Skip to main content

ဘယ်မှသည်.. ဘယ်ဆီသို.။

 
ကျမတို့ အခုတလော သူငယ်ချင်းတွေ မကြာခဏ ပြန်ဆုံဖြစ်နေကြပါတယ်။

လွန်ခဲ့တဲ့ တစ်ပတ်ကလည်း သူငယ်ချင်းတွေနဲ့ တွေ့။ တနေ့ကလည်း သူငယ်ချင်းတွေနဲ့ ဆုံဖြစ်ကြပါတယ်။

ဒီနေ့ နေ့လည် မှာလည်း ကျောင်းက ရင်းနှီးကျွမ်းဝင်တဲ့ လူတွေနဲ့ ပြန်ဆုံဖြစ်ခဲ့ပါတယ်... ဒါပေမယ့် ..... အရင်ကလို ပျော်စရာ တွေ့ဆုံခြင်းတော့ မဟုတ်ခဲ့ပါဘူး။

ဒီမနက် အီးမေးလ် အရင်စစ်နေတဲ့ သူက “ဇော်ထွန်းလွင်ဆုံးသွားလို့ သိလား” လို့ မေးတော့ ကျမ မသိ... ၉၅. အီးစီ..ဆိုတော့ ကျမတို့ နောက်တစ်နှစ်... သူ့အမျိုးသမီးက မင်းမင်းမြတ်၊ ၉နှစ်အရွယ် သမီးလေးတစ်ယောက် ကျန်ရစ်ခဲ့တယ် ဆိုတော့မှ... ဖြတ်ကနဲ သတိရလိုက်ပါတယ်... ကျမတို့ နောက်နှစ် အဆောင်ဝင်လာတဲ့ အသားဖြူဖြူ မျက်လုံးတောက်တောက်နဲ့ ချစ်စရာ ကောင်မလေး။ အဲ.. သူနဲ့ ဆက်စပ်ပြီး မြင်ဖူးနေတဲ့ သူ့ကောင်လေး....။ နှစ်ယောက်စလုံး ဖြူဖြူချောချောကလေးတွေမို့ သတိထားမိနေတာ..။ ဘယ်သူလဲ.. ဘာဖြစ်လို့လဲ..  စိတ်မကောင်းလိုက်တာ..။ မတော်တဆဖြစ်ပြီး ၂၈-ရက်နေ့ ညက ဆုံးသွားခဲ့တာ....။

ကျမတို့လည်း နေ့လည် ၂ နာရီအမှီ ရေဝေးသုဿန်ရောက်သွားပါတယ်...။ လူတွေတောင် တော်တော်ရောက်နေပေါ့။ စိတ်ထဲမှာတော့ အသုဘရှုသွားတိုင်း “ငါလည်း တနေ့ သေရဦးမှာပဲ” ဆိုတဲ့ သံဝေဂလေးလောက်တော့ ရဖြစ်နေတာပါပဲလေ...။

အ၀င်ဝမှာ အဆောင်မှာတုန်းက  တတန်းငယ်တဲ့ ညီမလေးတွေနဲ့ တွေ့တယ်။ မတွေ့ဖြစ် မဆုံဖြစ်တာ ကြာပေါ့..။ ဟယ်... အမ .. အရင် အတိုင်းပဲ.. ပိန်သွားတယ်နော်.. ၀ လာလိုက်တာ.. ဆံပင်တွေ ဘာလို့ တိုသွားတာလဲ.. ဘယ်မှာနေလဲ.. ဘာလုပ်နေလဲ... ဘာညာကွိကွ... နေဦး ပြန်လာခဲ့မယ်.. အရင် သွားကြည့်လိုက်ဦးမယ် ဆိုပြီး အခေါင်းထဲ မထည့်ခင် သွားကြည့်မလို့... လူတွေ ကြပ်နေတာနဲ့ မမြင်လိုက်ရဘူး။ 

သူငယ်ချင်းတွေလည်း ကိုယ့်နိစ္စဓူဝကိစ္စတွေနဲ့ လုံးလည်ချာရင်း... တစ်ယောက်က ပြောတယ်.. သူလာလည်ဖို့ ခေါ်နေတာ ကြာပြီ.. နီးပြီး မရောက်ဖြစ်တာ.. ခုမှ သူဆုံးမှပဲ ရောက်ဖြစ်တော့တယ်တဲ့။ နောက်တစ်ယောက်နဲ့ တွေ့တော့လည်း ဟဲ့ နင်တို့ နှစ်ယောက်က အတွဲမှန်း မသိဘူး။ ကလေးတွေ ရပြီလားတဲ့။ အေး.. နင်လည်း လူကြီးဖြစ်နေပြီနော်...ဆိုတော့ ဟဲဟဲ ဟဲဟဲနဲ့... ကဲ... ကြည့်ကြပါဦး.. ကိုယ့်အလှည့်ဆိုတာကို မေ့ထားကြပြီး သိဟောင်းဆွေဟောင်းတွေ တစ်ယောက်သော သူရဲ့ နောက်ဆုံးခရီးမှာ ၀မ်းသာအားရ နှုတ်ဆက်နေကြတာလေ...

အော်.. အနားမှာ အပူရုပ်ကို ဟန်လုပ်တင်းနေရရှာတာ.. သူ.အမျိုးသမီးလေးပဲ.. သူတောင် တော်တော်ကြီးသွားပေါ့... မျက်စိထဲမှာတော့ မနေ့တနေ့ကလို မြင်ယောင်နေဆဲလေ...။ သူတို့နှစ်ယောက် ချစ်သူတွေ ဖြစ်ကာစ အဆောင်နားက လက်ဖက်ရည်ဆိုင်မှာ လာထိုင်တဲ့နေ့ကလေး။ အော်.. ပြီးခဲ့ပေါ့နော်..


သတင်းကြားရတာတော့ စိတ်မကောင်းစရာပါ..။ အဲဒီနေ့ည ပဲခူးကနေ ပြန်အလာ ရထားပေါ်ကနေ ခြေချော်ကျပြီး ဆေးရုံအရောက်မှာ ဆုံးသွားတာ...တဲ့။  အော်.. ဖြစ်မှ ဖြစ်ရလေနော်...။ အသက် ၃၈-၃၉-နှစ်အရွယ်...အရွယ်ကောင်းကလေးမှာမှ..... ။

ဘ၀ဆိုတာ ဒီလိုပဲလား။ လောကကြီးမှာ နေစဉ်ခဏလေးပဲ တန်ဖိုးရှိနေတာပါလား။ သေခြင်းတရားဆိုတာ လက်တကမ်းမှာ ရှိနေတာပေမယ့် ကိုယ်နဲ့ ဘယ်တော့မှ မဆိုင်သလို ... ကိုယ်ချစ်တဲ့သူတွေနဲ့ ခွဲခွာဖို့အရေး သေကွဲ မပြောနဲ့၊ ရှင်ကွဲတောင် ခဏလေးဖြစ်ဖြစ် ခွဲမနေချင်ခဲ့တဲ့ ကျမတို့ရဲ. အတ္တစွဲ.. မာနစွဲတွေ.. လျှော့ချဖို့.....ကိုယ့်စိတ်ကို ကိုယ် တရားပြ ဆုံးမနေရပါတယ်။

နောက်ဆုံးတော့ ဒီလမ်းကို သွားကြရမှာပါပဲ... တိုကင်ယူထားတာမဟုတ်လေတော့ ဘယ်သူအရင်.. ဘယ်သူ နောက်ဆိုတာ မသိနိုင်ပါဘူး။ နေစဉ် ဘ၀ကို အဖိုးတန်အောင် တန်ဖိုးရှိအောင် နေထိုင်နေရင်း နေ့စဉ် ရသလောက် ကုသိုလ်ကောင်းမှု စုဆောင်းထားရင်တော့......

နောက်ဆုံးအချိန်လေးတွက် အကောင်းဆုံး ပြင်ဆင်ထားနိုင်မှသာ လူဖြစ်ရကျိုး မမြတ်တောင် မရှုံးနိုင်ဘူးလို့ ကိုယ် ကိုကိုယ် အားမာန်တွေ တင်းရင်း..အင်း... အနည်းဆုံးတော့ ဒေါသလေး လျှော့ပြီး သတိလေးကပ်ထားဦးမှပါ....... ။

Comments

ThuHninSee said…
မယမုန်နာဦးတို့နှစ်ကလားဟင်
မင်းမင်းမြတ်ကိုတော့သိတယ် စိုးနဲ့တွဲတဲ့ပဲခူးက သူ့အမျိုးသားတော့မျက်စိထဲမမြင်ဘူး..
သံဝေဂရစရာပဲ.. နေ့မြင်ညပျောက်..
ဘာမှမပြင်ဆင်ရသေးဘူး.. လောဘတွေနောက်လိုက်တုံး..
Ko Nge said…
May Lay,

From Now on, We should be mindful, try to live with mitta, open mind and simple life, keep awareness for not to do other may feel bad, and take good care of our family, our people,our country and our world before we go.

With love

Ko Nge
Sonata Cantata said…
tg ရေ,
သံဝေဂ မှ သည် သတိတရား ဆီသို့~

ဝတ္တရားကျေတဲ့ tg တို့ ဇနီးမောင်နှံကို ချီးကျူးတယ်။ သာရေး၊ နာရေး မပျက်ကွက်သူတွေမို့ ကိုယ့်အရေးလည်း မပျက်ကွက်မှာ ယုံကြည်စွာဖြင့်~
tg.nwai said…
မွန်ရေ.. မယမုန်နာဦးကို မသိဘူး မွန်ရဲ့။ သူတို.က ၈၆ ၀င်ပြီး ၉၅ ကျောင်းပြီးတာပါ..။

ဟုတ်တယ် သူငယ်ချင်းရေ.. တို.တွေလည်း အချိန်တွေ တိုက်စားမှုအောက်မှာပဲ..

Ko Nge, tks for your comment. I do promise you to help each other while living.

သီတာရေ.. တို.တွေလည်း ပျက်ကွက်တာတွေ များနေလို့ ခုနောက်ပိုင်း မနည်းကြိုးစားနေရတာပါ.. ကိုယ် တတ်နိုင်သေလောက်ပေါ့လေ..
tz said…
မရေ..

ဒီ ပို့စ်က YTU Ec က တီချယ် ဒေါ်မင်းမင်းမြတ်ရဲ့ ခင်ပွန်းအကြောင်း ထင်တယ်။

ထပ်တူထပ်မျှလည်း ဝမ်းနည်းရပါတယ်။
သတင်းကြားရခါစဆို အရမ်းစိတ်မကောင်းဖြစ်ရပါတယ်။

ကိုယ့် အလှည့် ဘယ်တော့လဲ ဆိုတာ စောင့်စားရင်းးး ရခဲလှတဲ့ လူ့ဘဝကို တန်ဖိုးရှိရှိ နေထိုင်သွားကြတာပေါ့နော်

ခင်မင်စွာဖြင့်
တင်ဇာ
သက်ဝေ said…
ဂျီဟောသူ အတွက် ကျေးဇူးအထူးပါ သိင်္ဂီရေ...
ပြန်ဖတ်ချင်နေတာနဲ့  အတော်ဘဲ

Popular posts from this blog

၁၁၂၇

ဘဝမှာ အခက်ခဲဆုံး အချိန်တွေကို ကျော်ဖြတ်နေရသလိုပါပဲ.... အားလုံးက ခက်ခဲနေကြတဲ့ကြားထဲ ကိုယ်က ထူးပြီး ခက်ခဲနေတာတော့ မဟုတ်ဘူးပေါ့.....ပတ်ဝန်းကျင်လိုက်ကြီး ခက်ခဲကြပ်တည်းနေကြတာ....အစစ အရာရာပေါ့လေ... ကိုယ်လည်း စိတ်ထဲ အဆင်ပြေမနေဘူး.... နေရတာလည်း လဟုတာ၊ မုဒုတာ ဖြစ်မနေဘူး... အရင်ကလို စိတ်ထဲရှိသမျှ ရေးချနိုင်တဲ့ blog ခေတ်ကို ပြန်လွမ်းလို့ ပြန်လာခဲ့တယ် ဆိုပါေတာ့.... မနေ့...အဲ...ဟို တနေ့လောက်က စပြီး Netflix က ကိုးရီးယားဇာတ်လမ်းတွဲ တခု ကြည့်ဖြစ်တယ်.... ပုံမှန်ဆို တညထဲနဲ့ အကုန်ကြည့်တတ်ပေမဲ့...အဲဒီ့ကားလေးကိုတော့ နားနားပြီး ကြည့်ရတယ်... ပြောရမယ်ဆိုရင် စိတ်ကို ဘယ်နားထားရမှန်းမသိလို့ အချိန်ဖြုန်းနေတဲ့ သဘောပါပဲ... ကိုယ်က ငယ်ငယ်ကတည်းက တက္ကသိုလ်ဘုန်းနိုင် ရဲ့ စာအုပ်တွေဖတ်ပြီး စိတ်ပညာကို  စိတ်ဝင်စားလို့ တက္ကသိုလ်ဝင်ခွင့်တင်တော့ ကိုယ်တိုင်မတင်လိုက်ရဘူး...ဖေဖေပဲ တင်ပေးတာထင်ရဲ့... ပထမ၊ ဒုတိယ၊ တတိယ ဦးစားပေးတွေက သိတဲ့အတိုင်း ဆေး၊ စက်မှုု အီကို၊ ပြီးရင် စိတ်ပညာ လို့ လျှောက်ထားဖြစ်ခဲ့တယ်... အခု အမှတ်တမဲ့ ကြည့်မိတဲ့ ကိုရီးယားကားလေးက တက္ကသိုလ်ဆေးရုံတခု ရဲ့ စိတ်ကျန်းမာရေး unit တခုက သူနာပြုဆရာမလေးကို အခြေခံတဲ့ ဇာတ်လမ်

ဥယျာဉ်တော်ထဲက သရက်သီး ငတက်ပြား ..အပိုင်း (၂) (K-မမ ရေးသည်)

တွဲလဲရယ် နေပါဦး.. (ပုံလေးကို ဒီကယူပါသည်) “ ဟိတ်ကောင် .... မင်းထမီကို ခါးတောင်းကျိုက်လိုက်.. ..ဒီထိုင်ခုံကို ငါ နံရံမှီထားပေးမယ်။ ထိုင်ခုံဘောင်ကနေ နောက်မှီတန်းပေါ်ကိုလှမ်း။ လက်နှစ်ဖက်က အဲဒီ သံဇကာကိုဆွဲ။ ဟိတ်ကောင် ..... မှန်စောင်းနဲ့ လွတ်တဲ့နေရာကို ပြောတာ။ မင်းလက်တော့ မှန်ရှတော့မှာပဲ။ အေး.... ဟုတ်ပြီ အဲဒီလို ခဏခိုထား။ ငါဒီပြတင်းပေါက်ကို မြဲမြဲကိုင်ထားမယ်။ ညာခြေထောက်က ပြတင်းပေါက်ဘောင်ပေါ်ကို လှမ်းနင်း။ နင်း .....ရဲရဲသာနင်း။ ပြုတ်ကျရုံအပြင် ဘာမှမဖြစ်ဘူး။ ဘယ်ခြေထောက်က တလှမ်းတက်။ အေး .... ညာခြေထောက်က ခေါင်းမိုးပေါ်ချ။ ညာလက်က ခေါင်ချုပ်သစ်ကိုဆွဲ။ ဘယ်ခြေကိုပါ တခါတည်း ခေါင်းမိုးပေါ်ချ။ အေး.... ဟုတ်ပြီ။ ရော့ .....ဝါးလုံး။ ဟိတ်ဟိတ်..... အဲဒီအလယ်လောက်မှာပဲနေ။ ဆက်မဆင်းနဲ့။ တော်ကြာ ခေါင်းမိုးပေါ်က ပြုတ်ကျနေလို့ ကျော်မကောင်း ကြားမကောင်းတွေ ဖြစ်နေအုံးမယ်။ ဟူး …… နင့်ကိုပြောရတာ မောလိုက်တာ။” ဒုန်း .. ဒုန်း .. ဒ ရော … ဘုတ်။ ( ဒုန်း = သရက်သီး ခေါင်မိုးပေါ်သို့ ပထမကျသံ၊ ဒုန်း = နောက်တဆင့်ခုန်သံ၊ ဒ ရော = သရက်သီး သွပ်ပြားပေါ်လိမ့်သံ။ ဘုတ် = သရက်သီးမြေကြီးပေါ်ကျသံ ) “ ဟာ .... ဟိတ်ကောင် .... ခေါင်းမိုးနဲ့ လွတ

မမာကျန်းသူများအကြောင်း။

  ကားတွေ မီးပွိုင့်မိနေတုန်း လမ်းဘေးမှာ အပေါစား  စကတ်တို ညစ်ထပ်ထပ်လေးနဲ့ မော်ဒယ်လေးတစ်ယောက်လို လမ်းလျှောက်သွားတဲ့ အမျိုးသမီးတစ်ယောက်... တခုခု လွဲနေသလားလို့....သေသေချာချာ ကြည့်မိလိုက်ပါတယ်.... စိတ်မကောင်းစရာ...ဆံပင်ဖြူဖြူ အရေတွေတွန့်လို့...သူ့ပုံစံကတော့ တကယ့်ကို မော်ဒယ်လေးတစ်ယောက် cat  walk လျှောက်သလို  confidence အပြည့်နဲ့..... နောက်တစ်ယောက်ကတော့ နေပူကျဲကျဲထဲမှာ အထပ်ထပ် ထပ်ထားသော အ၀တ်အစားများက ရာသီစုံ အ၀တ်စုံ...၀က်ဝံကြီး တစ်ကောင်စာလောက် ဖြစ်လာတဲ့  အ၀တ်ထုပ်ကြားက ခပ်ပိန်ပိန်ကိုယ်လုံးနဲ့.... သည်ကြားထဲ သယ်လာတဲ့ ဘူးစုတ် ခွက်စုတ် ပုလင်းစုတ်တွေနဲ့ ကိုယ့်ကိုယ်တောင် မလဲပြိုအောင် အနိုင်နိုင်ထိန်းရင်မနိုင်.... သူ့ကြည့်ပြီး ကိုယ်တောင် စိတ်အိုက်နောက်ရှုပ်သွားမိရဲ့။   ဓာတ်ဆီဆိုင်မှာ ဆီလာထည့်တိုင်း  လမ်းလယ်ခေါင်က  ကွန်ကရစ်တုံးတွေကို သူမရဲ့ ကြယ်မြင်လမြင် နန်းတော်ထဲက  အဆောင်တော်လို  သဘောထား။ အ၀တ်ပိုင်းလေးခင်းလို့...သူ့ဆီမှာ  ပလပ်စတစ် ခြင်းတောင်းတစ်လုံးတော့ မြင်တယ်.. တခါတလေလည်း ခေါင်းမြီးခြုံပြီး..စောစောစီးစီး အိပ်တတ်တယ်..သိပ်ချမ်းတဲ့ ရာသီမျိုးတွေမှာတောင်  သူ ဒီလိုပဲ..စိတ်ချလက်ချ လုံခြုံစွာ အိ