Skip to main content

သဇင်အမှတ်ရများ - ကိုယ်နှင့် လှဧကရီ (၃) ( ရေးသားသူ- K-မမ)

၃။ ဆံပင်ဖြူ နှင့် လှဧကရီ
ခေါင်းစဉ်ကြည့်ပြီး မလန့်သွားပါနဲ့။ လှဧကရီက ပြစ်မျိုးမှဲ့မထင် ပါ။ ဆံပင်ဖြူတာ ငါပါ။ နင်တို့သိတဲ့အတိုင်း ငါဟာ သူများနဲ့မတူ နည်းနည်းလေးတော့ သဘာဝနဲ့ လွဲနေတတ်ပါတယ်။ ရေဦးသူ TMG ကတော့ "နင်က အားလုံး ပုံမှန်မဟုတ်တာ။ စိတ်ကအစ" ဆိုပြီး နှိပ်ကွပ်တတ်ပါတယ်။ 

ငါ့ရဲ့ ငယ်ဘဝ ၁-တန်းမှ ၃-တန်းထိ ရှမ်းပြည်အရှေ့ခြမ်း နယ်စပ်မြို့လေးမှာ မူလတန်းပညာကို သင်ယူခဲ့ရတာပါ။ ဆရာ မပြည့်စုံတော့ နေ့စဉ် ကျောင်းသင်းပုန်းကြီးပေါ်မှာ ရေးထားတာ ကူးရေးရင်ကူး၊ ဒါမှမဟုတ် ဖတ်စာအုပ်ထဲက စာပုဒ်ကို ကူးရေးရင်ကူး၊ ဒါမှမဟုတ် စာသင်ခန်းထဲမှာပဲ ဆော့ရင်ဆော့ပေါ့။ အမြဲတမ်းရှိတဲ့ဆရာမတစ်ယောက်နဲ့ ကျောင်းအုပ်ဆရာကြီးတို့က သူငယ်တန်းမှ စတုတ္ထတန်းထိ ဒါကူး၊ ဒါဖတ်နေ ဆိုပြီးခိုင်းခဲ့ပြီး တတန်းဝင်တတန်းထွက် တာဝန်ယူခဲ့ကြတာပါ။ ကျောင်းအုပ်ဆရာကြီးက စတုတ္ထတန်းကို ပို အဓိကထားသင်ပါတယ်။ ပြည်မ  က (ရှမ်းပြည်က လူတွေကတော့ ဗမာပြည်လို့ခေါ်ပါတယ်။) ဆရာမ ၂-ယောက်တော့ရှိပါတယ်။ များတော့အားဖြင့် လေယာဉ်အစီအစဉ် မရှိလို့ ကျောင်းဖွင့်ချိန်အမှီမလာနိုင်တာ များပါတယ်။ အပိုဝင်ငွေအတွက် ဆရာမတွေဟာ သိုးမွေးထိုးတဲ့ အလုပ်ပါ တွဲလုပ်ကြပါတယ်။ စာမေးပွဲဆိုတာလည်း easy going ဆိုသလိုပဲ... ဘာမှန်းကိုမသိပဲ တနှစ်တတန်းတော့ မှန်မှန်ပါပဲ။ 

ကျောင်းကအပြန် အိမ်ရောက် ဘုတ်ကနဲ လွယ်အိတ်ချ ကစားကွင်းထဲ တန်းရောက်သွားတာပဲ။ (မည်သူ့ကိုမှ အပြစ်ဆိုခြင်း မဟုတ်ပါ။ ခေတ်အခြေအနေ၊ ဒေသအခြေအနေ ကိုရေးပြခြင်းသာဖြစ်ပါသည်။) အခုခေတ်ကလေးတွေကြည့်ပြီး ကျောင်း ၊ ကျောင်းပြီးအိမ်၊ အိမ်ရောက် နားတောင်မနားပဲ ကျူရှင်ပြေး၊ ကျူရှင်ကပြန် အိမ်စာလုပ်... အိပ်။ ကစားချိန်ကို မိဘက ကန့်သတ်ထားသေးတာ။ ကံကောင်းတာလား သနားစရာလားတောင် မသိတော့ပါ။ 



၎-တန်းရောက်တော့ အဖေပြောင်းရာ ခေမာရဋ် လို့လဲအမည်တွင်တဲ့မြို့ရဲ့ လေတပ် အ.မ.က ကျောင်းမှာ ကျောင်းအုပ်ဆရာကြီး ဦးအောင်တင် (အမည်မှားရင် ခွင့်လွှတ်ပါ ဆရာကြီး) လက်အောက်မှာ ပညာသင်ကြားရပါတယ်။ စည်းကမ်းကြီးပြီး စာအသင်ပြကောင်းတဲ့ သူပါ။ တနေ့စာ တနေ့မှန်မှန် ပြန်ရပါတယ်။ မရရင် ခုံပေါ်တက်  မတ်တပ်ရပ် စာရရင် အတန်း Monitor ဆီမှာ သွားပြန်ရပါတယ်။ အတန်းထဲမှာ လိမ္မာပြီး စာအတော်ဆုံးသူကိုပဲ ဆရာကြီးက Monitor ခန့်တာပါ။ အဲ ဆော်ပလော်တီးလဲ ခံရတာပဲ။ ငါလဲလန့်ဖြန့်ပြီး စာကျက်ရတော့တာပေါ့။ ဦးနှောက်သုံးမှတ်ရလို့လား မသိဘူး အဲဒီကတည်းကစလို့ ငါ့ရဲ့ ဆံပင်တွေဖြူပါလေရော။ အမေကတော့ ငါ့ကိုငယ်ဖြူလို့ခေါ်ပါတယ်။ ဒါပေမယ့် စာမေးပွဲပြီးလို့ရှိရင်တော့ အဲဒီ ဆံပင်ဖြူဟာ ၂-ပတ်အတွင်းအကုန်ပြန်နက်ပါတယ်။ အဲဒီလို ၄-တန်းကစပြီး စာကျက်ရင်၊ များတော့အားဖြင့်တော့ စာမေးပွဲရာသီတွေမှာ င့ါဆံပင်တွေဟာ ဖြူလိုက်နက်လိုက်နဲ့ အမြဲသံသရာလည်နေတာ အထူးအဆန်း မဟုတ်တော့ပါဘူး။ တကယ်လို့ အခုခေတ်ကလေးတွေလို ဆိုရင်တော့ မူကြိုထဲက ဆံပင်ဖြူလောက်တယ်။

ဆံပင်နဲ့ပတ်သက်ရင် Sensitive ဖြစ်တဲ့ငါဟာ မည်သည့် ဆံပင်တချောင်းမှ နှုတ်လေ့ရှိပါ။ ဆံပင် ကောက်ကောက်ကွေးကွေးလိုမျိုး၊ ကြမ်းကြမ်းနက်နက်လိုမျိုး ကိုတော့ လူအများကဆံယားပင်လို့ ခေါ်ကြတယ်လို့ ထင်ပါတယ်။ အဲဒီလိုမျိုး ကိုတောင် အမေက နုတ်ချင်ရင်တောင် ခေါင်းတခါခါ လည် တခါခါနဲ့ ငြင်းဆန်သူ တစ်ယောက်ပါ။ စာမေးပွဲရက်ရှည်ရင်ရှည် သလို ငါ့ခေါင်းက ဆံပင်အဖြူ အနည်းအများ ဖြစ်လေ့ရှိတာပါ။ ငါ့ခေါင်းက ဆံပင်အဖြူ မြင်ရင်တော့ သူငယ်ချင်းတွေက "ဟိတ်ကောင် မင်း အသက်ကြီးသွားပြီ ဟားဟား" ဆိုပြီးနှိပ်ကွပ်သွားကြတာပါ။ ငါကလည်း "အေး အခါကြီးရက်ကြီးကြရင် င့ါကိုလာ ကန်တော့" လို့ပြန်အနိုင်ယူလိုက်တာပေါ့ ဘယ်ရမလဲ။ 

၃-တန်းမှာ ကျောင်းကြီးရက်ရှည် ( နှစ်ရှည် ) ပိတ်လို့ ပြန်ဖွင့်ပြီး သိပ်မကြာခင် RIT ရဲ့နတ်ကြီးတဲ့ စာမေးပွဲကြီး ဖြန်းဆိုရောက်လာပါရော။ စာမေးပွဲ အတွေ့ကြုံရှိတဲ့ သူရော၊ အခုမှ စာမေးပွဲစဖြေမယ့် ၁-တန်းကလေးတွေရော၊ မေ့တေ့တေ့ဖြစ်နေတဲ့ ကျောင်းစာတွေကို တလတာ ဖုတ်ပူမီးတိုက် ပြန်နွှေးရတော့ တထိတ်ထိတ်တလန့်လန့် စာမေးပွဲကြီးအတွက် ပြင်ဆင်ရပါတော့တယ်။

တကယ်စာမေးပွဲဖြေရော..... ထင်ထားသလိုမဟုတ်ပဲ RIT ရဲ့အစဉ်အလာကိုဖောက်ပြီး ကျောင်းသားအားလုံးနီးပါး ဖြေနိုင်အောင် မေးထားတဲ့ မေးခွန်းတွေဖြစ်နေတာပါ။ RIT ရဲ့မေးခွန်းလွှာတွေဟာ ကမ္ဘာ့ စံမှီခဲ့တယ်လို့ ဆိုပါတယ်။ သိင်္ဂီရေ လိုရင်းမရောက်ဘူးလို့ မအောက်မေ့ပါနဲ့ကွယ်။ သဇင်အကြောင်း မှတ်တမ်းလေး Blog မှာရှိချင်လို့ပါလို့ နင်ဆိုခဲ့သလို ငါတို့ဖြတ်သန်းခဲ့တဲ့ ကျောင်းတော်ကြီးကလည်း သဇင်နဲ့အတူ ဒွန်တွဲနေမှာပါပဲလေ။ စာမေးပွဲကြီးနဲ့အတူ စာမေးပွဲနဲ့ဆိုင်တဲ့ ပုံပြင်လေးတွေဟာလဲ တနေ့တမျိုး မရိုးရအောင် စိတ်မကောင်းစွာ ကြားနေရတာပါပဲ။ 

ငါတို့ထက် တစ်တန်းဂျူနီယာ ဖြစ်တဲ့ ဇီဝက(သို့) စဥ့်ကူဆောင်က ကောင်းလေးတယောက်ဆို မအိပ်မနေ စာကြည့်ရာကနေ စာမေးပွဲဟာ မထင်မှတ်ပဲ သိပ်လွယ်နေတော့ အိပ်ဖို့လုပ်တော့ အိပ်မရလို့ဆိုပြီး အိပ်ဆေးသောက်လွန်သွားတာ။ နောက်တယောက်ဆို မေးခွန်းဖတ်ပြီး အခန်းစောင့်ဆရာမကိုခေါ်ပြီး တရေးနိုး ထဖြေတာတောင် ရနိုင်ကြောင်း၊ ပါမောက္ခကိုခေါ်ပေးပါ အခုခဏ အိပ်ပြီး အိပ်ယာထမှ ဖြေလိုကြောင်းတွေ ကြားနေရတယ်။ အမှတ်အနည်းအများလိုက် အောင်စာရင်းထွက်သလို နောက်နှစ်အတွက် ခုံနံပါတ်ဟာ အောင်စာရင်းအတိုင်းဖြစ်တာ RIT ရဲ့ထုံးစံ တခုပါ။ တချို့ ခုံနံပါတ်ထိပ်ဆုံးက သူတွေကတော့ စာသင်ရက် စာကျက်ရက်နည်းခဲ့တဲ့အတွက် ခုံနံပါတ် အမှတ်စဉ်များသွားမှာ စိုးရိမ်ပြီး ခဏတာ စိတ်နှောက်သွားကြသလို၊ မသာမာတဲ့နည်းသုံးလို့ စာသင်နှစ် တနှစ်နားလိုက်ရတာတို့ကိုလည်း ဝမ်းနည်းစွာ၊ ယူကြုံးမရစွာကြားခဲ့ရတဲ့ ဖြစ်ရပ်မှန်တွေပါ။ ဒါတွေဟာ ဘာကြောင့်လဲ။ ဗမာပီပီ ကံကိုသာ ယိုးမယ်ဖွဲ့လိုက်ပါတော့တယ်။
ငါ ကတော့ စာမှာ အာရုံစိုက်လေ ဆံပင်ပိုဖြူလေပေါ့။ ငါက စာကို မနက်အစောထ မကြည့်တတ်ပါ။ ညဘက် ၂-နာရီ၊ ၃-နာရီထိကြည့်ပြီး နောက်နေ့ ၁၂-နာရီ၊ နေ့လည် ၁-နာရီထိ အိပ်တတ်သူလေ။ တစ်ရက် လှဧကရီဟာ ၁-တန်း၊ ၂-တန်းမှာ သူ့အခန်းဖော်ဖြစ်ခဲ့သူ ရေဦးသူ TMG ကိုလွမ်းလို့ လား၊ ဒါမှမဟုတ် ဦးနှောက်ဆေးတဲ့အနေနဲ့လား ရယ်သံတွေ အမြဲဖုံးလွမ်းနေတဲ့ ငါတို့ သုံးယောက်နေတဲ့ အခန်းကျယ်ကို အလည်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ ငါကတော့အိပ်မောကျလို့ပေါ့။ သူလာတာ သူပြန်သွားတာ သူဘာလုပ်ခဲ့သလဲ ဆိုတာတော့ ငါ့စားပွဲပေါ်မှာ သူရေးပြီး တင်သွားတဲ့ စာအရ အတိအကျကို သိလိုက်ရပါတော့တယ်။ 
"ဟိတ်...အိပ်ပုတ်ကြီး
နင့်ခေါင်းက ဆံပင်ဖြူ အချောင်း ၂၀ တိတိနှုတ်သွားတယ်။ ထတော့။
ပုံ-  သင်းကြည်"
ဆံတပင်တင်း ချစ်ခြင်းမယားလို့ ဆိုးရိုးစကားအရ ဆံပင်တစ်ပင် နှုတ်ခြင်းဟာ မယားထိ ဓါးကြည့်ဆိုသလို အသဲခိုက်အောင်နာတယ်လို့ နားလည်ထားတဲ့ ငါကတော့ အိပ်မက်ထဲမှာ လှဧကရီ နတ်သမီးလေး Massage လုပ်နေတယ်ထင်ပြီး အချောင်း ၂၀ တိတိ နှုတ်သွားတာကို လုံးဝမသိခဲ့ပါ။ သူလေးကတော့ နဂိုကမှ ပုံမလာတဲ့ ငါ ဆံပင်ဖြူကြောင့် ပုံပိုဆိုးသွားမှာ စိုးပြီး သူလို လှလှပပလေး ဖြစ်လိုစေတဲ့ စေတနာနဲ့ လုပ်ဆောင်ခဲ့ပေမယ့် ငါကတော့…… ။
စာရွက်ဖြူဖြူလေးပေါ်မှာ အမြစ်ဖြုဖြုလေးတွေနဲ့ တွယ်ကပ်နေတဲ့ ဆံပင်ဖြူဖြူလေးတွေကိုကြည့်ပြီး သစ်ပင်တွေလို မြေ(ခေါင်း)ဆွတူးပြီး ပြန်စိုက်လို့လဲမရ။ ဒါတွေဟာ နောက် ၂-ပတ်ကြာရင် ပြန်နက်တာလို့ တတွတ်တွတ်ပြောနေတဲ့ ငါ့ကိုကြည့်ပြီး နေ့လည်စာ ထမင်းစားဖို့ပြင်နေတဲ့ ရေဦးသူ ၂-ယောက်ရယ်၊ မြစ်ကြီးနားသူ ကေသွယ်ရယ်ကတော့ မပြိုင်လိုက်ရတဲ့ပွဲမှာ အလဲထိုးခံလိုက်ရတဲ့ ငါ့ကိုကြည့်ပြီး အူတက်အောင် ရယ်နေပါတော့တယ်။ (ငါ အလဲထိုးခံလိုက်ရရင် ဘာလို့လဲမသိဘူး သူငယ်ချင်း အားလုံးပျော်ကြတယ်။ နင်သိရင် ဖြေပေးပါ သိင်္ဂီ။)
သခွတ်ပန်းမြင်ရင် အသူရာ က သကြားကို အမုန်းစစ်ခင်းတယ်တဲ့။ ငါကတော့ ခေါင်းပေါ်မှာ ဆံပင်ဖြူမြင်ရင် နင့်ကို ချစ်ခင်စွာ သတိရတတ်ပါတယ် လှဧကရီ။ လွန်ခဲ့တဲ့နှစ်ကစလို့ ငါ့ခေါင်းကဆံပင်တွေကတော့ အမြဲတမ်းအတွက်ဖြူနေပါပြီ။ ဆံပင်တချောင်းမှ နှုတ်လိုစိတ်မရှိတဲ့ငါ ဇရာကို ၅၀ကျပ် အကုန်ခံပြီး ကာလာဖုံးဖို့ ကြိုးစားပါသေးတယ်။ ထုံးစံအတိုင်း ငါရဲ့ဆံပင်ဖြုတွေကတော့ ၂-ပတ်အကြာမှာ အဖြူတွေက အဖြူရောင်ပြန်ဖြစ်ပြီး အနက်တွေကတော့ ရွှေညိုရောင်လေးနဲ့ အခုတော့ အညိုရောင်၊ အနက်ရောင်၊ အဖြုရောင် သုံးရောင်ခြယ် High Light လုပ်ထားသလို အရမ်းရမ်းကို လှနေပါတော့တယ်။ 
(မှတ်ချက်။ ။ဆံပင်ဖြူကျွမ်းကျင်စွာ နှုတ်တတ်သော သူငယ်ချင်း Bloger သင်းနွယ်ဇင် အတွက် အခမဲ့ကြော်ငြာပေးခြင်း ဖြစ်ပါသည်။)

Comments

မမ.., အမှတ်တယလေးတွေ စုစည်းဖော်ထုတ်ပေးတဲ့အတွက်ကျေးဇူးပါ။

ကိုယ်တွေ့အချစ်ဇတ်လမ်းလေးတွေလဲမျှော်နေပါတယ်။
said…
အခြစ်ဇတ်လမ်းတွေတော့ အများကြီးပဲ။ နေအုံး နံပါတ်စဉ်လိုက်အုံးမယ်။ zero ......
အင်း.... zero ပြီးတော့ ဘာလာလဲဟင် ?????
PAUK said…
မမသင်းကြည်လိုပဲ..ကျနော်လဲ
သူများဆံပင်ကောက် နုတ်ရတာဝါသနာပါတယ်
ကောကောက်ကြမ်းကြမ်းလေးတွေနုတ်ရတာ
အတော်အရသာရှိတယ်...
ဖတ်လို့ကောင်းလိုက်တာ..မ မမရေ..
စောင့်မျှော်နေတယ်နော်..
Anonymous said…
ဟီဟီဟီးး.. အန်တီကေမမကလည်း ဆိုင်ကဟာ မဆိုးဘဲနဲ့ ကိုယ့်ဟာကိုယ်ဆေးကောင်းကောင်းဝယ်ပြီး ဆိုးလေ။ တစ်လကျော်၊ နှစ်လတော့ကောင်းကောင်းခံတယ်။ အကြံပေးတာ။ :P
ဟီဟီး အန်တီသင်းနွယ်ဇင် လက်စွမ်းခုမှသိတော့တယ်။
:D
မီယာ said…
ဆံပင်တွေ ကာလာစုံနေတာတော့ မပြောပါနဲ့တော့။ နှုတ်မလောက်တော့ဘူး။ မTG တို့ သူငယ်ချင်း ၃ယောက်ပေါင်းပြီး ရေးကြတာလား။
Sonata Cantata said…
မမ အရေးအသားတွေကတော့ လန်းတယ်ဟေ့
(ခေတ်စကားတွေ ငါလည်း အမှီလိုက်တာ...လန်းတယ်ဆိုတာ..ဘာဆိုလိုလဲ အတိအကျတော့ မသိဘူးပေါ့ဟာ။ နင့်စာဖတ်လိုက်ရတော့ ပေါ့ပါးလန်းဆန်းသွားတာအမှန်မို့...သယ်ရင်း.. carry on)
ရှိစုမဲ့စု ဆံပင်လေးတော့ မနုတ်ရက်ဘူး။ တစ်ဗုး ၁၂ကျပ်တန် ကာလာလေး မကြာခဏ တင်ထားလိုက်တာ။
မမ ရေ… ဖတ်လို့ ကောင်းလိုက်တာ…
ကိုယ်ပိုင် ဘလော့ဂ်လေးလုပ်ပါဦးဗျို့ …
ပြန်တော့ သဇင်ဘေးက ဖြတ်ခဲ့တယ်…
သဇင်လဲ ဆံပင်တွေဖြူ ဖြီးသင်ပေးမယ့်သူမရှိနဲ့ …
စိတ်မကောင်းဘူး… ကားပေါ်ကနေ ဓာတ်ပုံလှမ်းရိုက်ခဲ့သေးတယ်…
ငိုချင်လိုက်တာ… သဇင်ကိုတွေ့ တော့…
မမ ရေ… သင်္ကြန်တုန်းက ကခဲ့တာလေးတွေ ရေးပါဦးလား…
ဒါနဲ့  မမသင်းကြည် ဘလော့ဂ်ရေးတာ ခုမှ သိတယ်…
တကယ့်စူပါbatchပါပဲ… ဘလော့ဂ်ဂါလေဒီတွေ များမှများ…
မမသိဂီင်္၊ မမသီတာ၊ မမသင်းကြည်၊ စာရေးကောင်းတဲ့ မမခင်မမ၊ မမမီမီသန့် စင်… အားကျလိုက်တာ…
said…
ညီမလေး တန်းခူးရေ
ခိုင်မြဲသူ (စက်မှူတက္ကသိုလ်) လို့မဂ္ဂဇင်းစာမျက်နှာတွေမှာ နေရာရခဲ့တဲ့ သင်္ကြန်ကဖော် ညီမလေး က ဖတ်လို့ ကောင်းတယ်ဆိုလို့ ဝမ်းသာပါတယ်။ ဘလော့ဂ်လုပ်ဖို့ ၂-ခါတိတိ တိုက်တွန်းတဲ့အတွက် ကျေးဇူးပါ။ ညီမလေး တို့နှစ်က တန်းခူးရယ်၊ စုချစ်သူရယ်တော့ မမသိတယ်။ ကခဲ့တဲ့ သင်္ကြန်က G-Hall သူဖြစ်မှလေ ..... အခုသဇင်ကိုတော့ ဒီ Blog မှာပဲတစုတဝေးလေးထားချင်ပါတယ်။
ThuHninSee said…
မမသာ ဘလော့ဂ်လုပ်ရင် နေ့တိုင်းလာလည်မယ်ဖြစ်ကြောင်း နေရာဦးအပ်ပါသည်။

Popular posts from this blog

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။

မြန်မာ့နိုင်ငံရေးသမိုင်းလေ့လာချက်၊ အမျိုးသားနေ့ပေါ်ပေါက်လာပုံ- (တင်နိုင်တိုး)

ြ မန်မာ့နိုင်ငံရေးသမိုင်း လေ့လာချက် အမျိုးသားနေ့ပေါ်ပေါက်လာပုံ တင်နိုင်တိုး နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်း လဆုတ် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ထားပါသည်။ ယင်းသို့ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့အား အမျိုးသားနေ့အဖြစ် အသိအမှတ်ပြုပါရန် အဆိုပြုခဲ့သူမှာ ဂျပ်ဆင်ကော်လိပ်ကျောင်းသားဟောင်း ကိုမြင့် ဆိုသူဖြစ်သည်။ ဂျီစီဘီအေ န၀မမြောက် ကွန်ဖရင့်၏ နောက်ဆက်တွဲအဖြစ် ၁၉၂၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ ဂျူဗလီဟော (ယခုစစ်သမိုင်းပြတိုက်နေရာ) ၌ ဂျီစီဘီအေ အထူးကွန်ဖရင့်ကို ကျင်းပခဲ့ရာ ယင်းအစည်းအဝေးကြီးက အတည်ပြုပေးခဲ့ခြင်း ဖြစ်ပါသည်။ အမျိုးသားနေ့ သတ်မှတ်ရေး မန္တလေးမြို့တွင် ၁၉၂၁ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့၌ စတင်ကျင်းပခဲ့သည့် ဂျီစီဘီအေ န၀မမြောက်ကွန်ဖရင့်၏ စတုတ္ထနေ့ဖြစ်သော အောက်တိုဘာလ ၂၄ ရက်နေ့တွင် အမျိုးသားနေ့ သတ်မှတ်ရေးကိစ္စကို ဆွေးနွေးခဲ့ကြသည်။ ထိုနေ့ အစည်းအဝေး၏ သဘာပတိမှာ ဦးချစ်လှိုင်ဖြစ်ပြီး အမျိုးသားနေ့ သတ်မှတ်ရန် အဆိုသွင်းခဲ့သူမှာ ကန်ကြီးထောင့်မှ ဦးဘသော်ဆိုသူ ဖြစ်ပါသည်။ ဦးဘသော်က မြန်မာ တမျိုးသားလုံးအတွက် အရေးကြီးလှသော အမျိုးသားနေ့ဟူ၍ သတ်မှတ်သင့်ကြောင်း အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။ ဥ...

အမှတ်တရ...

၁၉၈၈-ခုနှစ်ရဲ့ မတ်လ ၁၁-ရက်နေ့... အဲဒီနေ့က ကြို့ကုန်းက ရန်ကုန် စက်မှုတက္ကသိုလ်ဝင်းထဲမှာ  စည်ကားနေကြတယ်လေ..။ စုပေါင်း သွေးလှူပွဲ ရှိတာကိုး။ ကျောင်းသူ ကျောင်းသားတွေလည်း စိတ်အားထက်သန်စွာ ကိုယ့်သွေးတွေကို ပေးလှူခဲ့ကြတယ်..။  (အဲဒီနေ့ သွေးလှူပွဲကတော့ ၀မ်းမြောက်စွာနဲ့ပေါ့...) ကျမလည်း သွေးလှူဖို့ ရည်စူးထားခဲ့လို့  အဲဒီ အလှူပွဲ ၀င်နွှဲခွင့်ကြုံခဲ့သေးပါတယ်.... အဲဒါ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်များတောင် ဖြစ်မလားမသိ...။ ပြီးတော့ သွေးလှူရှင်တံဆိပ်လေးတစ်ခုရယ်.. သွေးလှူမှတ်တမ်းကဒ်လေးရယ်.. ကြက်ဥပြုတ်လေး တစ်လုံးရတာတော့ မှတ်မိနေခဲ့တယ်...။ ပြီးတော့ အဲဒီ သွေးလှူရှင်တံဆိပ်ကလေးကို တစုံတယောက်ကို မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့လိုက်တယ်... အဲဒီနေ့က သူ့ မွေးနေ့ပါ.....။ သူ့မွေးနေ့မှာ ကိုယ်ရည်စူးလှူဖြစ်ခဲ့တဲ့ သွေးအလှူဟာ  လိုအပ်နေတဲ့ တစ်စုံတစ်ယောက်အတွက် အထောက်အကူဖြစ်ခဲ့ရင်.. သူရော ကိုယ့်အတွက်ပါ မွန်မြတ်တဲ့ အလှူဖြစ်စေဖို့ပါ...။ သွေးလှူပြီးပြီးချင်းပဲ  ရန်ကုန်ကနေ  မိဘတွေရှိတဲ့ ပဲခူးကို လိုင်းကားနဲ့ ပြန်လာတော့ ခေါင်းတွေ  တအားမူးနေလို့ မရပ်နိုင်ပဲ အတူလိုက်လာတဲ့ သူငယ်ချင်းရဲ့ လက်ကိ...