Friday, October 31, 2008

အောက်တိုဘာ ၃၁- တစ်နေ.တာ

ဒီနေ့တနေ့လုံး လမ်းပေါ်မှာပါပဲ.. ကိစ္စလေးရှိလို့ ကန်တော်ကြီးကို တစ်ချက်ဝင်၊ ပြီး Myanmar ICT Exhibition ဆယ်နှစ်မြောက် ပြပွဲကို တပ်မတော်ပြခန်းမှာ ၀င်ပတ်။ လိုချင်တာက scanner...။ အင်း.. ရလာတာကတော့... ပြခန်းတွေက ကမ်းလိုက်တဲ့ စာရွက်တွေပါပဲ...။ laptop တွေလည်း ထပ်ငမ်းလာခဲ့သေးတယ်။ ကိုယ်က Toshiba သုံးနေကျမို့လားတော့ မသိ.. battery နဲ့ သုံးရချိန် နည်းတာက လွဲလို့ ...Toshiba ကိုတော်တော်သဘောကျမိရဲ့။

နောက်ပြီး modem သိပ်မကောင်းချင်တော့လို့ အသစ်ဝယ်မလားဆိုပြီး.. မေးမြန်းကြည့်လိုက်တော့မှ..  နောက်ပိုင်း ဇယားတွေ ကျန်နေသေးတယ် ဆိုလို့ မ၀ယ်ဖြစ်လိုက်ဘူး။ သက်ဆိုင်တဲ့ လူတွေကို သေသေချာချာ စုံစမ်းပြီးမှပဲ.. ။ ပြပွဲကို နှစ်ပတ် သုံးပတ်လောက်ပတ်... ဒီကြားထဲ သူက ဟိုငေးလိုက် ကိုယ်က ဆက်လျှောက်လိုက်နဲ့.. သည်လောက် လူရှင်းတဲ့ကြား လူပျောက်နေလို့.. ဟယ်လို ဟယ်လို လုပ်နေရသေး။ 

ဆယ့်နှစ်နာရီခွဲလောက်ကျတော့ ကလေးတွေကို ကျောင်းကြိုချိန်နီးလာလို့ နီးနီးနားနား စိန်ဂေဟာ ပြေး၊ ဖြစ်သလိုလေး ၀က်သား အခေါက်အသားကင်နဲ့ ယိုးဒယားသဘောင်္သီးထောင်းနဲ့စား။ ပြီး သူက ဆံပင်ညှပ်တော့...ကိုယ်က ဆံပင်ဖြောင့်ရင်ကောင်းမလား စဉ်းစားသေးတယ်။ သူငယ်ချင်း အပျိုကြီး မမ တစ်ယောက်က သူ့ဆံပင်တွေ ဖြောင့်ထားတယ် ကြွားထားလို့... အားကျမခံပေါ့.. ဒါပေမယ့် ... ကျမလည်း  တခါ ဖြောင့်ထားဖူးတော့ ...သိနေပြီလေ.... ကိုယ့်ဆံပင် သူများဆောင့်ဆွဲတာခံပြီး အနာခံမယ့်အစား... စိန်ဂေဟာမှာရှိတဲ့ Today စာအုပ်ဆိုင်မှာ ဟိုမြည်း သည်မြည်း စာတွေ သွားဖတ်တာကမှ တော်သေးရဲ့လို့... ။ 

စာအုပ်ဆိုင်ရောက်တော့မှ.. ကိုယ် ဖတ်ချင်နေတဲ့ စာအုပ် .. မေးလိုက်တော့ ရှိနေတာနဲ့ အခန့်သင့်သွားတယ်.. ထွက်ပြီးကတည်းက ကျမနဲ့ မတိုက်ဆိုင်ပဲ လွဲနေတဲ့ ဆရာမ ဂျူးရဲ. “သူ မင်းကို ဘယ်တော့မှ...” ။ ကျမ ၀တ္ထု လုံးချင်းတွေကို အချိန်ပေးပြီး မဖတ်နိုင်တာ ကြာပါပြီ။ ငယ်ငယ်ကတည်းက  စာအုပ်ဆို တစ်ထိုင်တည်း အပြီး ဖတ်ချင်တာ..။ (ကျောင်းစာတော့ မပါပါ)။ သိုင်းဝတ္ထုတွဲတွေများ ဖတ်လို့ကတော့ နေလေရော့...။ မိဘတွေကလည်း နားအေးရင် ပြီးရော ဆိုပြီး ပစ်ထားတာနေမှာပေါ့...။ အဲဒီအကျင့်ကြောင့် ကိုယ် အချိန်မပေးနိုင်သေးရင် စာအုပ်ကို လုံးဝ မကိုင်။  

အခုလို လုပ်စရာတွေ တောင်လိုပုံနေတဲ့ အချိန်မှာ.. လုံးချင်းထက် စာရင် ကိုယ့်စိတ်အဆာပြေ ၀တ္ထုတိုလေးတွေက ပိုအဆင်ပြေတယ်လေ...။ အားတဲ့အချိန်လေး...  တပုဒ်လောက် လှန်လှော ဖတ်လိုက်.. စိတ်ကျေနပ်သွားတာပါပဲ...။ အခုအချိန်မှာတော့ အင်တာနက်ထဲကနေ စာတွေ ဖတ်လို့ ရနေပေမယ့် ကျမစိတ်ထဲမှာတော့ စာအုပ်ကို ကိုင်ဖတ်ရတဲ့ အရသာကို အစားထိုးလို့ မရနိုင်သေး။ စာအုပ်လေးကို ကိုင်ပြီး အိပ်ယာပေါ်မှာ ဆန့်ဆန့်ကြီး အနှောင့်အယှက် မရှိ စာဖတ်နေရတာ တော်တော် ဇိမ်ကျတာကလား.. :)

ဆရာမ ဂျူးကို အမှတ်တရ အခန်းဆက်မှာကတည်းက နှစ်ခြိုက်ခဲ့ရတာ...။ သူ့ဟန်နဲ့ သူ့စတိုင်...ရှိနေနေတာကိုပဲ သဘောကျမိတာ။ အကြောင်းအရာပိုင်း၊ လက်ခံနိုင်တာ မခံနိုင်တာထက် သူ့အရေးအသားတွေကို တလုံးမကျန် ဖတ်နေချင်တာ...။ အဲဒီတော့ ဂျူး စာအုပ်မှန်သမျှ ဖတ်ဖြစ်တာပါပဲ။ နောက်ပိုင်း အထွက်ကျဲလာသလို .. အရင်က စာတွေလောက် စိတ်ထဲ စွဲမနေရစ်ခဲ့တော့ပါဘူး။ 

ဒါပေမယ့် .... ဒီတစ်အုပ်ကတော့.... အရင်လို ဟာတာတာကြီး ဖြစ်မကျန်ရစ်စေခဲ့ဘဲ ရှင်းလင်းစေမယ့် အလင်းရောင်လေးတော့ ပေးသွားခဲ့ပါတယ်... ။
“ ကိုယ့်ကိုယ်ကို ယုံကြည်မှ သူများက ယုံကြည်ထိုက်သူလို့ မြင်ခံရမှာပါ။ ကိုယ့်ကိုယ်ကို မယုံကြည်တဲ့သူက သူများကိုလည်း မယုံကြည်ဘူး။ သူများကလည်း ကိုယ့်ကို မယုံကြည်နိုင်ပါဘူး။ အဲဒီယုံကြည်မှုမျိုး ရမှ တစ်ယောက်နဲ့ တစ်ယောက် ပေါင်းသင်း ဆက်ဆံရေး ဆိုင်ရာ ယုံကြည်မှုကို တည်ဆောက်ယူနိုင်ပါလိမ့်မယ်။ အဲဒီကနေမှ အလွန်ကောင်းတဲ့ ရလဒ်ကို ရမယ်။ နေလို့ ထိုင်လို့ကောင်းတဲ့ အသိုက်အမြုံလေး တစ်ခုအဖြစ် ဖန်တီးပေးတယ်။ မိသားစုချင်း မိတ်ဆွေချင်း အသင်း အဖွဲ့သား အချင်းချင်း ယုံကြည်မှုက အောင်မြင်မှုဆီ တွန်းပို့ပေးတယ်။ ယုံကြည်မှုဆိုတာ မရှိရင် အဲဒီလူ့အဖွဲ့အစည်းဟာ မကြာခင် ပြိုကွဲပျက်စီးမှာပဲ”

(စာမျက်နှာ-၃၅၁- ဂျူး ၏ “ သူ မင်းကို ဘယ်တော့မှ...” မှ ကူးယူဖော်ပြပါသည်)

2 comments:

သင်းနွယ်ဇင် said...

ဆံပင်ဖြောင့်ထားတဲ့ ဓတ်ပုံလေးရှိရင် ကြည့်ချင်လိုက်တာ မမြင်ဘူးလို့

ပန်းခရမ်းပြာ said...

Ygn က ၀က်သား အခေါက်အသားကင်နဲ့ ယိုးဒယားသဘောင်္သီးထောင်း လေး စားချင်လိုက်တာ။ ဒီက သုံးထပ်သားကင်တွေကိုတော့ မုန်းနေပြီ။ ဈေးအပေါဆုံးနဲ့ အလွယ်ဆုံး နေ့လည်စာလေ။