Skip to main content

စက်တင်ဘာ ၆ ရက် ၂၀၁၄

မနေ့ညနေ ကျောင်းက ပြန်လာတဲ့ သမီးငယ်က ထုံးစံအတိုင်း ကျောင်းက သူငယ်ချင်းတွေ အကြောင်း ဖောက်သည်ချသည်။ ပြီး သမီးသူငယ်ချင်းတွေက အတွင်းခံ အင်္ကျီတွေ ဝတ်နေကြတယ်ဆိုတဲ့ အကြောင်းပြောတယ်။ သူက အိုက်တတ်လွန်းလို့ အင်္ကျီတစ်ထပ်တည်းပဲ ဝတ်ချင်တဲ့သူ။ စိတ်ထဲ သတိထားမိပြီး သမီးငယ်ရဲ့ အသက်ကို ကမန်းကတန်း ပြန်တွက်မိ။ ဆယ်နှစ်ပြည့်ပြီးသွားတဲ့ သမီးငယ်က သေးသေးကွေးကွေးလေး။ အိမ်က အငယ်နှစ်ယောက်က သူတို့အတန်းထဲမှာ အသေးဆုံးလေးတွေဖြစ်နေကြတော့ မသိရင် အိမ်ကပဲ  အာဟာရပြည့်စုံအောင် မကျွေးထားသလိုလို။ အစားအသောက်ကြေးများတဲ့ သူတွေမို့ ဟိုဟာမစားဘူး၊ ဒီဟာကတော့ဖြင့် အရသာမရှိဘူး၊ အသီးအရွက်မကြိုက်ဘူးဆိုပြီး အတင်းကျွေးရင် ညာတာပါတေးနဲ့ အမှိုက်ပုံးထဲ သွားပစ်ထားတတ်တဲ့ ကလေးတွေ။

ဘာလိုပဲပြောပြော ဆယ်နှစ်ကျော်လာပြီဆိုတော့ ဆယ်ကျော်သက်ထဲ ဝင်လာတော့မယ့် သမီးငယ်တွက် ကိုယ်ဘာတွေ ပြင်ဆင်ရမလဲဆိုတာ ခေါင်းထဲ ရောက်လာခဲ့ပြီ။ သားကြီးကလည်း ဆယ့်ခုနစ်နှစ်ပြည့်ပြီးသွားဆိုပေမယ့် သူ့အဖေကိုပဲ ရှင်တို့ သားအဖအချင်းချင်း တိုးတိုးတိတ်တိတ် ပြောဆိုဆုံးမထားလို့ ပြောပေမယ့် သူ့အဖေကတော့ အေးအေးဆေးဆေး လုပ်နေတာပါပဲ။ အင်း... သမီးကတော့ အမေ့တာဝန်ပေါ့။

ဆယ်နှစ်ကျော်ရင် ခန္ဓာကိုယ်အပြောင်းအလဲတွေ စတင်လာတော့မယ်ပေါ့။ သမီးငယ်က မသိသာပေမယ့် သူ့အရွယ် သူ့သူငယ်ချင်းတွေက ဖွံ့ဖြိုးထွားကျိုင်းနေတာကို သူတို့အချင်းချင်း Girl's talk တွေ ဘာတွေ ပြောကြမယ်ထင်တယ်။ သူများတွေ ဝတ်လာကြတော့ သူကျဉ်းကျပ်တယ်ဆိုပြီး မဝတ်ချင်ခဲ့တဲ့ အတွင်းခံအင်္ကျီတွေကို သူ့ဘာသာ ဝတ်ဖို့ စိတ်ကူးလာတယ်ထင်တယ်။ 

ကိုယ်တွေတုန်းကရော....။ ကောင်းကောင်း မမှတ်မိတော့ဘူး။ ကိုယ်က ငယ်ငယ်ကတည်းက တော်တော်ရှက်တတ်ခဲ့တယ်။ မှတ်မိသလောက်တော့ ခြောက်တန်းအရွယ်မှာ အိမ်က မိသားစုတွေရယ် တခြားမိသားစုတွေရယ် ချောင်းထဲလား မြစ်ထဲမှာလား ရေဆင်းချိုးကြတော့ ထဘီကို ရင်ရှားပြီး ရေထဲဆင်းခဲ့တာကို မှတ်မိနေတယ်။ အဲဒီတုန်းကလည်း ကိုယ်ဘယ်လိုလုပ်ရင် ကောင်းမလဲ ခေါင်းခဲခဲ့ရတာကိုး။ ဒါပေမယ့် အိမ်ပြန်ရောက်တော့ အပျိုူလုပ်ချင်တယ်ဆိုပြီး အဆူခံခဲ့ရတယ်။ ကိုယ့်မိဘတွေလည်း ကိုယ့်ကို အဲဒီအရွယ်ထိ ကလေးလို့ မျက်စိထဲ မြင်ယောင်နေလို့ဖြစ်မယ်.... သမီးငယ်ကို ကိုယ်မြင်သလိုပဲ မြင်နေခဲ့ပုံပါပဲ။

 ပြောရရင်တော့ အဲဒီအချိန်တွေကို ကိုယ်တယောက်ထဲ ဖြတ်သန်းခဲ့ရသလိုပဲ...  မေမေက ဘာမှ ကူညီ ပြင်ဆင်မပေးခဲ့ဘူးလားပဲ။ အချိန်တန်ရင် သူ့အလိုလို ဖြစ်သွားမယ်လို့ ထင်နေပုံပါပဲ။ အလိုလိုနေရင်းကို အကုန်လုံးကို ဖုံးဖိပြီး ရှက်စရာကြီး လူမမြင်စေနဲ့လို့ တဖွဖွ ပြောတတ်နေခဲ့တဲ့ မိခင်ကို ကိုယ့်မှာ ဘာမှ ပြောစရာ တိုင်ပင်စရာ မရှိခဲ့တာကပဲ ကိုယ်တို့ သားအမိကြား မနီးစပ်စေခဲ့တာဖြစ်မယ်ထင်ရဲ့။ အမျိုးသမီးဆိုင်ရာ ဆေးပညာပေးဆိုင်ရာ ဆောင်းပါးေတွေကို လစဉ်ပုံမှန်ယူတဲ့ မဂ္ဂဇင်းတွေထဲကနေ ခိုးဖတ်ရတယ်။ တွေ့သွားရင် မဆိုင်တဲ့ စာတွေ ဖတ်တယ်ဆိုပြီး အဆူခံရသေးတယ်။ တခါတလေ မေမေ့စိတ်ကို ကိုယ် တကယ်နားမလည်နိုင်ခဲ့ဘူး။ အခုချိန်မှာ မေမေ့ကို ကိုယ်ပြန်မေးမိရင် ညည်းတို့လို ငါက ပညာတွေမှ မတတ်တာလို့ ခနဲ့တဲ့တဲ့ အပြောခံရတယ်။ အဲလိုတော့လည်း မဟုတ်သေးဘူးလေ... မေမေ စာတွေ ဖတ်နေခဲ့တာပဲ။ သူတို့ ခေတ်က child psychology တို့ ဘာတို့ အင်္ဂလိပ်လိုရေးထားတာတွေ ဖတ်နေခဲ့တာပဲ.... မေမေက အဲဒီလို အသင်ကြားခံခဲ့ရလို့လားဆိုပြန်ေတော့လည်း သူနဲ့ အတူတူ ကြီးပြင်းလာတဲ့ မေမေ့ညီမ အန်တီဆွေကျတော့ အဲဒီလို မဟုတ်ပြန်ဘူး။ အန်တီဆွေ့သမီးနှစ်ယောက်စလုံးက အဲဒီ့အချိန်တွေကို သူတို့ အမေ၊အဖွားလေးတွေရဲ့ အကူအညီနဲ့ အေးအေးဆေးဆေး ဖြတ်ကျော်ခဲ့တယ်ဆိုတာ နောင်ကြုံတော့ သိခဲ့ရတယ်။ အဒေါ်အစ်မတွေနဲ့ နီးနီးနားနားလည်း မရှိ၊ အချင်းချင်း ပြောစရာစကားမဟုတ်ဘူးလို့ သင်ကြားခံခဲ့ရတော့ သူများတွေ ပြောရင်နားထောင်ပြီး တိတ်တိတ်သင်ယူခဲ့ရတာ။ 

ခုခေတ်မှာတော့ ကိုယ်တို့မိသားစုက အချင်းချင်း မပြောရဲ မဆိုရဲစကားတွေ မရှိသလောက်ပါပဲ။ ဟိုတလောက အိမ်မှာမွေးထားတဲ့ ဆယ်လအရွယ် ခွေးမလေး အယ်လ်စာ အပျိုဖြစ်တော့ တအိမ်လုံး အုံးအုံးကျွက်ကျွက်နဲ့ပေါ့။ အဲဒီနေ့မတိုင်ခင်က သူက အောက်ကျနေတဲ့ ဆေးတွေကို ကိုက်ဖို့လုပ်နေတာ တွေ့သွားခဲ့တော့ သူများ မတည့်တဲ့ ဆေးတွေ စားမိလို့ သွေးယိုတယ်လို့ ထင်ကြတာပေါ့။ အဲဒါနဲ့ အမေ့ကို လာမေးတော့ အယ်လ်ဇာက အပျိုဖြစ်သွားပြီလို့ အတည်ပြုပေးလိုက်တော့ သူတို့တွေ တိုးတိုးကျိတ်ကျိတ် စကားဝိုင်းကြတယ်လေ။ သမီးငယ်က ဟိုစပ်ဒီစပ်နဲ့ အပျိုဖြစ်တယ်ဆိုတာကို နားလည်သဘောပေါက်တဲ့ ပုံစံပေမယ့် သားငယ်က ယောင်ဝါးဝါး။ သူ့အစ်ကိုအကြီးဆုံးက လူပျိုပေါက်ဆိုတာကို သိနေပေမယ့် ခွေးမလေး အပျိုဖြစ်တာကို သိပ်နားမလည်ဘူး။ သူ့ယောင်ဝါးဝါးကို ဆရာကြီးလုပ်ပြီး တတ်ယောင်ကား ဒိုင်ခံရှင်းတာက သူ့ညီမတော်။ နောက် ထုံးစံအတိုင်း သူ့အစ်ကို အူကြောင်ကြောင်ရဲ့ အကြောင်းလာဖွပါလေရော... မေမေ တောက်တောက်က သူ အပျိုဖြစ်ရင်လည်း အဲဒီလို သွေးတွေ ထွက်မှာလားလို့ မေးနေတယ်ပြောပြီး ရယ်ပွဲဖဲ့ွနေလေရဲ့။ တောက်တောက်က ယောင်္ကျားလေးလေ... အဲဒီလို မဖြစ်ပါဘူးလို့ သူကပဲ ဖြောင့်ဖြပေးလိုက်ရတဲ့ပုံပါပဲ။ 

အဲဒီတော့ ဘာပဲပြောပြော ဆယ်ကျော်သက်ထဲ ဝင်လာပြီဖြစ်တဲ့ အဲဒီအငယ်နှစ်ယောက်အတွက်တော့ အမေ ဘာတွေ ကြိုတင်လေ့လာပြီး ပညာပေးရမလဲဆိုတာ လေ့လာဖို့ အချိန်ရောက်နေပြီဆိုတဲ့ အချက်ပေးခေါင်းလောင်းသံကြားလိုက်တဲ့ အခိုက်မှာ မိခင်တယောက်ရဲ့ တာဝန်တွေကို ကျေပွန်ဖို့ ဆက်လက် ထပ်မံကြိုးစားလိုက်ပါဦးမယ်လေ။

Comments

Popular posts from this blog

၁၁၂၇

ဘဝမှာ အခက်ခဲဆုံး အချိန်တွေကို ကျော်ဖြတ်နေရသလိုပါပဲ.... အားလုံးက ခက်ခဲနေကြတဲ့ကြားထဲ ကိုယ်က ထူးပြီး ခက်ခဲနေတာတော့ မဟုတ်ဘူးပေါ့.....ပတ်ဝန်းကျင်လိုက်ကြီး ခက်ခဲကြပ်တည်းနေကြတာ....အစစ အရာရာပေါ့လေ... ကိုယ်လည်း စိတ်ထဲ အဆင်ပြေမနေဘူး.... နေရတာလည်း လဟုတာ၊ မုဒုတာ ဖြစ်မနေဘူး... အရင်ကလို စိတ်ထဲရှိသမျှ ရေးချနိုင်တဲ့ blog ခေတ်ကို ပြန်လွမ်းလို့ ပြန်လာခဲ့တယ် ဆိုပါေတာ့.... မနေ့...အဲ...ဟို တနေ့လောက်က စပြီး Netflix က ကိုးရီးယားဇာတ်လမ်းတွဲ တခု ကြည့်ဖြစ်တယ်.... ပုံမှန်ဆို တညထဲနဲ့ အကုန်ကြည့်တတ်ပေမဲ့...အဲဒီ့ကားလေးကိုတော့ နားနားပြီး ကြည့်ရတယ်... ပြောရမယ်ဆိုရင် စိတ်ကို ဘယ်နားထားရမှန်းမသိလို့ အချိန်ဖြုန်းနေတဲ့ သဘောပါပဲ... ကိုယ်က ငယ်ငယ်ကတည်းက တက္ကသိုလ်ဘုန်းနိုင် ရဲ့ စာအုပ်တွေဖတ်ပြီး စိတ်ပညာကို  စိတ်ဝင်စားလို့ တက္ကသိုလ်ဝင်ခွင့်တင်တော့ ကိုယ်တိုင်မတင်လိုက်ရဘူး...ဖေဖေပဲ တင်ပေးတာထင်ရဲ့... ပထမ၊ ဒုတိယ၊ တတိယ ဦးစားပေးတွေက သိတဲ့အတိုင်း ဆေး၊ စက်မှုု အီကို၊ ပြီးရင် စိတ်ပညာ လို့ လျှောက်ထားဖြစ်ခဲ့တယ်... အခု အမှတ်တမဲ့ ကြည့်မိတဲ့ ကိုရီးယားကားလေးက တက္ကသိုလ်ဆေးရုံတခု ရဲ့ စိတ်ကျန်းမာရေး unit တခုက သူနာပြုဆရာမလေးကို အခြေခံတဲ့ ဇာတ်လမ်

ဥယျာဉ်တော်ထဲက သရက်သီး ငတက်ပြား ..အပိုင်း (၂) (K-မမ ရေးသည်)

တွဲလဲရယ် နေပါဦး.. (ပုံလေးကို ဒီကယူပါသည်) “ ဟိတ်ကောင် .... မင်းထမီကို ခါးတောင်းကျိုက်လိုက်.. ..ဒီထိုင်ခုံကို ငါ နံရံမှီထားပေးမယ်။ ထိုင်ခုံဘောင်ကနေ နောက်မှီတန်းပေါ်ကိုလှမ်း။ လက်နှစ်ဖက်က အဲဒီ သံဇကာကိုဆွဲ။ ဟိတ်ကောင် ..... မှန်စောင်းနဲ့ လွတ်တဲ့နေရာကို ပြောတာ။ မင်းလက်တော့ မှန်ရှတော့မှာပဲ။ အေး.... ဟုတ်ပြီ အဲဒီလို ခဏခိုထား။ ငါဒီပြတင်းပေါက်ကို မြဲမြဲကိုင်ထားမယ်။ ညာခြေထောက်က ပြတင်းပေါက်ဘောင်ပေါ်ကို လှမ်းနင်း။ နင်း .....ရဲရဲသာနင်း။ ပြုတ်ကျရုံအပြင် ဘာမှမဖြစ်ဘူး။ ဘယ်ခြေထောက်က တလှမ်းတက်။ အေး .... ညာခြေထောက်က ခေါင်းမိုးပေါ်ချ။ ညာလက်က ခေါင်ချုပ်သစ်ကိုဆွဲ။ ဘယ်ခြေကိုပါ တခါတည်း ခေါင်းမိုးပေါ်ချ။ အေး.... ဟုတ်ပြီ။ ရော့ .....ဝါးလုံး။ ဟိတ်ဟိတ်..... အဲဒီအလယ်လောက်မှာပဲနေ။ ဆက်မဆင်းနဲ့။ တော်ကြာ ခေါင်းမိုးပေါ်က ပြုတ်ကျနေလို့ ကျော်မကောင်း ကြားမကောင်းတွေ ဖြစ်နေအုံးမယ်။ ဟူး …… နင့်ကိုပြောရတာ မောလိုက်တာ။” ဒုန်း .. ဒုန်း .. ဒ ရော … ဘုတ်။ ( ဒုန်း = သရက်သီး ခေါင်မိုးပေါ်သို့ ပထမကျသံ၊ ဒုန်း = နောက်တဆင့်ခုန်သံ၊ ဒ ရော = သရက်သီး သွပ်ပြားပေါ်လိမ့်သံ။ ဘုတ် = သရက်သီးမြေကြီးပေါ်ကျသံ ) “ ဟာ .... ဟိတ်ကောင် .... ခေါင်းမိုးနဲ့ လွတ

မမာကျန်းသူများအကြောင်း။

  ကားတွေ မီးပွိုင့်မိနေတုန်း လမ်းဘေးမှာ အပေါစား  စကတ်တို ညစ်ထပ်ထပ်လေးနဲ့ မော်ဒယ်လေးတစ်ယောက်လို လမ်းလျှောက်သွားတဲ့ အမျိုးသမီးတစ်ယောက်... တခုခု လွဲနေသလားလို့....သေသေချာချာ ကြည့်မိလိုက်ပါတယ်.... စိတ်မကောင်းစရာ...ဆံပင်ဖြူဖြူ အရေတွေတွန့်လို့...သူ့ပုံစံကတော့ တကယ့်ကို မော်ဒယ်လေးတစ်ယောက် cat  walk လျှောက်သလို  confidence အပြည့်နဲ့..... နောက်တစ်ယောက်ကတော့ နေပူကျဲကျဲထဲမှာ အထပ်ထပ် ထပ်ထားသော အ၀တ်အစားများက ရာသီစုံ အ၀တ်စုံ...၀က်ဝံကြီး တစ်ကောင်စာလောက် ဖြစ်လာတဲ့  အ၀တ်ထုပ်ကြားက ခပ်ပိန်ပိန်ကိုယ်လုံးနဲ့.... သည်ကြားထဲ သယ်လာတဲ့ ဘူးစုတ် ခွက်စုတ် ပုလင်းစုတ်တွေနဲ့ ကိုယ့်ကိုယ်တောင် မလဲပြိုအောင် အနိုင်နိုင်ထိန်းရင်မနိုင်.... သူ့ကြည့်ပြီး ကိုယ်တောင် စိတ်အိုက်နောက်ရှုပ်သွားမိရဲ့။   ဓာတ်ဆီဆိုင်မှာ ဆီလာထည့်တိုင်း  လမ်းလယ်ခေါင်က  ကွန်ကရစ်တုံးတွေကို သူမရဲ့ ကြယ်မြင်လမြင် နန်းတော်ထဲက  အဆောင်တော်လို  သဘောထား။ အ၀တ်ပိုင်းလေးခင်းလို့...သူ့ဆီမှာ  ပလပ်စတစ် ခြင်းတောင်းတစ်လုံးတော့ မြင်တယ်.. တခါတလေလည်း ခေါင်းမြီးခြုံပြီး..စောစောစီးစီး အိပ်တတ်တယ်..သိပ်ချမ်းတဲ့ ရာသီမျိုးတွေမှာတောင်  သူ ဒီလိုပဲ..စိတ်ချလက်ချ လုံခြုံစွာ အိ