မကြာခင်မှာပဲ သမီးလေး ထပ်ရောက်လာပြန်တယ်။ ကျမလား။ မောတော့ မောတာပေါ့ .. ဒါပေမယ့် မမောဘူး ဆိုသလိုပဲ။ ပင်ပန်းပေမယ့် မပင်ပန်းတော့ပါဘူးလေ ။ ကလေးသေးသေးလေးတွေကို ကျွမ်းကျွမ်းကျင်ကျင် ထိန်းကျောင်းတတ်နေပြီပဲ။
သားကြီးတုန်းက လေးလနဲ့နို့ဖြတ်ခဲ့ရတာကို စိတ်မကောင်းဖြစ်လို့ သားငယ်ကို သုံးနှစ်အထိ အမေ့နို့ဆက်တိုက်ဖြစ်ခဲ့တယ်။ (သားကြီးသာ သိရင် ခံရတာက သား၊ စံရတာက ညီလေးလို့ ပြောရော့မယ်) သမီးငယ် ကိုယ်ဝန်နဲ့လည်း သားငယ်က ချိုတန်းလန်း၊ သမီးငယ်ကို ချိုတိုက်တော့ သားငယ်က နို့စို့ဖော်ရလို့ ကလေးသေးသေးလေးကို သူ့ကစားဖော်လို ပိုချစ်ပြီး အနွံတာခံနေတာလား စဉ်းစားနေမိတယ်။ ဘေးကနေ ကြည့်ရင်တော့ တော်တော့်ကို ဝရုန်း သုန်းကားနိုင်တဲ့ မိသားစုလေးပေမယ့် ကျမတို့တော့ ဘယ်လို ဖြတ်ကျော်လာသလဲဆိုတာ မမှတ်မိတော့။ ကလေးတွေ မူကြိုတက်တဲ့ အချိန်ကျ ကျမမှာ အားလပ်ချိန်တချို့ရှိခဲ့လေတော့ ဘလော့တွေထဲ ရောက်သွားဖြစ်ခဲ့တယ်ထင်ရဲ့။
ခုချိန်မှာတော့ ကလေးတွေက ကြီးလာလည်း သူတို့ကို လွှတ်ထားလို့ မဖြစ်သလို ကြီးကောင်ဝင်လာတဲ့ သားကြီးကိုလည်း မျက်ခြေပြတ်ခံလို့ မရသေး။ အလုပ်ကလည်း တဖက်ကလုပ်ရင်း၊ ပင်ပန်းနေတဲ့ ကိုယ့်ချစ်သူကိုလည်း တတ်နိုင်သလောက် အားပေးကူညီရင်း ဘယ်တော့မှ မပြီးဆုံးနိုင်တဲ့ လေ့လာမှုတွေကြားထဲမှာ ယက်ကန် ယက်ကန်နဲ့ ရုန်းကန်နေရဆဲ။
ရသ စာပေတွေဆိုတာ မဖတ်ဖြစ်တာ များပြီး ခံစားမှုကလည်း ထုံပေပေဖြစ်နေပြီထင်ရဲ့။ ဟိုတနေ့က မေမေတို့အိမ်ရောက်တော့ ငယ်ငယ်က စုထားတဲ့ စာအုပ်ဘီရိုထဲ ကြွက်သိုက်ဖွဲ့နေတာ အမှတ်တမဲ့ တွေ့တော့ စိတ်ပူသွားခဲ့တယ်။ အဲဒီထဲမှာ ကိုယ်စုဆောင်းထားခဲ့တဲ့ ကိုယ့်အကြိုက်စာအုပ်တွေ အများကြီးလေ။ မေမေကပဲ ရှင်းရင်းနဲ့ ပြန်တွေ့သလောက် ဆရာငြိမ်းကျော်ရဲ့ စာအုပ်တွေ စုပြီး ပြန်ပေးလိုက်တယ်။ ကိုယ် သိပ်ကြိုက်ခဲ့ရတဲ့ စာရေးဆရာကိုး။ တခြား စာရေးဆရာတွေရဲ့ စာအုပ်ကို ပြန်လည် ထုတ်ဝေနေကြလို့ ထပ်ဝယ်လို့ ရနေပေမယ့် ငြိမ်းကျော်ရဲ့စာအုပ် ပြန်ထုတ်တာကတော့ ပဉ္စမမြောက်ဆောင်းရက်များ တအုပ်ထဲတွေ့ဖူးတယ်။ စာအုပ်တွေ ပြန်သယ်လာပြီး ဝမ်းသာအားရ ဓာတ်ပုံရိုက် ဖေ့စ်ဘွတ်ခ်ပေါ်တင်။ မြင်တဲ့သူငယ်ချင်းတယောက်က ကိုယ့်ရောဂါကူးစက်ပြီး မြက်ဖျားနှင်း ချင်ခြင်းတပ်၊ စာအုပ်အဟောင်းဆိုင်သွားရှာတွေ့ပြိး ဖတ်ပြီးတဲ့အချိန်ထိ ကိုယ် စာအုပ်တွေကို မကိုင်အားသေးဘူး။
ရုံးမှာ အလုပ် လုပ်ရင်းနဲ့ မြန်မာ စကားလုံး ဝေါဟာရတွေ ပါးစပ်ဖျားမှာတင် မေ့နေတာ တွေ့တော့ အလန့်တကြား ဖြစ်ရပြန်တယ် ။ မေ့တတ်တဲ့ ရောဂါ လက္ခဏာများ အစပျိုးနေပြီလားရယ်လို့လေ။ သူငယ်ချင်းနဲ့ စကားပြောဖြစ်တုန်းက ငါတို့တွေလည်း ငါးဆယ်နားကပ်လာပြီ၊ အချိန်တွေ ဘယ်လို ကုန်သွားမှန်းကို မသိလိုက်ဘူးလို့ ပြောထားတာ အမှတ်ရပြီး အားက ငယ်ချင်လာသလိုလို။ နောက်တော့ အမျိုးသားကို ပြောပြဖြစ်တယ်။ မြန်မာဝတ္ထုတွေ မဖတ်တာ ကြာလို့ ဦးနှောက်က မှတ်ဉာဏ်တွေ လျော့လာတာ ထင်တယ်လို့ ပြောတော့ ဒီယုန်မြင်လို့ ဒီချုံထွင်မှန်း သူ မသိပဲ နေမလား။ ဒါပေမယ့် ထုံးစံအတိုင်း မိန်းမ စာအုပ်တွေ ဖတ်စေဆိုပြီး အလုပ်အကြောင်းတွေ လာမပြောတော့ပဲ နားခွင့်ပေးလိုက်ပါတော့တယ်။ ဒီတော့ ကိုယ်လည်း "သံယောဇဉ် နံနက်ခင်း" မှာ "တမ်းတတတ်သည်" နဲ့ "နေစိမ့်ပါရဲ့" လုပ်နေလိုက်တော့တာပေါ့။
ဘဝကြီးက တိုတိုလေးပါ ... လုပ်သင့်တာတွေကို လုပ်ရင်း၊ ချန်ထားခဲ့ရမှာတွေ၊ သယ်သွားရမှာတွေကိုလည်း အကောင်းဆုံးဖြစ်အောင် အတတ်နိုင်ဆုံးပြင်ဆင်ရင်း ကိုယ့်ဘဝကို တန်ဖိုးရှိရှိ ကျေကျေနပ်နပ် နေပျော်အောင် နေလိုက်ကြရအောင်နော်။ :)
Comments