မနေ့ညက အိမ်အောက်ထပ်ဆင်းတော့ Hamster တွေ အိမ်ထဲကနေ အသံလေးတွေ ထွက်လာလို့ ငုံ့ကြည့်လိုက်တော့.. လက်သန်းလောက်ရှိတဲ့ အမွေးအမျှင်မဲ့ သတ္တ၀ါလေးတွေ.. ညိုတိုတို လှုပ်စိလှုပ်စိလေးနဲ့ သုံး လေးကောင်လောက်တွေ့လိုက်ပါတယ်။ ခုထက်ထိတောင် အကြီးနှစ်ကောင်ကို ဘယ်သူ အထီး အမမှန်းမသိတော့ ဘယ်ကောင်က မွေးတာမှန်းလည်း မသိ၊ ဗိုက်ဖောင်းတာလည်း မတွေ့ရပဲနဲ့... အော်.. ဒီသတ္တ၀ါလေးတွေကျတော့ ဖြစ်တာ ပျက်တာ မြန်ုလိုက်တာနော်.. အဲဒါနဲ့ သူတို့လေးတွေကို ထိုင်ကြည့်နေဖြစ်ပါတယ်..။ နောက်နှစ်ပတ်လောက်ကြာရင် ဘယ်နှစ်ကောင်လောက် ရှင်သန်ကျန်ရစ်မှာတဲ့လဲ.. တွေးမိရင်းပေါ့...။
မနက် မိုးလင်းတော့ သူများတကာ သီတင်းကျွတ် ကျောင်းပိတ်ရက်မှာ ကျောင်းတက်နေရတဲ့ သားငယ်ကို ကျောင်းသွားဖို့ ပြင်ဆင်ပေးရပါတယ်။ အိမ်မှာ လူစောင့်မရှိလို့ ကျောင်းပိတ်တဲ့ သားကြီးနဲ့ သမီးငယ်ကိုပါ တခါတည်း ပြင်ဆင်ပြီး ရုံးခေါ်သွား..... ထုံးစံအတိုင်း ဗြုတ်စဗြင်းတောင်းနဲ့ ထွက်သွားကြတာ.. ကျောင်းနားရောက်လို့ ဆင်းဖို့ပြင်ဆင်တော့မှ သားငယ်က သူ့ကျောပိုးအိတ်ကို သတိရတယ်.. ဟာ.. ကျန်ခဲ့ပြီ။ ကဲ.. မထူးတော့ပါဘူး.. လူစုံတုန်း Oriental House မှာ dim sum လေး ၀င်စားကြပေါ့..။
အရင်ကလို ၀င်ပေါက်ကနေ စီစဉ်ပေးတဲ့ လူတွေလည်း မတွေ့ရပါဘူး။ လူတွေကလည်း အပြည့်ပါပဲ။ စောင့်တဲ့လူတွေကလည်း ဟိုစားပွဲနား သည်စားပွဲနား မတ်တပ် မတ်တပ်တွေနဲ့။ သီတင်းကျွတ်ကျောင်းပိတ်ရက်မို့ လူစုံတက်စုံ လာစားကြတာထင်ပါတယ်။ စားပွဲထိုး ကောင်မလေးတစ်ယောက်က လမ်းညွှန်ပေးလိုက်လို့ ဘီလ်တောင်းထားပြီဖြစ်တဲ့ စားပွဲနား သွားရပ်စောင့်နေလိုက်ကြပါတယ်။ ဘီလ်လာပြန်တော့လည်း နောက်ထပ်ပါဆယ် ထပ်မှာနေသေးလို့ ထပ်မံစောင့်ဆိုင်းရင်းပေါ့....။
ဒီကြားထဲ အန်ကယ်လ်ကြီးနဲ့ အန်တီကြီး နှစ်ယောက် ရောက်လာပြီး လက်ရှိထိုင်လက်စ လူတွေ မထ သေးတာကို၊ ရပ်စောင့်နေတဲ့ လူတွေလည်း ရှိရက်နဲ့ ခပ်တည်တည် ၀င်ထိုင်ပြီး နေရာယူလိုက်ပါတယ်။ လူကြီးတွေနဲ့ အတင်းလုလို့ကလည်း မသင့်တော်၊ ငါတို့ လူကြီးပဲဆိုပြီး ဗိုလ်ကျတာတော့ သိပ်တော့ မကြိုက်ချင်လှပေမယ့် .. ကိုယ်က ငယ်တော့ လျှော့ပေးလိုက်... ကိုယ့်ထက်ငယ်လို့လည်း လျှော့ပေးလိုက်ပေါ့။ (ဒါမှလည်း မင်္ဂလာတရားနဲ့ ညီမှာကိုး).. အရပ်ရှည်တဲ့ အမျိုးသားကတော့ ကိုယ့်ထက် ရှေ့ရေးကို ပိုမြင်လေတော့ နေရာလွတ်တဲ့နေရာ အပြေးအလွှား နေရာသွားဦးပါတယ်။ မဟုတ်ရင် ကျမကတော့ နောက်တစ်ဆိုင် ပြောင်းစားတော့မှာလေ...။
နေရာရ လို့ ဟန်ကျပန်ကျ ထိုင်လို့ရပြီဆိုတော့ သူက ကျမကို ပြောတယ်.. ခင်ဗျား ဒီလိုပုံနဲ့ မြန်မာပြည်မှာ ဘယ်လို လုပ် စီးပွားရေးလုပ်မလဲတဲ့။ မပြောလည်း သိပြီးသား....။ ငယ်ငယ်ကတည်းက ခုံဦးရတဲ့ ကစားနည်းမျိုးဆို ကိုယ်က အရင်ဆုံး ထွက်ရတာချည်းပဲလေ.. ။
စီးပွားရေးဆိုတာကြီးကိုလည်း အစကတည်းက သိပ်စိတ်ဝင်စားလှတာမဟုတ်..။ အမ်ဘီအေ ကိုလည်း သူက လှုပ်လှုပ်ခတ်ခတ်ဖြစ်လေတော့.. ကိုယ်က သူနဲ့ အတူ စာမေးပွဲအတွက် လိုက်ဖတ်ပေးရင်း ဘာလိုလို ညာလိုလိုနဲ့ တက်ဖြစ်သွားခဲ့တာလေ.. ။ တကယ်တမ်းကျတော့ ကိုယ်နဲ့ မကိုက်တဲ့လမ်းမှန်း မူဆယ်ဘက်ကို Trip ထွက်တော့ သိလိုက်ရပါရဲ့။ ရုတ်တရက် ပေါက်ချလာတဲ့ ဒီအုပ်စုကြီးနဲ့ လမ်းဘေးက ထမင်းဆိုင်လေးမှာ ရှိသမျှ ဟင်းခွက်တွေကို အလုအယက် တိုးဝှေ့ ဆွဲယူစားသောက်ရပြီးကတည်းက မှတ်သွားတယ်။ အဲဒီတုန်းက လမ်းဘေးမှာ ငိုင်ငိုင်လေးထိုင်ရင်း စိတ်ဓာတ်ကျလို့ပေါ့။ ကျမကတော့ လိုက် မမှီနိုင်ဘူးလေ.. ။ ဒါဝင်ကတော့ ပြောခဲ့သားပဲ....။
"In the struggle for survival, the fittest win out at the expense of their rivals because they succeed in adapting themselves best to their environment." - Charles Darwin (1809- 1882)
Comments
လက်ထဲပါလာပြီ။ :P
ထိုင်ခုံဦးတာတော့ ပဲပျက်လို့မဦးဘူး။
တစ်ခါတစ်လေတော့ အဲလိုတိုးဝှေ့လုရတာ ပျော်စရာကောင်းတယ်ဗျ။
ဥပမာ ပိုက်ဆံကြဲတဲ့အခါမျိုးလေး။း)
ဒါပေမယ့် မမ ခင်ဦးမေနဲ. အဖော်လုပ်ပေးလိုက်ပါဦးမယ်..မမ ကတော့ လက်မသွက်လို့တော့ ဟုတ်ပုံမရပါဘူး။
ပိုက်ဆံကြဲရင်တော့ တောင်ငူသားနဲ. ဝေးဝေးနေမှ...:P
မမ ခင်ဦးမေ ကြောက်နေမှာစိုးလို့ ဓာတ်ပုံရိုက်တင်ဖို. အစီအစဉ်ဖျက်လိုက်ပါပြီ..ဟဲဟဲ
အမြဲတမ်း တန်းစီိစံနစ်ကို... မျှတတာပေါ့နော်…
အဲဒီရှင်သန်ရပ်တည်ဖို့ အတွက် သူစိမ်းတွေကြားမှာ… မ တို့ ကို အားကျလိုက်တာ…