Skip to main content

အားနည်းနေတဲ့ မိန်းမတစ်ယောက်အကြောင်းပါ...။

Miss you too Much
Miss You : Forward This Picture

ခက်တော့တာပါပဲလေ....
 
ကျမလည်း သူဘေးမှာ မရှိရင် ကောင်းကောင်းတောင် မရပ်တည်နိုင်တော့ဘူး ထင်ရဲ.။
အရင်တုန်းက တစ်ယောက်တည်းနေ တစ်ယောက်တည်းသွားခဲ့တဲ့ ဘ၀လေးကို ပြန်လွမ်းမိသေးရဲ.။
အခုတော့လည်း အရင်တုန်းက ကျမကို ကျမတောင် ပြန်မမှတ်မိချင်တော့သလိုလို..။
သူ ဘေးနားမှာ ရှိနေခဲ့ရင်၊ ဒါမှမဟုတ် ကိုယ့်ဆက်သွယ်မှု ဧရိယာအတွင်းမှာ ရှိနေခဲ့ရင် ..ကျမအတွက် ဘာမှပူပင်နေစရာ မလို။ ကျမအတွက် ခက်ခဲနေတာ အကုန်လုံး သူက ဖြေရှင်းပေးခဲ့တာချည်းပါပဲ။ တခါတလေတော့လည်း အားတောင်နာလာတယ်။

ကိုယ့်အား ကိုယ်ကိုးတဲ့ အကျင့်တွေတောင် ပျက်လို့။ ပျင်းနေတာ.. အပျင်းကြီးပြီး အပါးခိုနေခဲ့တာ ကြာတော့ ကျမ ပျက်စီးနေပြီ ကိုငယ်ရေ..။ ဒါမှမဟုတ်လည်း ကျမ ခံနိုင်ရည်အားတွေ ကျဆင်းလာခဲ့နေပြီ ထင်တယ်နော်...။

ယောကျာင်္းတစ်ယောက်ကို ချစ်တာ သက်သက်နဲ့ ချစ်သူဖြစ်လာခဲ့တဲ့ ကျမ. (အဲဒီလိုပြောရင် သူ ဘယ်တော့မှ မကြိုက်တတ်...).. လူတစ်ယောက်ကို မှီခိုအားထားဖို့ စိတ်မကူးခဲ့ဖူးတဲ့ ကျမ....။ နွယ် ဆိုတဲ့ နံမယ်ကို ပျော့လို့ တွယ်တတ်တဲ့ သဘောမို့လို့ မကြိုက်ခဲ့တဲ့ ကျမ... အခုတော့လည်း နွယ်ပီပီ တွယ်ကပ်နေရတော့တာကတော့ အရင်က ကျမ မဟုတ်ခဲ့တဲ့အတိုင်း။ 

သူကတော့ အစစ အရာရာ စီစဉ်ပြီး ခဏတဖြုတ် ခရီးထွက်သွားတာပါပဲ။ ဒါပေမယ့် မနေ့က တနေ့လုံး ကြုံတောင့်ကြုံခဲ မီးတွေ ပျက်လို့...။ ကလေးတွေအတွက် အာရုံပြုစရာ ကာတွန်းကား ကြည့်စရာမရှိ၊ ကွန်ပျူတာနဲ့ ဂိမ်းကစားစရာမရှိ။ လေအေးစက်ဖွင့်မရ.. ပူပူလောင်လောင် အိုက်စပ်စပ်တွေကြား ရန်တွေဖြစ်၊ တစ်ဦးတည်းအနားမှာရှိနေတဲ့ ကျမကိုသာ ဂျီတွေကျ။ အသက်ကြီးလာတဲ့ အထဲမှာ အဲဒီလို ဆူညံပူညံမခံနိုင်တော့တဲ့ ရောဂါတမျိုး ရှိနေသလားတော့ ကျမ မသိ။ အဲဒီအသံတွေ ကြားရရင် သည်းညည်းခံစိတ်တွေ ပျောက်ဆုံး။ 

သတိရလိုက်တာ ကိုငယ်ရယ်။ သူကတော့ ဘာပဲပြောပြော ကလေးတွေ ကားပေါ်တင်ရင်း တနေရာရာ ပို့ပေးလိမ့်မယ် ထင်ရဲ့။ ကျမကတော့ သူတို့သုံးယောက် တင်ပြီး ကားမောင်းဖို့ကို စိတ်တောင်မကူးရဲ။ ကဲ.. ဘယ်အချိန်ထိ ပျက်မလဲ မသိတဲ့ မီးကို အံတုဖို့ ညနေ ၅-နာရီလောက်မှာ မီးစက်ကို ဓာတ်ဆီထည့်။ အင်း... အိမ်မှာက ဓာတ်ဆီရော.. ဒီဇယ်ရော ရှိနေတော့ မှားထည့်မိမှာလည်း စိုးရသေး။ သူ ဖုန်းဆက်လာလို့ ပြောပြတော့ ... မီးစက်ထဲ ဆီဖြည့်မထားခဲ့မိလို့ စိတ်မကောင်းဖြစ်နေရဲ.။ ကိုငယ်... ကျမ ကိုယ့်အား ကိုယ်ကိုးဖို့ နေရာလေးပေးပါဦးလား။ အခု... ကျမ ဘာမှ မလုပ်တတ်တော့ဘူး။

မီးစက်သာ ဖွင့်ထားရ.. အရင်ကလို စိတ်ဖြောင့်ဖြောင့်နဲ့ မနေနိုင်။ မီးစက်အခြေအနေကို သွား သွားအကဲခတ်နေရသေး။ ဆီကျန်သေးရဲ့လား၊ load တွေ တအားများနေသလား။
ညဖက် ပြတ်လိုက် ဆက်လိုက် ဖြစ်နေတဲ့ အင်တာနက်ကြောင့်လည်း စိတ်ညစ်မိရသေး။ Routerကပဲ ကြောင်နေတာလား။ Modem ကပဲ ကြောင်နေတာလား။ မီးအားမပြည့်လို့ပဲ ခဏခဏဖြစ်နေတာလား။ သူ ရှိနေရင်တော့ ဘာပဲ ဖြစ်ဖြစ်... ကြည့်ပေးဖို့ အပူကပ်လို့ ရသေး။ တကယ်တမ်းကျတော့ လူတွေရဲ. သဘောကလည်း တရားကျစရာပါ။ ကိုယ့် လုပ်ပေးမယ့်သူမရှိတော့လည်း မရှိ မရှိသလို နေဖြစ်နေတာပါပဲ။

အိပ်တော့မယ်ဆိုတော့ ည နှစ်နာရီခွဲ...။ လေတွေ တိုက်လာလိုက်တာ။ ကျမ နာဂစ်ကို မကြုံလိုက်ရတော့ ဘယ်လောက် လေပြင်းတယ် မသိလိုက်ပေမယ့်.. မနေ့ညကတော့ လေတော်တော်ပြင်းတယ်။ ၀ရန်တာဘက် ထုတ်ထားမိတဲ့ စာအုပ်တွေ ရေစိုကုန်တာ နေလှမ်းတဲ့ အလုပ် မနေ့နေ့လည်က လုပ်ဖြစ်ထားတာ အလကားဖြစ်ကုန်မှာစိုးလို့ အပြင်မှာထားထားတဲ့ စာအုပ်ထည့်ထားတဲ့ စက္ကူပုံးကြီးကို လုံခြုံတဲ့ နေရာရွှေ.၊ ပလတ်စတစ်စတွေ မိုးထား။ အပေါ်ပြန်တက်လာတော့ တံခါးတွေက တ၀ုန်းဝုန်းနဲ့ .. ပိတ်လို့မရတဲ့ တံခါးတွေကို ကြိုးတွေနဲ့ လိုက်ဖမ်းပြီး ချိတ်နေရသေးတယ်။ ကလေးတွေကတော့ အိပ်လို့..။ ဆက်နေတဲ့ အင်တာနက်ကနေ weather forecast  ကို စိတ်ပူပင်စွာနဲ့ လှမ်းကြည့်နေတုန်း ကွန်နက်ရှင် ပြတ်။  မီးပျက်သွားပြန်တာလေ။

ဘေးအိမ်တွေကလည်း နိုးကုန်ပြီး သူတို့လည်း မှောင်မှောင်မဲမဲမှာ ဘာတွေ အလုပ်ရှုပ်နေလည်းမသိ။ ကျမလည်း ဘာလုပ်ရမှန်းမသိ... နောက် မိုးတွေကသည်းလာ... လျှပ်စီးတွေကလက်... မိုးကြိုးတွေကလည်း ကပ်ပြီး ပစ်နေသလိုပဲ။ ယောကျာင်္းရေ.... ကျမ လွမ်းတယ်ဗျို့။ ရှင်မရှိတာနဲ့ ကျမ တနေ့တာက အဆင်ကို မချောတော့တာပဲ။ အင်း... အခုအချိန်ကြီး သူ့တည်းနေတဲ့ ဟိုတယ်ကို ဖုန်းဆက်ရင်ကောင်းမလားတောင် စဉ်းစားမိသေးရဲ့။ ည ဆယ့်တစ်နာရီလောက်က မောမောပန်းပန်းနဲ့ အိပ်ချင်နေတဲ့ လေသံနဲ့ သူ.အသံကို ကြားယောင်လိုက်တော့ ... အော်.. ငါရူးတာနဲ့ ဘာမှ မဟုတ်ပဲ သူအိပ်ရေးပျက်ပြီး စိတ်ပူရော့မယ်။ 

ငါ့နှယ်နော်.. ဘယ်နှယ်လုပ် မိုးကြိုးပစ်တာကို ကြောက်လန့်တတ်သွားရတာပါလိမ့်။ ငယ်ငယ်တုန်းကတောင် ဘာဆိုဘာမှ  မကြောက်တတ်ခဲ့ပဲနဲ့။(လူကိုတော့  ငယ်ထဲက ကြောက်တတ်ပါတယ်)။  ခန်းဆီးကြားတွေကလည်း လျှပ်ပြက်တာတွေ...။ သူ သာဘေးမှာ ရှိနေရင်.. အနည်းဆုံးတော့ နိုးပြီး ကော်ဖီသောက်ဖြစ်မှာပဲ ထင်ရဲ့။

ဘာဖြစ်လို့ ဒီလို ဖြစ်သွားရတာလည်း မသိတော့ပါဘူး။
သူ ရှိနေရင် ကိုယ့်အတွက် ပိုလုံခြုံနေလို့လား။
ကျမအတွက် ပူပင်နေစရာ မလိုလို့ပဲလား။
ဒါမှ မဟုတ် သူမရှိတာနဲ့ ဖြစ်တတ်တဲ့ အသေးအဖွဲကစ ပြဿနာ ပေါင်းစုံတွေ ကြုံနေခဲ့ရလို့ပဲလားတော့ မသိ။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ ကျမတို့ ပြဿနာ တစ်ခုခုကြုံပြီဆိုရင်.. သူ က အမြဲတမ်း အဝေးရောက်နေတတ်မြဲ။ တစ်ခါလည်း မဟုတ်.. နှစ်ခါလည်း မဟုတ်... အခါခါကြုံခဲ့ရတာတွေ..။

အရင်ကတော့ မလွမ်းချင်လို့ ဝေးမနေတာ။  အခုတော့လည်း  အကြောင်းအမျိုးမျိုးတွေကြောင့် ဝေးမှာ စိုးနေမိတယ်။ ။

Comments

ဒီလို... သံ....ယောဇဉ်တွေ.....
tg.nwai said…
အင်းလေ.. သံယောဇဉ် အမျှင်တန်းကို ရှင်ခန်း ဘယ်သူဖြတ်နိုင်ပါ့.. အဲလေ.. ယောင်လို့ ငယ်တုန်းက ကျက်ထားတဲ့ ကဗျာတွေ ပြန်ပေါ်လာလို့.. ဟဲဟဲ.. ကိုယ့်တစ်ယောက်ထဲ ချည်နေမှာစိုးလို့ သူ့ကိုပါ အတင်းချည်တုပ်နေရတယ်။
Ko Nge said…
May Lay,
Chin Up ! & Cheer
You are wonderful person who delivered 3 lovely children and take care alone. ( I only assist to you ).
Don't Worry and Don't Keep in mind, you will be troubled when i'm away. Because You are talent, strong & tough to overcome everything.
You live independently all the time since i know, and i happy to accept all the things from you. We both share.
You don't know one thing is I also feel like you. Without you , I can't live & sleep worry free.
That's why we are family & we all are together.
with love & metta,

Ko Nge
ThuHninSee said…
ဟယ်..အခေါ်အဝေါ်လေးတွေကအစ ချစ်စရာနော်..
မလေးနဲ့ကိုငယ်တဲ့။
ဖတ်ရတာ အေးချမ်းလိုက်တာ။
Unknown said…
This comment has been removed by the author.
Unknown said…
I don't know when you are changed.

It's not theingi whom I knew before.

Wonderful!

Popular posts from this blog

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။

မြန်မာ့နိုင်ငံရေးသမိုင်းလေ့လာချက်၊ အမျိုးသားနေ့ပေါ်ပေါက်လာပုံ- (တင်နိုင်တိုး)

ြ မန်မာ့နိုင်ငံရေးသမိုင်း လေ့လာချက် အမျိုးသားနေ့ပေါ်ပေါက်လာပုံ တင်နိုင်တိုး နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်း လဆုတ် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ထားပါသည်။ ယင်းသို့ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့အား အမျိုးသားနေ့အဖြစ် အသိအမှတ်ပြုပါရန် အဆိုပြုခဲ့သူမှာ ဂျပ်ဆင်ကော်လိပ်ကျောင်းသားဟောင်း ကိုမြင့် ဆိုသူဖြစ်သည်။ ဂျီစီဘီအေ န၀မမြောက် ကွန်ဖရင့်၏ နောက်ဆက်တွဲအဖြစ် ၁၉၂၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ ဂျူဗလီဟော (ယခုစစ်သမိုင်းပြတိုက်နေရာ) ၌ ဂျီစီဘီအေ အထူးကွန်ဖရင့်ကို ကျင်းပခဲ့ရာ ယင်းအစည်းအဝေးကြီးက အတည်ပြုပေးခဲ့ခြင်း ဖြစ်ပါသည်။ အမျိုးသားနေ့ သတ်မှတ်ရေး မန္တလေးမြို့တွင် ၁၉၂၁ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့၌ စတင်ကျင်းပခဲ့သည့် ဂျီစီဘီအေ န၀မမြောက်ကွန်ဖရင့်၏ စတုတ္ထနေ့ဖြစ်သော အောက်တိုဘာလ ၂၄ ရက်နေ့တွင် အမျိုးသားနေ့ သတ်မှတ်ရေးကိစ္စကို ဆွေးနွေးခဲ့ကြသည်။ ထိုနေ့ အစည်းအဝေး၏ သဘာပတိမှာ ဦးချစ်လှိုင်ဖြစ်ပြီး အမျိုးသားနေ့ သတ်မှတ်ရန် အဆိုသွင်းခဲ့သူမှာ ကန်ကြီးထောင့်မှ ဦးဘသော်ဆိုသူ ဖြစ်ပါသည်။ ဦးဘသော်က မြန်မာ တမျိုးသားလုံးအတွက် အရေးကြီးလှသော အမျိုးသားနေ့ဟူ၍ သတ်မှတ်သင့်ကြောင်း အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။ ဥ...

အမှတ်တရ...

၁၉၈၈-ခုနှစ်ရဲ့ မတ်လ ၁၁-ရက်နေ့... အဲဒီနေ့က ကြို့ကုန်းက ရန်ကုန် စက်မှုတက္ကသိုလ်ဝင်းထဲမှာ  စည်ကားနေကြတယ်လေ..။ စုပေါင်း သွေးလှူပွဲ ရှိတာကိုး။ ကျောင်းသူ ကျောင်းသားတွေလည်း စိတ်အားထက်သန်စွာ ကိုယ့်သွေးတွေကို ပေးလှူခဲ့ကြတယ်..။  (အဲဒီနေ့ သွေးလှူပွဲကတော့ ၀မ်းမြောက်စွာနဲ့ပေါ့...) ကျမလည်း သွေးလှူဖို့ ရည်စူးထားခဲ့လို့  အဲဒီ အလှူပွဲ ၀င်နွှဲခွင့်ကြုံခဲ့သေးပါတယ်.... အဲဒါ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်များတောင် ဖြစ်မလားမသိ...။ ပြီးတော့ သွေးလှူရှင်တံဆိပ်လေးတစ်ခုရယ်.. သွေးလှူမှတ်တမ်းကဒ်လေးရယ်.. ကြက်ဥပြုတ်လေး တစ်လုံးရတာတော့ မှတ်မိနေခဲ့တယ်...။ ပြီးတော့ အဲဒီ သွေးလှူရှင်တံဆိပ်ကလေးကို တစုံတယောက်ကို မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့လိုက်တယ်... အဲဒီနေ့က သူ့ မွေးနေ့ပါ.....။ သူ့မွေးနေ့မှာ ကိုယ်ရည်စူးလှူဖြစ်ခဲ့တဲ့ သွေးအလှူဟာ  လိုအပ်နေတဲ့ တစ်စုံတစ်ယောက်အတွက် အထောက်အကူဖြစ်ခဲ့ရင်.. သူရော ကိုယ့်အတွက်ပါ မွန်မြတ်တဲ့ အလှူဖြစ်စေဖို့ပါ...။ သွေးလှူပြီးပြီးချင်းပဲ  ရန်ကုန်ကနေ  မိဘတွေရှိတဲ့ ပဲခူးကို လိုင်းကားနဲ့ ပြန်လာတော့ ခေါင်းတွေ  တအားမူးနေလို့ မရပ်နိုင်ပဲ အတူလိုက်လာတဲ့ သူငယ်ချင်းရဲ့ လက်ကိ...