Skip to main content

သဇင်အမှတ်တရများ... ကိုယ် နှင့် လှဧကရီ ( ၂ )(ရေးသူ- K-မမ)

၂။ လှဧကရီ ကြောက်တဲ့ တောက်တဲ့

"သစ်ပင်ပေါ်မှာ ထိုင်နေတဲ့ တောက်တဲ့ တောက်တဲ့ …. မိုးလေဝသ ဟောနေတယ် တောက်တဲ့ တောက်တဲ့ …. အို ဟောလိုက်စမ်းပါ .. အို တောက်တဲ့ …. "
" နွေအကြိုရွှေဥဩ ပန်းပိတောက်ကိုမြင်မှ နွေရောက်တာ ကိုယ်သိတယ် … အော် ...နွေတဲ့လား…"


နွေအလှဟာ ဥဩငှက်ကြောင့် ပိုပီပြင်လာတယ်လို့ ကဗျာတွေ သီချင်းတွေမှာ ဆိုခဲ့ကြတာပါ။ ဒီလိုပါပဲ မိုးရာသီနဲ့ တောက်တဲ့အော်သံ ဟာ ပနံသင့်ခဲ့တာပေါ့။

သရက်သီး ငတက်ပြားမှာရေးခဲ့သလို သဇင်ဆောင်ရဲ့ အနောက်ဘက် ကုက္ကိုသုံးပင်မှာ ရာသီမသိတဲ့ ဥဩနဲ့ တောက်တဲ့ တို့ ရှိခဲ့ကြတာပါ။ ငါတို့ သဇင်ဆောင်ရောက်စက ဒီဇင်ဘာပေါ့။ အဲဒီဥဩနဲ့ တောက်တဲ့ဟာ သုံးရာသီလုံး မနက်မှာဆို Good Morning ဆိုပြီးနှုတ်ဆက်အိပ်ယာထခဲ့သလို ညဘက်ဆို Good Night ဆိုပြီးနှုတ်ဆက်အိပ်ယာဝင်ခဲ့ကြတာ။ ဟဲ့.. ဥဩ ဒါဆောင်းရာသီ နင်အော်စရာ မဟုတ်ဘူး။ ဟဲ့ တောက်တဲ့ ဒါမိုးရာသီမဟုတ်ဘူး မအော်နဲ့လို့ တားခဲ့ရင် တရားသောလုပ်ရပ် မဟုတ်ပါ။ ဒါဟာ မွေးရာပါသူ့အခွင့်အရေးပါ။ ဘယ်သူ့ကိုမှ မထိခိုက်တဲ့ သူ့ဆန္ဒ၊ သူ့လွတ်လပ်မှု့ပါ။ လေးစားရမှာ သဇင်သူတို့ တာဝန်ပါ။ ( အင်း...ဒါကြောင့် လိုရင်းတိုရှင်းမှာ ဘဲဥ မကွဲခဲ့တာ။ ဟိုတုန်းက ကျောင်းဖွင့်ရက် ကျောင်းပိတ်ရက် မကြေညာပါ။ ဒီဇင်ဘာ ပထမပတ် တနလာင်္နေ့ဟာ တက္ကသိုလ်အားလုံး စာသင်နှစ်အစ ကျောင်းဖွင့်ရက်ဖြစ်သလို၊ စက်တင်ဘာ စာမေးပွဲကြီးပြီးရင်တော့ စာသင်နှစ်နောက်ဆုံး ကျောင်းပိတ်ရက် ဖြစ်ပါတယ်။ မတ်လကုန်လို့ ဧပြီလ တလလုံး 1st term ကျောင်းပိတ်ရက်ဖြစ်ပြီး 2nd term ကိုတော့ မေလ ပထမပတ် မှာပြန်ဖွင့်ပါတယ်။ )

ထုံးစံအတိုင်းတညမှာ လှဧကရီတို့ အခန်းမှာ စုမိကြပြန်တယ်။ လှဧကရီက တောင်ငူထွက် ဖိုးဆန်း ပဲကြီးလှော်နဲ့ ဧည့်ခံပါတယ်။ အဲဒီအချိန်မှာ တောက်တဲ့က "တောက် .. တောက် .. တောက် .. တောက် .. တောက်တဲ့ " ဆိုပြီး Good Night လုပ်ပါတယ်။ အသံက ကုက္ကိုပင်က မဟုတ်ပါ။ အခန်း ၃၃ ခန်းရဲ့ဘေး လူမထားတဲ့ အခန်း ၃၅ ဘက်က လာတာပါ။ တကယ့် နီးနီးလေးပါ။ လှဧကရီတို့ အခန်းက ၃၁။ ဘေးမှာ ငါတို့နေတဲ့ အခန်း ၃၃ ပဲခြားတော့တာ။ အခန်းထဲရှိသူအားလုံး မျက်လုံးအဝိုင်းသားနဲ့ ကြောက်စိတ်တွေ ဝင်နေကြပါပြီ။ တောက်တဲ့ကလည်း တတောက်တောက်နဲ့ အဆက်မပြတ် အော်နေတာဟာ မိုးရွာမှာမို့ ဗေဒင်ဟောတာတော့ မဖြစ်နှိင်ဘူး။ ဆောင်းညဟာ ကြယ်စုံလင်စွာ၊ တိမ်စင်ကောင်းကင်နဲ့ လှပနေတာပါ။ ဧကန္တ လောလောလတ်လတ် လှဧကရီဘွဲ့ရ ခဲ့တဲ့ လှဧကရီကို "အရမ်း .. အရမ်း .. အရမ်း .. လှတယ်ပါပဲဗျာ" လို့ပြောနေသယောင်။

တယောက်က ထ မေးပါတယ် တောက်တဲ့ မြင်ဘူးလား တဲ့။ အဖြေမလာဘူး။ ဟာ ဒီလိုတော့မဖြစ်ဘူး။ ၁၀-တန်းကြီးတောင် အောင်လို့ ၁၁-တန်းတောင် တက်နေတဲ့ တက္ကသိုလ် ကျောင်းသူကြီးတွေ ဒီလောက်လေးတောင် ဗဟုသုတ မရှိဘူးလို့တော့ အပြောမခံနိုင်ဘူးလေ။ ဒီတော့ ငါသိတဲ့ တောက်တဲ့ကို ပုံဖော်ရပါတော့တယ်။

"တောက်တဲ့က အစိမ်းရင့်(ပုတ်)ရောင်၊ အမြီးတုတ်တုတ်၊ ခြေလက်တုတ်တုတ်၊ အဖုဖုတွေနဲ့ အဆောက်ဦနံရံတို့ အမိုးတို့မှာ တွယ်ကပ်နေတတ်တယ်။ လူတစ်တောင်နီးပါး အရွယ်ရှိတယ်။ အဲ... လူကို တွယ်ကပ်မိရင်တော့ ဘယ်လိုမှခွာလို့ မရဘူး။ သူကိုယ်တိုင် ဆန္ဒရှိမှ ကွာတာ၊ အထူးသဖြင့် လှတဲ့မိန်းကလေးတွေကို" လို့ ပြောလိုက်ရော မျက်လုံးမှေးတဲ့သူကအစ သမင်မျက်လုံးလေးလို ဝိုင်းစက်သွားပါတော့တယ်။

တကယ်လားလို့ အထိတ်တလန့်နဲ့ မေးလာတဲ့ လှဧကရီရဲ့ အမေးကို ရိုးရိုးလေး တကယ်လို့ ဖြေခဲ့ရင် လှဧကရီတယောက် စောစောအားကိုးရှာမလားပဲ။ ငါ့ အဖြေလဲကြားရော ဟားတိုက်ရယ်တဲ့သူနဲ့... "ဟဲ့ .. အဲဒါ တောက်တဲ့ မဟုတ်ဘူးဟဲ့" ဆိုပြီး ခေါင်းအုံးနဲ့ ငါ့ကို ရိုက်တဲ့သူနဲ့ ခုနက ကြောက်စိတ်အားလုံး ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်ရော။

"ဟုတ်တယ် တောက်တဲ့က မိန်းမလှလေးဆို ပိုကပ်တယ်။ မသိဘူးလား တောက်တဲ့ အပျိုလိုချင် ခေါင်းညိတ် ခေါင်းညိတ်...ဆိုတာလေ။"

ပြောပြီး မှားသွားပြီဆိုတာ သိလိုက်ပေမယ့် ချောဆီလွန်သွားတဲ့ လျှာကို ဘယ်လိုမှ ဘရိတ်အုပ်ဖို့ မမီတော့ဘူး။ ရလဒ်ကတော့ လှဧကရီက ငါ့ကို အမည်သစ်တခု ပေးလိုက်တာပါပဲ။ "ရွှီးစိန်" တဲ့။ အဲဒီကတည်းက ခေါ်လာတာ ၃ တန်းကျောင်းတော်ကြီး ပိတ်တဲ့ အထိပါပဲ။ ကံကောင်းတယ်လို့ ပြောရမလား ၊ မတွေ့ရတာ နှစ်တွေကြာခဲ့လို့လား မသိဘူး ကျောင်းပြန်ဖွင့်တဲ့အခါမှာတော့ အဲဒီ အမည်လေးကို သူ မေ့သွားခဲ့ပါတယ်။ ငါ လည်း နာမည်ပြောင်တခုလျှော့သွားတာပေါ့။ ကျေးဇူး လှဧကရီ။

အဖေတူမို့ချောတဲ့ (သူ့ Blog မှာဖတ်နှိင်ပါသည်။) ကိုစိုးလေး သမီးလှဧကရီဟာ ကိုစိုးလေးရဲ့ မြေးမလေးကို "ဒေါ်ရမ်းတုတ်" လို့ အမည်ပေးထားတာ သူ့ Blog မှာ တွေ့တော့ အော် အခုမှ အမည်ပေးကောင်းတာ မဟုတ်။ ဟိုလွန်ခဲ့သော ၂၄ နှစ်ကတည်းက အမည်ပေးကောင်းခဲ့သူဖြစ်ကြောင်း တိတ်တိတ်လေး မှတ်ချက်ပေးပြီး လှည့်ပြန်ခဲ့ပါတယ်။

(ဝန်ခံချက်။ ။ သင်းနွယ်ဇင် Blog မှ (My beloved "Daw Yann Tote") ကြောင့် တရံရောအခါက ရှေးဟောင်းအောင်းမေ့ဘွယ် သိုက်သမိုင်းကို တူးဖော်မိခြင်းဖြစ်ပါသည်။) ..

Comments

Anonymous said…
ဟီဟီး.. သတိရစရာလေးတွေတော့ ဖြစ်ကုန်ပီ။ ဒန်..ဒန့်..ဒန်..။ အဲ့လောက်ကြီးတဲ့ တောက်တဲ့သာဆိုရင် အန်တီသင်းနွယ်ဇင်တောင်ဟုတ်ဘူး.. သားသားပါ ကြောက်လို့လန့်ပြေးမှာ။းD

ဖိုးဆန်းပဲကြီးလှော်တဲ့ စားကောင်းလားဟင်.. ခုမှကြားဖူးလို့။
Sonata Cantata said…
မမရေ နင့်စာတွေဖတ်ပြီး ငါတို့အဖွဲ့ထဲက သူငယ်ချင်း Pyoo ကို သတိရလိုက်တာ။ သူ့နှုတ်ကထွက်လာ သမျှစကားလုံးတွေက ပြုံးပျော်စရာချည်းမို့ လမ်းသွားရင်တောင် ငါတို့တွေ သူ့ရဲ့ ဘယ်လက်(သို့) ညာလက်မှာ လက်ချင်းချိတ်ပြီး နေရာလုခဲ့ရတာ အမော...ထားတော့
ရယ်စရာတွေ ပြောတတ်တဲ့ သူတွေရဲ့ ရင်ထဲမှာတော့ ပျော်စရာတွေချည်း မဟုတ်ဘူးဆိုတာ နင့်စာတွေကပဲ ပြောနေပြန်တယ်...
ဒေါ်ရွှီးစိန်.. ဟဲဟဲသတိရသွားပြီ.. ခုချိန်ထိ ရွှီးကောင်းတုံးနော်..

Popular posts from this blog

၁၁၂၇

ဘဝမှာ အခက်ခဲဆုံး အချိန်တွေကို ကျော်ဖြတ်နေရသလိုပါပဲ.... အားလုံးက ခက်ခဲနေကြတဲ့ကြားထဲ ကိုယ်က ထူးပြီး ခက်ခဲနေတာတော့ မဟုတ်ဘူးပေါ့.....ပတ်ဝန်းကျင်လိုက်ကြီး ခက်ခဲကြပ်တည်းနေကြတာ....အစစ အရာရာပေါ့လေ... ကိုယ်လည်း စိတ်ထဲ အဆင်ပြေမနေဘူး.... နေရတာလည်း လဟုတာ၊ မုဒုတာ ဖြစ်မနေဘူး... အရင်ကလို စိတ်ထဲရှိသမျှ ရေးချနိုင်တဲ့ blog ခေတ်ကို ပြန်လွမ်းလို့ ပြန်လာခဲ့တယ် ဆိုပါေတာ့.... မနေ့...အဲ...ဟို တနေ့လောက်က စပြီး Netflix က ကိုးရီးယားဇာတ်လမ်းတွဲ တခု ကြည့်ဖြစ်တယ်.... ပုံမှန်ဆို တညထဲနဲ့ အကုန်ကြည့်တတ်ပေမဲ့...အဲဒီ့ကားလေးကိုတော့ နားနားပြီး ကြည့်ရတယ်... ပြောရမယ်ဆိုရင် စိတ်ကို ဘယ်နားထားရမှန်းမသိလို့ အချိန်ဖြုန်းနေတဲ့ သဘောပါပဲ... ကိုယ်က ငယ်ငယ်ကတည်းက တက္ကသိုလ်ဘုန်းနိုင် ရဲ့ စာအုပ်တွေဖတ်ပြီး စိတ်ပညာကို  စိတ်ဝင်စားလို့ တက္ကသိုလ်ဝင်ခွင့်တင်တော့ ကိုယ်တိုင်မတင်လိုက်ရဘူး...ဖေဖေပဲ တင်ပေးတာထင်ရဲ့... ပထမ၊ ဒုတိယ၊ တတိယ ဦးစားပေးတွေက သိတဲ့အတိုင်း ဆေး၊ စက်မှုု အီကို၊ ပြီးရင် စိတ်ပညာ လို့ လျှောက်ထားဖြစ်ခဲ့တယ်... အခု အမှတ်တမဲ့ ကြည့်မိတဲ့ ကိုရီးယားကားလေးက တက္ကသိုလ်ဆေးရုံတခု ရဲ့ စိတ်ကျန်းမာရေး unit တခုက သူနာပြုဆရာမလေးကို အခြေခံတဲ့ ဇာတ်လမ်

ဥယျာဉ်တော်ထဲက သရက်သီး ငတက်ပြား ..အပိုင်း (၂) (K-မမ ရေးသည်)

တွဲလဲရယ် နေပါဦး.. (ပုံလေးကို ဒီကယူပါသည်) “ ဟိတ်ကောင် .... မင်းထမီကို ခါးတောင်းကျိုက်လိုက်.. ..ဒီထိုင်ခုံကို ငါ နံရံမှီထားပေးမယ်။ ထိုင်ခုံဘောင်ကနေ နောက်မှီတန်းပေါ်ကိုလှမ်း။ လက်နှစ်ဖက်က အဲဒီ သံဇကာကိုဆွဲ။ ဟိတ်ကောင် ..... မှန်စောင်းနဲ့ လွတ်တဲ့နေရာကို ပြောတာ။ မင်းလက်တော့ မှန်ရှတော့မှာပဲ။ အေး.... ဟုတ်ပြီ အဲဒီလို ခဏခိုထား။ ငါဒီပြတင်းပေါက်ကို မြဲမြဲကိုင်ထားမယ်။ ညာခြေထောက်က ပြတင်းပေါက်ဘောင်ပေါ်ကို လှမ်းနင်း။ နင်း .....ရဲရဲသာနင်း။ ပြုတ်ကျရုံအပြင် ဘာမှမဖြစ်ဘူး။ ဘယ်ခြေထောက်က တလှမ်းတက်။ အေး .... ညာခြေထောက်က ခေါင်းမိုးပေါ်ချ။ ညာလက်က ခေါင်ချုပ်သစ်ကိုဆွဲ။ ဘယ်ခြေကိုပါ တခါတည်း ခေါင်းမိုးပေါ်ချ။ အေး.... ဟုတ်ပြီ။ ရော့ .....ဝါးလုံး။ ဟိတ်ဟိတ်..... အဲဒီအလယ်လောက်မှာပဲနေ။ ဆက်မဆင်းနဲ့။ တော်ကြာ ခေါင်းမိုးပေါ်က ပြုတ်ကျနေလို့ ကျော်မကောင်း ကြားမကောင်းတွေ ဖြစ်နေအုံးမယ်။ ဟူး …… နင့်ကိုပြောရတာ မောလိုက်တာ။” ဒုန်း .. ဒုန်း .. ဒ ရော … ဘုတ်။ ( ဒုန်း = သရက်သီး ခေါင်မိုးပေါ်သို့ ပထမကျသံ၊ ဒုန်း = နောက်တဆင့်ခုန်သံ၊ ဒ ရော = သရက်သီး သွပ်ပြားပေါ်လိမ့်သံ။ ဘုတ် = သရက်သီးမြေကြီးပေါ်ကျသံ ) “ ဟာ .... ဟိတ်ကောင် .... ခေါင်းမိုးနဲ့ လွတ

မမာကျန်းသူများအကြောင်း။

  ကားတွေ မီးပွိုင့်မိနေတုန်း လမ်းဘေးမှာ အပေါစား  စကတ်တို ညစ်ထပ်ထပ်လေးနဲ့ မော်ဒယ်လေးတစ်ယောက်လို လမ်းလျှောက်သွားတဲ့ အမျိုးသမီးတစ်ယောက်... တခုခု လွဲနေသလားလို့....သေသေချာချာ ကြည့်မိလိုက်ပါတယ်.... စိတ်မကောင်းစရာ...ဆံပင်ဖြူဖြူ အရေတွေတွန့်လို့...သူ့ပုံစံကတော့ တကယ့်ကို မော်ဒယ်လေးတစ်ယောက် cat  walk လျှောက်သလို  confidence အပြည့်နဲ့..... နောက်တစ်ယောက်ကတော့ နေပူကျဲကျဲထဲမှာ အထပ်ထပ် ထပ်ထားသော အ၀တ်အစားများက ရာသီစုံ အ၀တ်စုံ...၀က်ဝံကြီး တစ်ကောင်စာလောက် ဖြစ်လာတဲ့  အ၀တ်ထုပ်ကြားက ခပ်ပိန်ပိန်ကိုယ်လုံးနဲ့.... သည်ကြားထဲ သယ်လာတဲ့ ဘူးစုတ် ခွက်စုတ် ပုလင်းစုတ်တွေနဲ့ ကိုယ့်ကိုယ်တောင် မလဲပြိုအောင် အနိုင်နိုင်ထိန်းရင်မနိုင်.... သူ့ကြည့်ပြီး ကိုယ်တောင် စိတ်အိုက်နောက်ရှုပ်သွားမိရဲ့။   ဓာတ်ဆီဆိုင်မှာ ဆီလာထည့်တိုင်း  လမ်းလယ်ခေါင်က  ကွန်ကရစ်တုံးတွေကို သူမရဲ့ ကြယ်မြင်လမြင် နန်းတော်ထဲက  အဆောင်တော်လို  သဘောထား။ အ၀တ်ပိုင်းလေးခင်းလို့...သူ့ဆီမှာ  ပလပ်စတစ် ခြင်းတောင်းတစ်လုံးတော့ မြင်တယ်.. တခါတလေလည်း ခေါင်းမြီးခြုံပြီး..စောစောစီးစီး အိပ်တတ်တယ်..သိပ်ချမ်းတဲ့ ရာသီမျိုးတွေမှာတောင်  သူ ဒီလိုပဲ..စိတ်ချလက်ချ လုံခြုံစွာ အိ