Skip to main content

အတိတ်က နှစ်သစ်ကူးပျော်ရွင်ပွဲလေး တစ်ခု..

နှစ်သစ်ကူး ခါနီးတော့ ကြုံခဲ့ရတဲ့ နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲ တစ်ခု ကို သတိလိုက်မိရပါတယ်..

တိုက်တိုက်ဆိုင်ဆိုင် အဲဒီတုန်းက ဓာတ်ပုံလေးတွေလည်း ပြန်တွေ့လိုက်တာကိုး။

လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်ကဆိုတော့ ကြာပြီပေါ့။ ကျမတို့ ပထမဆုံးအကြိမ် ပြည်ပ ထိုင်းနိုင်ငံကို ရောက်တဲ့နှစ်မှာပဲ စက်ရုံက ဘော့စ်က နှစ်သစ်ကူးပျော်ပွဲ ရွှင်ပွဲကို စက်ရုံမှာ လုပ်ပါတယ်။

ကျမတို့ကလည်း အတွေ.အကြုံ မရှိသေးတော့ ဘာတွေလုပ်မှန်းတော့ မသိ....စက်ရုံဝင်း လေဟာနယ် ထဲမှာ စတိတ်စင်တွေ ဆောက်ကြ... အက တွေ တိုက်ကြနဲ့ ဆိုတော့ မိသားစု ပျော်ပွဲရွှင်ပွဲ ကပွဲဆိုပွဲတွေ နေမှာပေါ့လေ..။

ပွဲစတဲ့ နေ့မှာ ဘန်ကောက်ရုံးချုပ်က ၀န်ထမ်းတွေရော.... တခြား ဧည့်သည်တွေရော ရောက်နေကြပါတယ်။ ဒီပွဲပြီးရင်....New Year Holidays လေ.. နယ်က လူတွေများတော့ ပြန်မယ့်သူတွေ ပြန်ကြပါမယ်...။

ကျမတို့လည်း အသက်တွေက ငယ်တော့တဲ့ အရွယ်တွေမှ မဟုတ်တာ.. မြန်မာပီသစွာ အိနြေ္ဒရရနဲ့ အစားအသောက်လေးတွေ စားလိုက်.. သူတို့ ယဉ်ကျေးမှုအကြောင်းလေးတွေ ပြောလိုက်နဲ့ ..တခါတခါလည်း ခပ်တည်တည်နဲ့ မြန်မာလို အချင်းချင်း အတင်းအုပ်ချင် အုပ်နေတတ်သေး။
တကယ်တမ်းကျတော့ စက်ရုံက အလုပ်သမားတွေက လာအိုနယ်စပ်က သူတို့ အခေါ် အိစံတွေ များတယ်.. သူတို့ ကြိုက်တတ်တာလည်း မြန်မာလို တောသီချင်းတွေ.... ရောက်ကာစ ဆိုတော့ ယိုးဒယားစကားက နားရည်မ၀သေးဘူး။  ကွန်မျူနီကိတ် လုပ်ဖို့လောက်ပဲ အလုပ်ဖြစ်နေတာဆိုတော့ သူတို့ ပြောတာတွေ အများစုတော့ နားမလည်ပါဘူး..။ 


က တာ ဆိုတာ တွေလည်း ဒီအတိုင်းကြည့်.. ဟာသတွေဆိုလည်း  ပုံစံကြည့်ပြီး ရယ်လိုက်ကြနဲ့....
နောက်.. သူဌေး စီစဉ်တဲ့ အထူးအစီအစဉ်ဆိုတာ တစ်ခုပါတယ် ဆိုပဲ..။ ဘယ်သူ့မှလည်း မသိကြပါဘူး။ 


အဲဒီအစီအစဉ်လည်း ရောက်ရော.. ကျန်တဲ့ သူတွေ အကုန်လုံး ကိုယ့်နေရာ ကိုယ်ယူကြပေါ့။


လူတွေက စိတ်ဝင်တစား စောင့်ကြည့်နေကြချိန်မှာ... ဇာအကျီင်္ရှည်ကြီးတွေ ၀တ်ထားတဲ့ ရောင်စုံ မိန်းကလေးတွေ စင်ပေါ်တက်လာကြတော့.. အကိုကာလသားတွေက တဖြောင်းဖြောင်းနဲ့ လက်ခုပ်သြဘာ ပေးကြတာပေါ့လေ.. အားငယ်ရှာမှာ စိုးလို့။

အော်.. ကကြမှာ ထင်ရဲ့။ (အဲဒီတုန်းက မြန်မာပြည်မှာ အခုလို ခေတ်မှ မမီသေးတာ) .. နောက်တော့ ကရင်း တစ်ထပ် ပြီး တစ်ထပ် ချွတ်လိုက်ကြတာ.. နောက်ဆုံးတော့ .. အင်း .. ဘာမှ မကျန်တော့အောင်ပဲ...။


ကျမတို့လည်း မျက်နှာပူပြီး မကြည့်ရဲတော့ပါဘူး..
ကျမတို့ အုပ်စုထဲက အိုင်စီနဲ့ ကျောင်းပြီးတဲ့ ကောင်လေး တစ်ယောက်ပါပါတယ်။  သူ့အပြောအရ.. တကယ့်ကို ရိုးသားရှာတယ်.. ကျောင်းသာပြီး သွားတယ်.. လက်ဖက်ရည်ဆိုင် တစ်ခါမှ မထိုင်ဖူးဘူး. ကျောင်းတစ်ခါမှ မလစ်ဖူးဘူးတဲ့။ ဘီယာလေး နှစ်ဘူးလောက် သောက်ဖူးတာကိုပဲ ခဏ ခဏ ပြောနေတတ်တော့ ကျမဆို သူ အဲဒီအကြောင်း ပြန်စဖို့ စကားပျိုးလိုက်တာနဲ့..  ဘီယာနှစ်ဘူး သောက်တဲ့အကြောင်း မဟုတ်ရင် ဆက်ပြောလို့ နောက်လိုက်ရင် ပါးစပ်ကြီးကို တစ်ခါတည်း ပိတ်သွားတာပဲ။ (ဒါတောင် မမနဲ့ မတွေ.သေးလို့)


အဲဒီလို ရိုးသားတဲ့ ကိုဖိုးခွား ခမျာ.. အဲဒီ show လည်း မြင်ရော.. ထိုင်နေရရာကနေ ဆတ်ကနဲ ထရပ်လိုက်ပါတယ်။ ဟဲ့ ဘာလို့ရပ်တာလဲ ပြန်ထိုင်လို့ တစ်ယောက်က ပြောလိုက်တော့.. သူဘာဆက်လုပ်ရမှန်းမသိ... လက်တုန်တုန်နဲ့ သူ့ ရှေ့မှာ တွေ.တဲ့ ကင်မရာ ကောက်ကိုင်ပြီး ရိုက်မယ် လုပ်ပြန်ပါလေရော.... ကင်မရာ ပိုင်ရှင်ဖြစ်တဲ့ မစပယ်က... ဟဲ့ နင်က ဘာဖြစ်လို့ ငါ့ကင်မရာနဲ့ ရိုက်မှာလဲ သည်ပုံတွေကို..ငါက ဘယ်လို ကူးရမှာလဲ...တဲ့.. (အင်းလေ..အခုလို ဒီဂျစ်တယ်ခေတ်မှ မဟုတ်သေးတာ..ဟားဟား)
ဒါနဲ့ သူလည်း ကင်မရာကြီးကို ပြန်ချ.... နဂိုက မဖြူတဲ့  မျက်နှာကြီးကို နီရဲနေတာပါပဲ။ လုပ်မိလုပ်ရာ... ရေနွေးကြမ်းတွေ ကောက်သောက်လိုက်ပြန်ရော..ရေနွေးကြမ်းက ပူပူလောင်လောင်ဆိုတော့ သူ့ခမျာမှာ တကယ့်ကို ရုပ်ပျက် ဆင်းပျက်ပါပဲ။ 


ကျမတို့တွေလည်း မျက်နှာပူတာကနေ သူ ယောက်ယက်ခတ်နေတာကို ကြည့်ပြီး ရယ်နေရတာနဲ့ နဲနဲ နေသာထိုင်သာ ရှိသွားရပါတယ်။ ခဏနေတော့ အဲဒီ နတ်မိမယ်တွေ အောက်ဆင်းလာပြီး အမျိုးသားတွေနားမှာ ရစ်သီ ရစ်သီ လာလုပ်.. တချို့ကလည်း ပေါင်ပေါ်မှာ ထိုင်ခိုင်း... ပြီး တဟီးဟီး တဟားဟားနဲ့ သဘောတွေ ခွေ့နေကြတာပေါ့လေ။


အဲဒီနှစ်တုန်းက ဘော့စ်က ဖိတ်လိုက်လို့  ဘန်ကောက်ကို ခဏရောက်နေတဲ့ သူလည်း (မမ အခေါ် မန်းကီး) ရောက်လာပါတယ်။ ဘယ်.. သူကတော့ အိနြေ္ဒတစ်စက် မပျက်ပါဘူး။ လက်ပိုက်ပြီး  ခပ်တည်တည်ပါပဲ။ အာအိုင်တီကျောင်းသားဟောင်းဆိုတော့ ဂလောက်တော့ ဂလက်တောင် မဖြစ်သေး...နေမှာပေါ့။


တကယ်တမ်း မိသားစုပွဲ ဖြစ်လေတော့ မတင့်တယ်ပါဘူး။ တချို့ သမီး ပေါက်စမ တွေကလည်း  အဲဒီ နတ်မိမယ်တွေကို ကြည့်ြ့ပီး ပေါက်တတ်ကရတွေ လျှောက်မေးတော့ အဖေတွေလည်း ဘာဖြေရမှန်း မသိ။ တော်တော်တော့ လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့ရတဲ့ နှစ်ကူးကြိုပွဲ တစ်ခုပါပဲ...


ဒါပေမယ့် ဇာတ်လမ်းက သည်မှာတင် မပြီးသေးပါဘူး။

နောက်တစ်နေ့မှာပဲ.. အလုပ်သမားကောင်လေးတစ်ယောက်ကို “ဖီခေါက်” လို့တဲ့။ အင်း.. မြန်မာလို သရဲစီးတယ်လို့ ခေါ်မယ် ထင်တယ်။ သူတို့က တော်တော် သရဲကြောက်ကြတယ်။ အဲဒါနဲ့ ဘုန်းကြီးကျောင်းကို ခေါ်သွားပြီး.. ဘုန်းကြီးက ပရိတ်ရွတ် ဘုရားစာတွေ ရွတ်ပေးလိုက်မှ..ကောင်းသွားတော့တယ်။ ၀င်းပိုင်က အဲဒီ နတ်မိမယ်တွေ အဲဒီလိုပုံစံမျိုးနဲ့ ၀င်းထဲမှာ လာရောက် ဖျော်ဖြေတာကို ဒေါသတွေ ထွက်လို့ လုပ်လိုက်တာလို့ ဆိုပါတယ်။ 

နောက်ဆုံးတော့ ဘော့စ်ကိုယ်တိုင် ၀က်ခေါင်းတွေ.. စားကောင်းသောက်ဖွယ်တွေနဲ့ စက်ရုံဝန်းထဲက ညောင်ပင်လို အပင်ကြီးအောက်မှာ ဖယောင်းတိုင် အမွှေးတိုင်တွေနဲ့ ပြန်တောင်းပန် ပူဇော် ပ သ ရှိခိုး ရပါတော့တယ်။

နောက်ထပ်လည်း အဲဒီဝန်းထဲမှာ အဲဒီလို ပွဲမျိုးတွေ ကျင်းပ ဖြစ်တော့မယ် မထင်ပါဘူး။
ကျမလည်း နောက်ထပ် ထပ်မကြုံတော့ပါဘူး..။ (ကြုံရင်လည်း ပြောပါဦးမယ်.. ဟဲဟဲ)

Comments

Anonymous said…
ဟုတ်လား မtg။ တစ်ခါမှတော့ မကြုံဖူးသေးဘူး။ ကြောက်ဖို့ကောင်းလား။ ဒါဆိုနောက်ဆိုမလုပ်တော့ဘူးပေါ့။ ဖြစ်ရလေ။
Sonata Cantata said…
ဟ. ဟ .. ဘလော့ဂ်လာဖတ်သူတွေက ပုံကြည့်ချင်ပါတာဆို ခက်တော့မယ် ဒီကလေးမ
(မျက်နှာကြီးနီ၍ ဓာတ်ပုံရိုက်လိုသူ နေရာမှ ခံစားသည်။)
PAUK said…
အဲ့လို အကပွဲမျိုး ဒီမှာလည်း တအားပဲ..
ကန်တော့ ကန်တော့...မသာအိမ်တောင် ဒီလို
အကမိန်းကလေးတွေ ငှားပြီး ကခိုင်းသေးတယ်..
ယောင်္ကျားတွေ သေရင် ငှားကြတာ..
ငိုချင်းသည်လဲရှိတယ်..ဒီမှာ...
ကျနော်တို့ အလုပ်က တရုတ်နှစ်ကူးအတွက်
ညစာစားပွဲတွေမှာလည်း နှစ်တိုင်းလိုလို အဲ့ဒီ
အက ပါတယ်။။ အရမ်းကြီးတော့ မချွတ်ကြဘူးပေါ့..
ဒါပေမယ့်လည်း မကြည့်ချင်ဘူး...
khin oo may said…
စိတ်ဝင်စားစွာဖတ်သွားသည်။
ThuHninSee said…
တစ်ခါလောက်တော့ ကြည့်ချင်တယ်။ ဘယ်လိုများနေလဲလို့။ ဟိဟိ။
မတီဂျီရယ်..ကွန်မန့်ပေးလို့ မလွယ်ရင် မပေးပါနဲ့ ရပါတယ်။ အဲဒီဘက်ကနေ ဘလော့ဂ်ဝင်ရ ခက်ခဲတယ်ဆိုတာ နားလည်ပါတယ်။
said…
G Hall မှာတုန်းက ထမင်စားဆောင်မှာ ( Dinner ညလို့ထင်ပါတယ်) Pretty Women ဆိုပြီး ဖွင့်လိုက်တာ ဖော်ချွတ်ကားဖြစ်နေလို့ G Hall သူတွေပွက်လောညံ့သွားတာရယ် Video လိုက်ပြတဲ့ ကောင်းလေး ကြောက်ကြောက်လန့် ထပိတ်တဲ့ ပုံကို ပြန်မြင်ရောင်တယ်
tg.nwai said…
ဟားဟား.. အဲဒီတုန်းက ငါ မကြည့်မိပါဘူး.. ကြားလိုက်တယ်..ဒါနဲ့... video ပြတဲ့ ကောင်လေးက ဘာလို့ ကြောက်တာလဲဟင်..။ တွေးမိရင်း အဲဒီကောင်လေးအစား ကျောချမ်းလိုက်တာ..ဟဲဟဲ..

Popular posts from this blog

၁၁၂၇

ဘဝမှာ အခက်ခဲဆုံး အချိန်တွေကို ကျော်ဖြတ်နေရသလိုပါပဲ.... အားလုံးက ခက်ခဲနေကြတဲ့ကြားထဲ ကိုယ်က ထူးပြီး ခက်ခဲနေတာတော့ မဟုတ်ဘူးပေါ့.....ပတ်ဝန်းကျင်လိုက်ကြီး ခက်ခဲကြပ်တည်းနေကြတာ....အစစ အရာရာပေါ့လေ... ကိုယ်လည်း စိတ်ထဲ အဆင်ပြေမနေဘူး.... နေရတာလည်း လဟုတာ၊ မုဒုတာ ဖြစ်မနေဘူး... အရင်ကလို စိတ်ထဲရှိသမျှ ရေးချနိုင်တဲ့ blog ခေတ်ကို ပြန်လွမ်းလို့ ပြန်လာခဲ့တယ် ဆိုပါေတာ့.... မနေ့...အဲ...ဟို တနေ့လောက်က စပြီး Netflix က ကိုးရီးယားဇာတ်လမ်းတွဲ တခု ကြည့်ဖြစ်တယ်.... ပုံမှန်ဆို တညထဲနဲ့ အကုန်ကြည့်တတ်ပေမဲ့...အဲဒီ့ကားလေးကိုတော့ နားနားပြီး ကြည့်ရတယ်... ပြောရမယ်ဆိုရင် စိတ်ကို ဘယ်နားထားရမှန်းမသိလို့ အချိန်ဖြုန်းနေတဲ့ သဘောပါပဲ... ကိုယ်က ငယ်ငယ်ကတည်းက တက္ကသိုလ်ဘုန်းနိုင် ရဲ့ စာအုပ်တွေဖတ်ပြီး စိတ်ပညာကို  စိတ်ဝင်စားလို့ တက္ကသိုလ်ဝင်ခွင့်တင်တော့ ကိုယ်တိုင်မတင်လိုက်ရဘူး...ဖေဖေပဲ တင်ပေးတာထင်ရဲ့... ပထမ၊ ဒုတိယ၊ တတိယ ဦးစားပေးတွေက သိတဲ့အတိုင်း ဆေး၊ စက်မှုု အီကို၊ ပြီးရင် စိတ်ပညာ လို့ လျှောက်ထားဖြစ်ခဲ့တယ်... အခု အမှတ်တမဲ့ ကြည့်မိတဲ့ ကိုရီးယားကားလေးက တက္ကသိုလ်ဆေးရုံတခု ရဲ့ စိတ်ကျန်းမာရေး unit တခုက သူနာပြုဆရာမလေးကို အခြေခံတဲ့ ဇာတ်လမ်

ဥယျာဉ်တော်ထဲက သရက်သီး ငတက်ပြား ..အပိုင်း (၂) (K-မမ ရေးသည်)

တွဲလဲရယ် နေပါဦး.. (ပုံလေးကို ဒီကယူပါသည်) “ ဟိတ်ကောင် .... မင်းထမီကို ခါးတောင်းကျိုက်လိုက်.. ..ဒီထိုင်ခုံကို ငါ နံရံမှီထားပေးမယ်။ ထိုင်ခုံဘောင်ကနေ နောက်မှီတန်းပေါ်ကိုလှမ်း။ လက်နှစ်ဖက်က အဲဒီ သံဇကာကိုဆွဲ။ ဟိတ်ကောင် ..... မှန်စောင်းနဲ့ လွတ်တဲ့နေရာကို ပြောတာ။ မင်းလက်တော့ မှန်ရှတော့မှာပဲ။ အေး.... ဟုတ်ပြီ အဲဒီလို ခဏခိုထား။ ငါဒီပြတင်းပေါက်ကို မြဲမြဲကိုင်ထားမယ်။ ညာခြေထောက်က ပြတင်းပေါက်ဘောင်ပေါ်ကို လှမ်းနင်း။ နင်း .....ရဲရဲသာနင်း။ ပြုတ်ကျရုံအပြင် ဘာမှမဖြစ်ဘူး။ ဘယ်ခြေထောက်က တလှမ်းတက်။ အေး .... ညာခြေထောက်က ခေါင်းမိုးပေါ်ချ။ ညာလက်က ခေါင်ချုပ်သစ်ကိုဆွဲ။ ဘယ်ခြေကိုပါ တခါတည်း ခေါင်းမိုးပေါ်ချ။ အေး.... ဟုတ်ပြီ။ ရော့ .....ဝါးလုံး။ ဟိတ်ဟိတ်..... အဲဒီအလယ်လောက်မှာပဲနေ။ ဆက်မဆင်းနဲ့။ တော်ကြာ ခေါင်းမိုးပေါ်က ပြုတ်ကျနေလို့ ကျော်မကောင်း ကြားမကောင်းတွေ ဖြစ်နေအုံးမယ်။ ဟူး …… နင့်ကိုပြောရတာ မောလိုက်တာ။” ဒုန်း .. ဒုန်း .. ဒ ရော … ဘုတ်။ ( ဒုန်း = သရက်သီး ခေါင်မိုးပေါ်သို့ ပထမကျသံ၊ ဒုန်း = နောက်တဆင့်ခုန်သံ၊ ဒ ရော = သရက်သီး သွပ်ပြားပေါ်လိမ့်သံ။ ဘုတ် = သရက်သီးမြေကြီးပေါ်ကျသံ ) “ ဟာ .... ဟိတ်ကောင် .... ခေါင်းမိုးနဲ့ လွတ

မမာကျန်းသူများအကြောင်း။

  ကားတွေ မီးပွိုင့်မိနေတုန်း လမ်းဘေးမှာ အပေါစား  စကတ်တို ညစ်ထပ်ထပ်လေးနဲ့ မော်ဒယ်လေးတစ်ယောက်လို လမ်းလျှောက်သွားတဲ့ အမျိုးသမီးတစ်ယောက်... တခုခု လွဲနေသလားလို့....သေသေချာချာ ကြည့်မိလိုက်ပါတယ်.... စိတ်မကောင်းစရာ...ဆံပင်ဖြူဖြူ အရေတွေတွန့်လို့...သူ့ပုံစံကတော့ တကယ့်ကို မော်ဒယ်လေးတစ်ယောက် cat  walk လျှောက်သလို  confidence အပြည့်နဲ့..... နောက်တစ်ယောက်ကတော့ နေပူကျဲကျဲထဲမှာ အထပ်ထပ် ထပ်ထားသော အ၀တ်အစားများက ရာသီစုံ အ၀တ်စုံ...၀က်ဝံကြီး တစ်ကောင်စာလောက် ဖြစ်လာတဲ့  အ၀တ်ထုပ်ကြားက ခပ်ပိန်ပိန်ကိုယ်လုံးနဲ့.... သည်ကြားထဲ သယ်လာတဲ့ ဘူးစုတ် ခွက်စုတ် ပုလင်းစုတ်တွေနဲ့ ကိုယ့်ကိုယ်တောင် မလဲပြိုအောင် အနိုင်နိုင်ထိန်းရင်မနိုင်.... သူ့ကြည့်ပြီး ကိုယ်တောင် စိတ်အိုက်နောက်ရှုပ်သွားမိရဲ့။   ဓာတ်ဆီဆိုင်မှာ ဆီလာထည့်တိုင်း  လမ်းလယ်ခေါင်က  ကွန်ကရစ်တုံးတွေကို သူမရဲ့ ကြယ်မြင်လမြင် နန်းတော်ထဲက  အဆောင်တော်လို  သဘောထား။ အ၀တ်ပိုင်းလေးခင်းလို့...သူ့ဆီမှာ  ပလပ်စတစ် ခြင်းတောင်းတစ်လုံးတော့ မြင်တယ်.. တခါတလေလည်း ခေါင်းမြီးခြုံပြီး..စောစောစီးစီး အိပ်တတ်တယ်..သိပ်ချမ်းတဲ့ ရာသီမျိုးတွေမှာတောင်  သူ ဒီလိုပဲ..စိတ်ချလက်ချ လုံခြုံစွာ အိ