Friday, February 6, 2009

ဘာတွေ အလုပ်ရှုပ်နေသလဲ ..ဆို...

အသစ်မတင်လို့ လာအော်နေကြတယ်.... သူငယ်ချင်းတွေကလည်း မေးတယ်.. မအားတာလားတဲ့.. သတိတရလာမေးကြတဲ့ သူငယ်ချင်းမိတ်ဆွေတွေကို အားလည်းနာတယ်.. သည်တော့ လောလောဆယ် အာရုံစိုက်မရသေးတဲ့ ကျမရဲ့ အကြောင်းလေးကို ပြောရင်း  ပို့စ်အသစ်တင်လိုက်ပါတယ်။

ဒါကတော့ ကျမတို့ မိသားစုကလေးရဲ့ နိစ္စဓူဝ ကျင်လည်နေတဲ့ ပုံစံလေးပါ....

မနက်ခင်းပိုင်းဆိုရင်... ကလေးသုံးယောက်ကျောင်းချိန်အမီ..(ဒါတောင် အမြဲနောက်ဆုံးမှ) ... အပြေးအလွှား.. အော်ဟစ်လှုပ်ရှားရင်း  မနက် ၇-နာရီခွဲမှာ အိမ်ကထွက်...ကားပေါ်ရောက်။ ဘေးအိမ်က ၀ရန်တာကနေ ထွက်  လက်ပြနှုတ်ဆက်နေတဲ့ အဖိုးနဲ့ အဖွားကို ကလေးတွေက အော်ဟစ်ပြန်နှုတ်ဆက်ရင်း...နေ့သစ် စတင်ပြီ။

ကားပေါ်ရောက်တော့မှ... ကလေးတွေလည်း ဆက်ငိုက်တဲ့သူက ငိုက်...။ မုန့်စားတဲ့သူကစား..။ှ ခြေအိတ်စွပ်ပြီး  ဖိနပ်စီးတဲ့သူက စီး၊ ဆီလိမ်းရင်း ခေါင်းဖြီးတဲ့သူက ဖြီးပေါ့။ အခုတလော ရာသီဥတုက အေးချမ်းပြီး မြူတွေ အုံ့ဆိုင်းနေတတ်တယ်လေ.. မနက်ပိုင်းတွေမှာ...။ မြူတွေ အများကြီးမြင်ရတဲ့ နေရာရောက်ရင်.. ကျမနှုတ်ဖျားက ညည်းဖြစ်တဲ့ သီချင်းလေး တပိုင်းတစ....

နှင်းထုရဲ့ ကြားထဲမှာ..သူ့မေတ္တာအပိုင်းအစနဲ့ တရွေ.ရွေ.ရယ် ထွက်ခွာသွားသူ... ကျန်သူတွေ ပျော်အောင်.. ကိုယ်တို့  ငိုရမလားလို့..စတေးရမလား.. အခြေအနေတွေ.. အကုန်လုံး.. ကိုက်ညီအောင်.. ပညာရှိနည်းနဲ့ စကားထာတွေ ဖွက်လည်း ချစ်အသိဉာဏ်  ထိုးဖောက်ကာ.. လမ်းဖြောင့်ပမာ မြင်ရတယ်.....

အဲဒါကတော့ စာသားအမှန်  ဟုတ်ချင်မှ ဟုတ်မယ်... ကျမကတော့ အဲဒီလိုပဲ ဆိုဖြစ်တာပါပဲ.... ဟိုမရောက်  သည်မရောက် အစီအစဉ်မကျ ပါးစပ်ထဲက ထွက်တာတွေ ရေရွတ်ဖြစ်ရင်...  သူက ရီတတ်တယ်...။ ဘယ်လိုပဲဖြစ်ဖြစ်.... ကျမရဲ့ ပေါက်ကွဲသံစဉ်တွေ နားဆင်ရတာထက် စာရင် စည်းချက်မညီတဲ့ သီချင်းသံကတော့  သူတို့အတွက် ငြိမ်းချမ်းရေး နိမိတ်ကောင်းပေါ့။

ကျမတို့ရဲ့ မိသားစု စီးတော်ယာဉ်ပေါ်မှာ လိုအပ်တဲ့ ပစ္စည်းကိရိယာ အပြည့်အစုံ တင်ထားရပါတယ်။ ခေါင်းလိမ်းဆီ၊ ဘီး၊ ချွန်စက်၊ ခဲတံ ခဲဖျက်တွေက အစ...   ထိခိုက် အနာတရဖြစ်လွန်းတဲ့ ကလေးတွေအတွက် ဆေးမျိုးစုံ၊ ခြင်မကိုက်အောင် လိမ်းဆေး၊ ခြင်ကိုက်ပြီးနောက် လိမ်းဆေး၊ ထိခိုက်ဒဏ်ရာဖြစ်ရင်  လိမ်းဖို့ betadine၊ ..ပြီး နဲနဲလေး နာတာနဲ့ ကပ်ချင်တဲ့ သူတို့အတွက်.. hansaplast ပလာစတာတွေ..။ သွားကိုက်တယ် နားကိုက်တယ် ဗိုက်နာတယ်.. ဗိုက်အောင့်တယ်.. ဘယ်လိုကြီးဖြစ်နေမှန်း မသိဘူး... စသဖြင့် အမျိုးစုံ ဂျီကျတတ်လို့ လျှပ်တပြက် သက်သာဆေးတွေ၊ ၀ုန်ဝမ်း မဟာဖြေဆေး၊   gelmag၊  ထက်လင်း ရင်လူးဆေး၊ လေးညှင်း mouth wash။  အစရှိတဲ့  ကျမတို့ရဲ့ first aid kits. အိမ်ဦးနတ်ကလည်း သူ စိတ်ကူးပေါက်တဲ့ အချိန် ထ ထ တောင်းဆိုတတ်တဲ့ လက်သည်းညှပ်တံ  (သူ့အခေါ်ပေါ့.. ကျမ နားထဲတော့  ကိုးလို့ကန့်လန့် ၀င်သွားတာပဲ.. ဘယ်နှယ့်.... လက်သည်းညှပ်တံ ရယ်လို့) ဒါကလည်း ဆောင်ထားရသေးတယ်။

ကျမတို့တတွေ များသောအားဖြင့် ရုံးနဲ့ လမ်းပေါ်မှာ နေတဲ့အချိန်က ပိုများပါတယ်။  သည်တော့လည်း ကလေးတွေ ဗိုက်ဆာတာကို ရုတ်ချည်း ဖြေရှင်းဖို့  မုန့်မျိုးစုံ၊ သောက်စရာမျိုးစုံ ရိက္ခာတွေက ကားပေါ်မှာအမြဲ standby ထားရပါတယ်။


မနက်ပိုင်း သူတို့တွေကို ကျောင်းပို့ပြီးရင်တော့  ကျမတို့နှစ်ယောက်ထဲ ကမ္ဘာပေါ့.. ဟဲဟဲ ..  မနက်စာ တနေရာရာမှာ ၀င်စားပါတတ်ကြပါတယ်။  စားနေကျဆိုင်တွေကတော့ Feel ဆိုင်တွေရယ်... အမှတ်တရ.. စိတ်တိုင်းကျ၊ လပ်ကီးဆဲဗင်း၊ လပ်ကီး ၀မ်း၊ မောနင်းစတား၊ အင်းလျားလမ်းက serenity၊ စိမ်းလန်းစိုပြေ။ (အေးအေးဆေးဆေးပါပဲ... သူကလည်း သူ့အလုပ်အကြောင်း စဉ်းစားမယ်.. ကျမကလည်း ကျမ ဘလော့ဂ်ရွာအကြောင်း တွေးတောနေမယ်...) အဲ... အားအင်တွေပြည့်သွားရင်တော့  ရုံးသွား... လုပ်စရာ ရှိတာတွေ အပြေးအလွှား လုပ်ကြပေါ့။ အဲဒါ ကလေးတွေ ပြန်မလာခင် နေ့လည် နှစ်နာရီခွဲ သုံးနာရီလောက်အထိပါပဲ။


ကလေးတွေက   ကျောင်းက ပြန်လာရင် အိမ်မှာ သူတို့ကို ကြည့်မယ့်သူ မရှိလို့.. ရုံးမှာပဲ နေကြရပါတယ်။ တရေးတမော  အိပ်ချင်အိပ်.. ဗိုက်ဆာတဲ့သူက စားသောက်.... ပြီး ကျောင်းက ပါလာတဲ့ အိမ်စာတွေ လုပ်ကြ။ အဲ... အေးအေးဆေးဆေး ငြိမ်ပြီး လိမ်လိမ်မာမာလေး လုပ်မယ်လို့တော့ မမျှော်လင့်ကြပါနဲ့..။ တော်နေကြာ....ရေသောက်မယ်ဆိုပြီး အပြင်ထွက်သွား.. ငါးတွေ သွားကြည့်ပြီး ပုစွန်ပေါက်လေးတွေ ဖမ်းချင် ဖမ်းနေတတ်သေး။ တော်ကြာနေ... အိမ်သာသွားချင်လို့ဆိုပြီး ဘေးနားက မြက်ခင်းပေါ်မှာ ဂျွမ်းပစ်ချင်  ပစ်နေတတ်သေးတယ်။


သူတို့တွေ မဟုတ်တာ အတူ လုပ်နေသရွေ.တော့ အသံမထွက်ပါဘူး။  အော်သံငိုသံ တိုင်သံတွေ ကြားရပြီဆို... သုံးယောက်စလုံး  တန်းစီ.. အမေ့ရဲ့ one  lady show တကိုယ်တော်  သံစုံတီးဝိုင်းအပြီးမှာ.. သူတို့လေးတွေရဲ့ အမေ့ကို ချစ်စိတ်က လျော့ လျော့သွား....။ သူ့အဖေကတော့ တခါတလေ.. နားမှာအကြားအာရုံ မပါသလိုပဲ... အဲဒီလို လိုချင်တဲ့ channel ကိုဖွင့်ချင်သလို ဖွင့်..ပိတ်ချင်သလို ပိတ်လို့ရတာလည်း ကံထူးပါပေတယ်။

များသောအားဖြင့်တော့  သူအလုပ်တွေ ပြီးတဲ့ အချိန် ပြန်ဖြစ်ပါတယ်။ ပုံမှန် ၇ နာရီလောက်ပေါ့။ ပြန်ခါနီး တခါ ခေါင်းစားရသေးတယ်။ အိမ်ပြန်ရင် မီးလာမှာလား.. မီးပျက်မှာလား...။ မီးလာရင်တော့ အိမ်မှာပြန်စား... မီးပျက်ရင်တော့ အပြင်ကပဲ တခါတည်း စားသွား... အိမ်ပြန်ရောက်တော့ ကိုးနာရီခွဲ..။

ကလေးငယ်တွေကတော့ ဗိုက်လည်းပြည့် မောလည်းမောတော့ ကားပေါ်မှာပဲ  အော်ရင်းဟစ်ရင်း နေရာလုရင်း... သီချင်းတွေ လုဆို ရန်ဖြစ်ရင်း အိပ်ပျော်သွားတတ်ကြပါတယ်။ အိပ်ယာပေါ်ရောက်မှ.. အိပ်နေတဲ့သူတို့ကို အ၀တ်အစားတွေလဲ... စနိုးတာဝါနဲ့ သုတ်သင်ပေး။ ကျမကတော့ မီးလာတဲ့အချိန်ထပြီး တယောက်ကိုတနေ့ သုံးစုံလောက် လဲတဲ့ ကလေးအ၀တ်အစားတွေကို စက်နဲ့လျှော်လို့ရတဲ့ဟာတွေ စက်ထဲထည့်လျှော်ရင်း အပေါ်ရေကန်ကို ရေပြေးတင်ထား။ 


အရင်ဆုံး မနက်ဖြန်အတွက် တခါ ပြင်ဆင်ရပြန်ပါတယ်..။ မနက် မီးပျက်မယ့်အချိန်ကိုတွက်... ထမင်းအိုးကို  timer  နဲ့ ချိန်ချက်ထား၊ ကလေးတွေအတွက် ထည့်ပေးဖို့ ဟင်းကို ညဖက် တခါထည်း အဆင်သင့်လုပ်ထားရပါတယ်။ အရင်က microwave oven ထဲ ထည့်နွှေးပေမယ့် အခုတော့ အပျက်ပြင်  ဆိုင်ပို့ထားတာကလည်း မရသေး.. အသစ်ဝယ်ဖို့ကလည်း ဟိုတခုက မကောင်းဘူး..သည်တခုကတော့ နုတယ်.. သဟာတော့ဖြင့် တို့တွေနဲ့ မကိုက်သေးပါဘူး ကြေးများနေတာ..ခုထက်ထဲ လေ့လာနေတုန်း...။

အ၀တ်လျှော်စက်က ပြီးပါပြီ ဆိုပြီး တီတီ တီတီ အသံပေးရင်တော့ သွားကောက်... အ၀တ်ခြောက်ခံစက်ထဲ ထည့်...။ ဟိုလုပ်သည်လုပ် လုပ်နေရင်းနဲ့  ၀ိုင်ယာလက်စ်ရယ် router ရယ်ကို ဖွင့်ထား.. ကွန်ပျူတာလေးကို မသိမသာဖွင့်။ ပြီး  log in လေးဝင်ထားပြီး အင်တာနက် လှမ်းချိတ်ထား။  နောက်တခါ ပြန်လာတော့ browser  ကိုဖွင့်ပြီး ကိုယ်ဖွင့်ချင်တဲ့ စာမျက်နှာတွေကို loading  လုပ်နေရင်း.....မနက် ကမန်းကတန်းထွက်တုန်းက ရှုပ်ထားခဲ့တဲ့ အရှု့ပ်ပုံတွေကို ပြန်ရှင်း။


အလုပ်ရှုပ်တဲ့ ကြားက ပေါက်ပွားနေတဲ့ ဟမ်းစတား ၁၉ ကောင်ရဲ့ စားသောက်နေထိုင်ရေး  အဆင်ပြေအောင် စစ်ဆေး လုပ်ကိုင်ရင်း အဲဒါလေးတွေနဲ့ ဆော့ကစားပေးရသေးတယ်..။ တော်ကြာ ရိုင်းသွားမှာ စိုးလို့။

လူလုပ်ရမယ့် အလုပ်တွေပြီးတော့ စက်လုပ်တဲ့ အလုပ်တွေကိုစောင့်..အသစ်မတင်နိုင်သေးတဲ့ ကိုယ့်စာမျက်နှာလေးကိုပဲ  မကြာခဏ refresh  လုပ်ရင်း  သူများတွေ စာမျက်နှာသစ်တင်ထားတာတွေကို သွားမျှော်ဖတ်.. ရသလောက်တော့ စီဘောက်စ်မှာ အော်ဖြစ်ခဲ့ပါတယ်.. ကျမလည်း သည်ဘလော့ဂ်ရွာထဲမှာ ရှိနေသေးတယ်ဗျို့ လို့...။


နာရီပြန် တစ်ချက်ကျော် နှစ်ချက်နားနီးပြီဆိုရင်တော့ဖြင့် ကော်ဖီခွက်လည်းပြောင်သလင်းခါ... (ကုန်နေတာကို ထပ်ခါထပ်ခါမော့မိလို့) . မျက်ခွံတွေကလည်း လေးလံလို့ ဖွင့်မရချင်တော့မှ.. လုပ်လက်စ အလုပ်တွေကိုလည်း ရပ်၊ ဖတ်လက်စ ဘလော့ဂ်တွေကိုလည်း သံယောဇဉ်ဖြတ်ထားခဲ့ပြီး.... ကျမရဲ့တနေ့တာကို အဆုံးသတ်.. နောက်တနေ့အတွက်  အားအင်ဖြည့်ကာ တာစူရင်း.....။

17 comments:

sin dan lar said...

အလုပ်တွေများလိုက်တာနော်.. အိပ်ချိန်လည်း နည်းလိုက်တာ

KLNG said...

တကယ်များတာကိုး ကလေးလေးသုံးယောက်
ရှိရင်အဲလိုပဲလားဟင်

သင်းနွယ်ဇင် said...

ကျန်းမာရေးလဲဂရုစိုက်အုံး သူငယ်ချင်း
အရင်ကလို ခန်္ဒာ ကိုယ်ကြီးကမလိုက်နိုင်တော့ဘူး။

ဖိုးဂျယ် said...

အမရေ အလုပ်တွေကလဲ များလိုက်တာ
အိပ်ချိန်လဲ တော်တော်နည်းတာပဲနော်
ကျန်းမာရေး ထိခိုက်ဦးမယ် ဂရုစိုက်ဦး

ဇနိ said...

ဟိ ဟိ ဖတ်ရတာ မောလည်းမော သဘောတွေလည်း ကျသွားပါတယ် အမရေ။ တနေ့တာ အသက်ဝင်လိုက်တာများ မဇနိပါ အဝတ်လျှော်စက်ဆီပြေးလိုက် အင်တာနက်ဖွင့်လိုက် အသံမြည်လို့ အဝတ်သွားကောက်လိုက်နဲ့မို့ ရယ်ချင်သွားတာ။ ခုတော့ မျက်တောင်တွေလေးတာနဲ့ တနေ့တာပြီးသွားလို့ ပြန်ပီနော်။
နိနိ

မီယာ said...

မသိင်္ဂီ တော်လိုက်တာနော် လို့ ရင်ထဲကနေ စိတ်ပါပါကြီးနဲ့ ချီးကျူးပါတယ်... အမကတော့ လုပ်နေကျ routine ဆိုပြီး ရေးပြထားလိုက်တာ ဖတ်ရင်းနဲ့ အတော် မောသွားတယ်။ timing တွေ ချိန်ရတာလည်း ပါသေးတယ်နော်... အမတို့ နှစ်ယောက် က တရုံးထဲမှာ လုပ်လို့လား။ ဟူး ကလေးမရှိတာ ခပ်ကောင်းကောင်းလို့ ကိုယ့်ဘာသာတွေးမိတယ်.. မဟုတ်ရင် နိုင်မှာ မဟုတ်ဘူး။ အမကို မမေ့ပါဘူး.. အမြဲ သတိရတယ်

sonata-cantata said...

တော်တော်ကြီး ပြည့်စုံတယ် သူငယ်ချင်း ၂၁ရာစုရဲ့ အိမ်ရှင်မတစ်ယောက် ဘာတွေလုပ်နေတယ်ဆိုတာ ရေးပြထားတာ။ ကျေးဇူးလည်း တင်တယ်။ တို့ထက် အများကြီး လူသားပိုဆန်တယ်...

ThuHninSee said...

ကလေးတွေက ကျူရှင်မတက်ရဘူးလားဟင်။
မောလိုက်တာအစ်မရယ်။ သုံးယောက်တောင်ဆိုတော့လည်း
အလုပ်များမှာပေါ့နော်။

MANORHARY said...

အဲဒါရန်ကုန်lifeအစစ်ပဲ...း)
ကိုယ်လည်းအရင်ကဒီလိုပဲ
ဒါပေမယ့်တစ်လလောက်မလုပ်ပဲနေကြည့်ပါလား
နေနိုင်မယ်မထင်...း)

Craton said...

Feel ၊ အမှတ်တရ၊ စိတ်တိုင်းကျ၊ လပ်ကီးဆဲဗင်း တဲ့
သွားနေကျဆိုင်တွေ.. လမ်းမတော်တစ်ဝိုက်မှာများ နေလေရော့သလား အန်တီtg ။ သားက ကီလီလမ်းက။
ဟူုး.... ကလေးတွေလည်း ပင်ပန်း၊ အန်တီtgလည်း အတော်ပင်ပန်းရှာမှာပဲ.. အန်တီနော်ပြောသလို အဲ့ဒါ ရန်ကုန် life ပါပဲ။ အိမ်က မာမီလည်း အဲ့လိုပဲ.. ကလေးသုံးယောက်နဲ့.။း)

khin oo may said...

ကလေးရှိဘူး။
(ငိုသွားသည်။)

tg.nwai said...

sin dan lar, KLNG, သင်းကြည်။ ဖိုးဂျယ် >> အဲလိုပါပဲ..အိမ်ရှင်မတစ်ယောက် ကလေးတွေရဲ့ အမေအနေတွေက လူခွဲမရှိရင် အဲလိုပဲနဲ့ တူပါတယ်။ ကျေးဇူးနော်..

နိနိက တို့နဲ့ လိုက်မောသွားရတာ ဆောရီးနော်.:)

မီယာရေ.. မနော်ပြောသလိုပဲ..ဒါက ရန်ကုန်က lifestyle လို့ပဲ ပြောရမယ် ထင်တယ်.. ဒါတောင် ကိုယ်တွေက သွားလာရေး အဆင်ပြေ၊ ကိုယ့်အလုပ်ကိုယ်လုပ်နေကြတဲ့သူတွေ ဆိုတော့ တခြားလူတွေထက် စာရင် အများကြီး သက်သာနေသေးလို့ ငြီးရမှာ အားနာတယ်...။

သီတာ>>> ဟုတ်ပါရဲ့။ လူသားဆန်စွာ ပေါက်ကွဲတယ်..ညည်းတွားတယ်.. ပျော်ရွှင်တယ်..ငိုကြွေးတတ်သေးတယ်.. :)

မွန်.. ကလေးတွေက လောလောဆယ် ကျူရှင်မရှိဘူး။ နွေကျောင်းပိတ်ရက်မှ ကျူရှင်တွေ ပို့ရမယ်..။ အဲဒီအတွက် လူတစ်ယောက် ထပ်ကုန်ဦးမယ်မွန်...။

မနော် ပြောတာ ဟုတ်တယ်.. ဒီလိုပဲ ရန်ကုန်က ဘ၀တွေက..တခြား ဆွေမျိုးအသိုင်းအ၀ိုင်းတွေနဲ့ နေရရင် တော်သေးတယ်..ကိုယ့်မိသားစုနဲ့ ကိုယ် သီးသန့်နေကြရင် အဲလိုပဲ။ သူ့ ကိုယ် မကူနိုင်၊ ကိုယ့် သူမကယ်နိုင်နဲ့။ မနော်.. အဲသည်မှာရော နေရတာ ရန်ကုန် lifestyle ကို သတိမရဘူးလား။

ကြယ်ပွင့်လေးရေ..မြို့ထဲမှာ မဟုတ်ဘူးလေ.. အင်းလျားလမ်းဘက်လည်း ကျန်နေသေးတယ်..ဟဲဟဲ..

မမကွန်ရေ.. ကလေးရှိရင် ပျော်ချိန်ကို ရှိတော့မှာ မဟုတ်ဘူး မမရဲ့။

PAUK said...

မသီဂီ င်္ရေ..
ဒီနေ့ပဲ ချန်းကို ပူညံပူညံလုပ်နေသေးတယ်..
ထမင်းစားကတာအစ..တီဗွီကြည့်တာ..စကားအပြောအဆို..
ကိုယ်က အလုပ်တဖက်နဲ့ဆိုတော့..အလုပ်မှာအာရုံရောက်နေရင်..
သူ့ကို လစ်လျူရှုမိရော..
ကျနော်ကတော်သေးတယ်..၁ယောက်ပဲမို့..
အမလို ၃ယောက်ဆို ရူးသွားမလားပဲ...။

တန်ခူး said...

မ ရေ.. ဒီမှာ တယောက်ထဲနဲ့ ညည်းပြရမှာတောင် အားနာသွားတယ်..
မ ကို ကိုယ်ချင်းစာပါတယ်…
ပျော်စရာကြီးနော်… မိသားစု ၅ ယောက်… ကျွန်မတို့ ငယ်ငယ်ကလဲ အဲဒီလိုပဲ…
ကားပေါ်မှာ လက်နက်အပြည့်အစုံနဲ့ …
ဆယ်တန်းတုန်းကဆို ကားပေါ်မှာ သနပ်ခါးလိမ်း…ထမင်းစားရတာ…
မ ရေ… စိတ်တိုင်းကျကို ထိုင်နေကျ… မ ထိုင်တာ ဘယ်စိတ်တိုင်းကျလဲ
အဲဒီက ဆိတ်စွပ်နံပြားကို ကြိုက်လို့ လေ…
မ တို့ အလုပ်က ကလေးတွေပါခေါ်သွားလို့ ရတယ်ဆိုတော့ ကိုယ်ပိုင်အလုပ်ပေါ့နော်…
ကောင်းလိုက်တာ… မ ရေ… အဲဒီလိုလေးနေလို့ ရမယ့် နည်းလမ်းလေးရှိရင် ပြောပါဦး…
ဒီမှာ မပျော်ဘူး… သိလား….

သက်ဝေ said...

လက်တွေ့ဘ၀ကို လက်တွေ့ကျကျ သရုပ်ပေါ်အောင် ရေးတတ်တာမို့ ဖတ်ရတာ ကောင်းလိုက်တာ...
တကယ်ချီးကျူးပါတယ်...
အလုပ်တာဝန် တွေတဖက်နဲ့
ပြီးတော့ ကလေး သုံးယောက်နဲ့ တစ်နေ့တာလှုပ်ရှားမှုတွေကို...
ပြီးတော့ ဘလော့ဂ်တာလဲ အပါအ၀င်ပေါ့...
ကျန်းမာရေးတော့ ဂရုစိုက်စေချင်ပါတယ်....

ပန်းခရမ်းပြာ said...

မိသားစုတွေ အမြဲတမ်း စုစုဝေးဝေးနဲ့ ပျော်စရာကြီးနော်။ ကျမတို့ ငယ်ငယ် တုန်းကလည်း ဒီလို မောင်နှမ သုံးယောက်ပဲ။ ငယ်ဘ၀လေးကို လွမ်းသွားပြီ။

ခင်မင်းဇော် said...

အမ်မလေး အမဖြင့် ခုမှဖတ်မိတယ် အရမ်းကို လုပ်နိုင်တာပဲနော် ချီးကျူးပါတယ်ကွယ်.. အမလဲ ကိုယ့်ကိုယ်ကို တော်တော် လုပ်ရတယ် ဆိုပြီး သနားနေမိတာ ဟိ။ ဒါတောင် ဘလော့ရေးနိုင်သေးတယ် သိပ်တော်တယ်..