Skip to main content

ကြားခဲ့ရသော ခွဲစိတ်ခန်းထဲမှ... အသံများ....


မနေ့က  သမီးငယ် တစ်သက်ကြာအောင် မ၀င်ဖြစ်တဲ့ ခွဲစိတ်ခန်းထဲ  ထပ်မံ ရောက်ရှိ  သွားခဲ့ပါတယ်…။
ကလေးသုံးယောက်စလုံးကို ဗိုက်ခွဲပြီးမွေးဖွားခဲ့ရတာကြောင့် သုံးကြိမ်တိုင်တိုင် ခွဲစိတ်ခန်းထဲ ၀င်ခဲ့ဖူးသလို… ဘန်ကောက်မှာ နေစဉ်က  acute  PIDကြောင့် ဗိုက်တအားအောင့်လာလို့ အူအတက်ပေါက်တယ်ထင်ပြီး ဘန်ကောက်က ဆေးရုံကြီးရဲ့  Operation Theatre ထဲကိုလည်း  အလည်တစ်ခေါက် ရောက်ခဲ့ရပါသေးတယ်…။  အဲဒီအချိန်မှာတော့ သားကြီးက တနှစ်ခွဲသားအရွယ်ပါ…။ သူများတိုင်းပြည်ဆိုတာရယ်.. ဝေဒနာခံစားနေရတာကြောင့် နဲနဲတော့ လန့်ခဲ့ရတာပေါ့…။ ကလေးတွေ မျက်နှာမြင်ဖို့ ၀င်ခဲ့ရတာတွေကတော့ ဝေဒနာလည်း မခံစားရပဲ  လုပ်ရိုးလုပ်စဉ်မို့လို့ ကြောက်တာလန့်တာ မရှိပါဘူး…။ 

အခုတခါ...သမီးငယ် ခြောက်နှစ်နီးပါးအရွယ်ရောက်မှ ခွဲစိတ်ခန်းထဲ  နောက်တခါ ၀င်ဖို့ဖြစ်လာပြန်ပါတယ်..။ အကြောင်းကတော့ လွန်ခဲ့တဲ့ တစ်လနီးပါးက ပါးစပ်…အဲ ..lower lip မှာ အဖုလေး ပေါ်လာခဲ့တာက စ  ပါတယ်..။ အလုပ်တွေ ရှုပ်နေတဲ့  အချိန်မို့ ခါတိုင်းလို stress ကြောင့် ဖြစ်တဲ့ ulcer ထင်နေပေမယ့် တစ်လနီးပါးကြာတဲ့ အထိ အဲဒီအဖုလေးက ပျောက်မသွား ပေါက်မသွားပဲ  တခါတလေ  ကြီးလာလိုက်.. တခါတလေ သေးသွားလိုက်နဲ့  ရှိနေဆဲဆိုတော့ နဲနဲတော့ သတိထားဖြစ်လာပါတယ်…။ ဆရာဝန်ပြရမှာ ခပ်ပျင်းပျင်းဆိုတော့ အင်တာနက်ထဲကနေ ဟိုရှာ သည်ကြည့်နဲ့  တွေ့လိုက်ရတာ စိတ်ခြောက်ခြားစရာတွေပါပဲ… ဒါနဲ့  ငါများ စီအေ ဖြစ်နေခဲ့ရင်  ဆိုရင်တော့ ဆိုတဲ့  အတွေးတွေလည်း  ၀င်လာပြန်ပါတယ်…။ ဒါနဲ့ပဲ မြန်မြန်  အဖြေသိချင်တာနဲ့ ဆရာဝန်နဲ့  သွားတွေ့တော့ အဆီကျိတ်ပါတဲ့… ခွဲပြီး ပြန်ချုပ်လိုက်ရင် ကောင်းသွားမှာဆိုတာနဲ့   ကိုယ့်စိတ်ဒုက္ခပေးနေတဲ့  အဲဒီအဖုကို ခွဲမလား မေးတော့ ဟုတ်ကဲ့လို့  ချက်ချင်းဖြေလိုက်မိတာကို  ဆွေမျိုးသားချင်းတွေက မခွဲရင် ဘယ်လိုဖြစ်မလဲဆိုတာ ပြန်မမေးရကောင်းလားလို့  ပြောနေကြသေးရဲ့။  ကိုယ်ကတော့ သူ့အလိုလို မပျောက်နိုင်တဲ့အတူတူ  ဖယ်ပစ်လိုက်တာ အကောင်းဆုံးလို့ ထင်တာကိုးနော်..။


အဲဒါနဲ့ပဲ.. မနေ့ နေ့လည်.. ၁၂  နာရီခွဲမှာ  ခွဲစိတ်ဖို့ သဘောတူ..  တူမလေးရဲ့  တစ်လပြည့်  ဆွမ်းကျွေးနဲ့တိုက်ဆိုင်နေတော့  အဲဒီကနေမှ ကမန်းကတန်းပြေး…။ အမျိုးသားက  လိုက်ပို့… သူလည်း ခွဲစိတ်ခန်းအပြင်မှာ  စောင့်ရတဲ့  အတွေ့အကြုံလည်း တော်တော်များနေပြီ…။ အဲဒီတော့မှ သူ့ တစ်ယောက်ကိုတော့ဖြင့် ကျမ ဘ၀မှာ ဘယ်လောက်တောင် အရေးတကြီး လိုအပ်တယ်ဆိုတာ အသေအချာ ပိုသိလာရပါတယ်….:P 


SSC  ရဲ့ Admission and  Discharge Counter မှာ  ရောက်ရှိကြောင်း သတင်းပို့.. လိုအပ်တဲ့  စာရွက်စာတန်းတွေမှာ  လက်မှတ်ထိုး၊ ခွဲမှာက   local လို့  ပြောပေမယ့် မေ့ဆေးနဲ့  ပတ်သက်ပြီး  သိရှိကြောင်း လက်မှတ်ထိုးရတော့  အမျိုးသားက ထုံဆေးနဲ့  ခွဲမှာကို မေ့ဆေးက  ဘာဖြစ်လို့လဲ  လို့ လှမ်းမေးလိုက်သေးတယ်..။ အဲဒီ က staff က  သူတို့ဆေးရုံမှာ မေ့ဆေးနဲ့ ပတ်သက်ပြီး စာရွက်ပဲ  ရှိလို့ပါတဲ့.. ကောင်းရောပေါ့လေ..။


ဒါနဲ့  အဲဒီအမျိုးသမီးနောက်ကနေလိုက်သွားတာ ပထမထပ်ရောက်သွားပါလေရော.. Day  Care  unit တဲ့… SSC ရဲ့  လူအရှင်းဆုံးနေရာလားတောင် မသိပါဘူး။ လူ နှစ်ယောက် သုံးယောက်လောက်ပဲ တွေ့ရပါတယ်…။ ခဏနေတော့ အ၀တ်လဲရအောင် လာခေါ်လို့ ပစ္စည်းပစ္စယတွေ အမျိုးသားကို အပ်ပြီး.  အိပ်မငိုက်နေဖို့.. ပစ္စည်းတွေ ထားပြီးလျှောက်မသွားဖို့ သတိပေးရင်း အထဲဝင်သွားရပါတယ်။ လူနာ အ၀တ်လဲခန်းရယ်လို့ သီးသန့်မရှိပဲ အခန်းတခန်းမှာ သီရေတာထဲ  ၀င်ဖို့ အင်္ကျီအပြာထုတ်ပေးပြီး ၀တ်လာတဲ့  အင်္ကျီတွေကို  ချွတ်လဲခိုင်းပါတယ်… ပြီး ခေါက်ထားပြီး ပစ္စည်းတွေနဲ့  ပွနေတဲ့  ကုတင်လေးတလုံးပေါ်မှာ  တင်ခဲ့ဖို့  ပြောပါတယ်.. ကျမ စိတ်ထဲမတော့ သူများတိုင်းပြည်က  ဆေးရုံတွေမှာ ပေးတဲ့ လော့ကာကို  ပြေးမြင်ယောင်မိသေးတာကို ဒါမြန်မာပြည်လို့ မနည်း ဖျောက်ဖျက်ပစ်ရပါတော့တယ်။  


ဒါနဲ့ အင်္ကျီလဲပြီး သီရေတာထဲ ၀င်ဖို့ စောင့်နေရပါတယ်.. day care unit  မို့  အိမ်ပြန်မယ့်  ခွဲစိတ်ပြီး  လူနာတချို့  မေ့ဆေးမပြယ်ခင် နားနေကြတာကို တွေ့ခဲ့ရပါတယ်…ကျမတော့ လုံးဝ  မိုင်နာပဲမို့. … ဟိုကြည့် သည်ကြည့်နဲ့ စပ်စုနေတာ သူတို့  လာခေါ်တဲ့ အထိပေါ့…


အထဲရောက်တော့ ခွဲစိတ်ခန်း စားပွဲပေါ်တက်ပြီး  လှဲခိုင်းပါတယ်..  ကျမလည်း မီးလုံးတွေကို  ကြည့်လိုက်  အော်ပရေးရှင်းအခန်းကို  ကြည့်လိုက်နဲ့  သူတို့ လှုပ်ရှားတာတွေကို လိုက်ကြည့်ပေါ့…။ နောက်တော့ ဆရာကြီးရယ်.. လက်ထောက်ဆရာဝန်ရယ်.. ရောက်လာပြီး ဘယ်လောက် ပေးမယ် ဘာညာပြောရင်း မျက်လုံးနဲ့ နားတွေကို အ၀တ်နဲ့ ပိတ်ပါတယ်… အဲဒီတော့မှ မီးအလင်းရောင် စူးနေတာ သက်သာပြီး  အသံတွေသာ ကြားနေရပါတယ်.. ခံတွင်းသန့်ရှင်းအောင် ဂွမ်းစနဲ့ အတွင်းအပြင်  သုတ်သင်ပါတယ်.. ခါးတားတားအရသာပေမယ့် ပါးစပ်ထဲ ၀င်သွားရင် အန္တရာယ်မရှိပါဘူးလို့  ပြောပါတယ်.. ခဏနေရင် ထုံလာပါတယ်.. အဲဒီတော့မှ ဆေးထိုး…ပြီး  ပါးစပ်ကို  ဟထားပြီး အလုပ်တွေ ရှုပ်နေကြပါတယ်…။


ထုံဆေးပေးထားတော့ နာကျင်တဲ့  ဝေဒနာမှ မခံစားရတာ.. နားကကြားရတဲ့  သောတအာရုံမှာ ပိုအာရုံစိုက်နေမိတယ်  ထင်တယ်...။ ဒီတစ်ခါ ခွဲစိတ်ခန်းကတော့  တခါမှ မကြုံခဲ့ဖူးပါဘူး။ staff တစ်ယောက်က  ဖုန်းနဲ့ သီချင်းတွေ ဖွင့်ထားပါတယ်။ ခုတလော နံမယ်ကြီးနေတဲ့ ၀ိုင်းစုခိုင်သိန်းရဲ လမ်းဆုံထဲ သီချင်းတွေပါ၊ လူကလေးက သေးသေးလေးပေမယ့် သရုပ်ဆောင် မဆိုးသလို အဆိုတော်ဖက်မှာလည်း ပါရမီပါပုံ ရပါတယ်။  လေးဖြူရဲ့  ဘယ်ဆီကို မင်းရောက်နေမလဲ... သီချင်းသံကလည်း  ပျံ့လွင့်လို့...  နားထောင်ရင်း ကိုယ့်ဘာသာ တောင် ခွဲစိတ်ခန်းရောက်နေတာ မေ့သွားသလိုလို...။  နောက်တော့ ကျမ  သဘောကျတဲ့ အရင်က ဇာတ်လမ်းလေး...( ဘယ်သူဆိုတာမှန်း ရောနေပြီ)... အဲဒီ သီချင်းမှာ ဆရာကြီးရဲ့  နားထဲ  ဘယ်လိုကြားတယ် မသိ... “ ဟဲ့  ကုလားမရဲ့... ဘာလဲ အရင်က  လမ်းကလေး ဆိုတာ....”  တဲ့... အားလုံးက  ၀ိုင်းရီကြပါလေရော...  ကျမလည်း ရယ်ချင်စိတ်ကို မနည်းအောင့်အည်းရတာပေါ့... ဘယ်နှယ့်.. ပါးစပ်ကို ဆွဲဖြဲပြီး  အခွဲစိတ်ခံရင်း အချုပ်ခံနေရတာ.. မတော် မညီမညာ ရွဲ့သွားရင် ဒုက္ခ..နော်.. :P

သူတို့လည်း အလုပ်လုပ်ရင်း စကားတွေ  ပြောရင်း .. တခါတခါလည်း  ဆရာကြီးက  သူ့လက်ထောက်ကို ငေါက်ရင်း... စိတ်မရှည်စွာနဲ့  ကိုယ်တိုင် ၀င်လုပ်နေဟန်တူတဲ့ ဆရာကြီးကိုလည်း သူ့တပည့်က  ဆရာကြီး လက်ထိမယ် လက်ထိမယ်လို့ သတိပေးရင်း... တခါတခါလည်း သူတို့ အလုပ်လုပ်ရင်း နှာခေါင်းပေါက်ကို  လက်နဲ့  မတော်တဆ ဖိထားမိလို့  အသက်ရှူရကြပ်ခဲ့တဲ့ အခါလည်းရှိရဲ့။  နောက်တစ်ခါ  လေးဖြူသီချင်းတစ်ပုဒ်အရောက်မှာ တစ်ယောက်က  အန်တီချယ်ရီ  သိပ်ကြိုက်တဲ့ သီချင်းလို့ ညွှန်းပါတယ်... နံမယ်ကျော်  ဒေါ်ချယ်ရီ ဖြစ်မယ် ထင်ပါတယ်...။ ဆရာကြီးကလည်း စိတ်ဝင်စားဟန်နဲ့ ဘယ်နေရာကို နင့် အန်တီချယ်ရီက  ကြိုက်တာလဲ  လို့  မေးတော့...ကောင်မလေးက  ဟိုနေရာလေးတဲ့...ဘယ်အရာကို ဆုပ်ကိုင်ထားရမလဲ... ဆိုတဲ့  နေရာ  အန်တီချယ်ရီ သိပ်ကြိုက်တယ်လို့  ပြောတယ်လဲ  ဆိုရော.. အားလုံးလည်း ပွဲကျသွားရပြန်ပါတယ်...

နောက် ဆရာကြီးရဲ့ လက်ထောက်ကလည်း သူသိလာတဲ့ သတင်းတစ်ခု ဝေမျှပြန်ပါတယ်... ဆို  က ရေး တီး ပြိုင်ပွဲတွေမှာ စတီရီယို သီချင်းတွေ ပါဝင်ခွင့်ပြုတယ်  ဆိုတာပါ... ဇော်ဝင်းထွဋ်၊  အယ်လ်ဆိုင်းဇီ၊ ဆုန်သင်းပါရ်   အပါအ၀င်  အခြားသော အဆိုတော်များရဲ့နိုင်ငံတော် အကျိုးပြုသီချင်းတွေပေါ့... မဟာ တို့၊  စည်းလုံးခြင်းအတွက်.. တို့  ဘာညာပေါ့လေ..။ လူငယ်တွေပါ  ပါလာအောင်  စည်းရုံးနေတယ်ထင်တယ်လို့  မှတ်ချက်ချသူက  ချ၊ သူတို့ဘက်မှ ဘယ်သူ့မှ မရှိပါဘူးလို့  ခါးသီးစွာ ဆိုတဲ့သူက ဆိုပေါ့... ကျမကတော့ ဤသို့ ကြားလိုက်ရပါသည်ပေါ့...။


နောက်ဆုံးမတော့  ခွဲစိတ်မှုအသေးလေး  လက်စသတ်ပြီးစီးသွားခဲ့ပါတယ်... ကျမလည်း ပြီးပြီဆိုတော့  ဆံပင်ညှပ်ဆိုင်က  ထ သလို ထ မလို့ လုပ်တော့  အတင်းလှဲနေခိုင်းပြီး Wheel  Chair နဲ့ တွန်းခေါ်ပါတယ်..။  ကိုယ်လမ်းလျှောက်နေနိုင်ရက်နဲ့  အဲဒီ Wheel Chairနဲ့  သွားရတာ ကျမအတွက်  တော်တော်လေး  ကသိကအောင့် နိုင်တဲ့ ကိစ္စပါ။  လမ်းလျှောက်သွားလိုက်ပါမယ်  ဆိုလည်း မရဘူး.. အဲဒါနဲ့ပဲ တွန်းခေါ်ပို့ပေးပါတယ်... အင်း.. ဒါကလည်း  သူတို့ ထုံးစံထင်ပါရဲ့လေ..။  အရင်  ခွဲစိတ်ခန်းမ၀င်ခင် နေရာကိုပဲ ခဏပို့ပြီး ထွက်လို့ ရတော့  လာခေါ်ပါတယ်..ခွဲခန်းဝင်  အင်္ကျီကို  ပြန်လဲပြီး  အပြင်ထွက်ခဲ့ပါတယ်..။  အပြင်ဘက်မှာ  စာအုပ်ဖတ်ရင်း စောင့်နေတဲ့ အမျိုးသားကို လှမ်းခေါ်... ဆေးရုံစရိတ်တွေ  ရှင်းဖို့ Cashier ကောင်တာကို သွား...ပြီး.. ဆေးရုံကနေ ပြန်လာခဲ့တာပါပဲ.. အရင်ကလို premier ကော်ဖီ  booth မှာ ကော်ဖီပူပူလေးတော့ မသောက်ခဲ့ရတော့ဘူးပေါ့လေ..။

တွေးမိနေတာကတော့... 
ကိုယ့်အရင်းနှီးဆုံး ခန္ဓာကိုယ်  အစိတ်အပိုင်းတွေက ကိုယ့ို ဒုက္ခပြန်ပေးတတ်တယ်ဆိုတာရယ်... 
ကိုယ့်အသွေးအသားပေမယ့်  အန္တရာယ်ဖြစ်လာရင် စွန့်ပစ်ရမှာပဲ ဆိုတာရယ်... 
 နောက် ထုံဆေးနဲ့ နာကျင်ကိုခံမှုတွေကို ဖုံးကွယ်ထားလို့ ရသလို... အချစ်ဆိုတဲ့ ထုံဆေးနဲ့လည်း ဘ၀မှာ ကြုံတွေ့ ရင်ဆိုင်လာရတဲ့  အခက်အခဲ ကြမ်းတမ်းမှုတွေကို မနာမကျင် ကျော်ဖြတ်ရင်ဆိုင်ဖို့ အားတွေ ရှိနေတာလားလို့ပါ... ဟဲဟဲ

Comments

Ye Lin Ko said…
ဆရာကြီးနာမည်က ဘယ်သူလဲ။ လက်ထောက်ဆရာဝန်ကကော ဘယ်သူလဲဗျ။ သိလို့ရမလား။
စူး said…
အမ..
အခုသက်သာသွားပီပေါ့..။

နောက်ဆုံး အဆုံးသတ်ဖတ်ပီး ပြဲုးသွားတယ်
Taungoo said…
အားလုံးအဆင်ပြေသွားလို့ ဝမ်းသာပါတယ် အမရယ်။
နောက်ဆုံးစာကြောင်းလေးကိုကြိုက်တယ်ဗျို့။
MANORHARY said…
အမယ် မသိဂီ င်္ ဒီပို့စ်က ဘာပို့စ်လဲ
ထုံဆေးပို့စ်လား ...=)
မသီတာရေ မသိဂီ င်္ကတော့ ထုံဆေးတဲ့..
ဟိုးအပင်မြင့်မှာမချိတ်ထားပဲ နှလုံးသားထဲထိ ထိုးသွင်းပစ်လိုက်တာ ... :P
kay said…
အဲ..အဆုံးကျမှ..ဘယ့်နှယ့်.. ထုံဆေးက..ပြောင်းသွားတာတုန်း။း)
tg.nwai said…
ကိုဘလော့ဂါလေးရေ.. ကျမက အတွေ့အကြုံတစ်ခုကို မှတ်တမ်းတင်ထားချင်ရုံသက်သက် ဒီပို့စ်လေးကို ရေးခဲ့တာပါ..ကိုယ်နဲ့ မနီးစပ်တဲ့ အသိုင်းအ၀ိုင်းတခုရဲ့ ပျော်ပျော်ပါးပါးနဲ့ အလုပ်လုပ်တဲ့ ပုံစံကို တွေ့ပြီး သဘောကျလို့ပါ..ဒါကြောင့် ဆရာကြီးတို့ နံမယ်ကို မဖော်ပြခဲ့တာပါ..ကိုယ်က မရည်ရွယ်ပေမယ့် ထိခိုက်မှာစိုးလို့ပါ..။
Ye Lin Ko said…
သြော်... ဘာရယ်မဟုတ်ပါဘူး။ ကျွန်တော့ ဆရာများ ဖြစ်နေမလားလို့ပါ။ SSC မှာ ကျွန်တော့ သူငယ်ချင်း တချို့လဲ အလုပ်လုပ်နေလို့ လက်ထောက်ဆရာဝန်ဆိုတာက ကျွန်တော့ သူငယ်ချင်းများ ဖြစ်နေမလားလို့ပါ။ ဟုတ်ပါတယ်။ နာမည်ကို ထဲ့မရေးတာပိုသင့်တော်ပါတယ်။
tg.nwai said…
>>> စူးရေ...သက်သာသွားပါပြီ..ကျေးဇူးနော်..
>>> ကိုတောင်ငူရောပဲ..ကျေးဇူးပါ..
>>> သူငယ်ချင်းရေ.. အတူတူပဲမို့ ခံစားလို့ ရတယ်ဟုတ်..ဟဲဟဲ
>>> မနော်ရေ.. သီတာ့လို အရပ်မရှည်တော့ ချိတ်ဆွဲဖို့ရန် အပင်မြင့်ကို မမှီဘူးလေ..အဟဲ..
>>> ကေရေ.. အဲလိုပါပဲ.. ဘလော့ဂ်ရေးကောင်းအောင် ထုံဆေးပေးထားရပါတယ်..:P
မီယာ said…
အချစ်=ထုံဆေး လို့ မှတ်သားသွားပါသည်
ThuHninSee said…
သက်သာပြီးလားအစ်မ။
အစ်မရေ အဆီကြိတ်လေးတွေက တော်တော်ဒုက္ခပေးတာပဲနော် ညီမဆို ညာဘက်လက်ကောက်ဝတ်ထိပ်နားမှာ တစ်ခု ရင်ဘတ်မှာ တစ်ခု ထွက်လာဖူးတယ် နှစ်ခုစလုံး ခွဲတာ မခွဲခင် အမြဲတမ်း သတ္တိခဲဖြစ်ပြီး ခွဲခါနီးတိုင်း သွေးပေါင်ချိန် အရမ်းကျကျသွားတတ်လို့ ကြောက်တာလေ..

ဟုတ်တယ်နော် ကိုယ်ကသာခွဲရမှာ ကြောက်နေတာ သုတို့ကတော့ အတင်းတောင် ချနေလိုက်သေး တစ်ခါတစ်လေ..ရယ်လို့မောလို့ စကားတပြောပြောနဲ့ ကိုယ်က အောက်မှာ မျက်ဖြူလန်နေပြီ..မြင်နေရတာလေ..
အစ်မ အနာမြန်မြန်ကျက်ပါစေ..
မ ရေ… ခုရော ကော်ဖီပူပူလေးသောက်လို့ ရသွားပြီလား… ခွဲခန်းထဲက အတွေ့ အကြုံလေးက ဖတ်လို့ ကောင်းလိုက်တာ… အဲဒီလို ခွဲခန်းထဲသီချင်းဖွင့်လုပ်ကျတယ်ဆိုတာ ကျွန်မညီမလေးပြောပြတုန်းက အံ့သြနေတာ… ဒီပို့ စ်ဖတ်ပြီး လက်ထောက်ဆရာဝန်က သူများဖြစ်နေမလားလို့  တွေးနေမိသေးတာ… ဒါပေမယ့် သူက လေးဖြူတို့  ၀ိုင်းစုတို့  မကြိုက်ဘူးဆိုတော့ မဖြစ်နိုင်ပါဘူး… ဒေါ်ချယ်ရီက သီချင်းတွေ ကြိုက်တတ်သတဲ့လား…ဟိဟိ… မ ရဲ့ အချစ်ထုံဆေးလေးက မိုက်တယ်… အားကျလိုက်တာ…
Moe Cho Thinn said…
မမက ဒီလိုလေးလဲ တင်စားတတ်တာကိုး။ အတုယူအုံးမှပါ မမရာ။
:P said…
နောက်ဆုံးစာကြောင်းလေး မှတ်သားသွားပါ၏။

ဟဲဟဲ ကလည်းပါလိုက်သေးတယ်နော်.. ။ :)

Popular posts from this blog

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။

မြန်မာ့နိုင်ငံရေးသမိုင်းလေ့လာချက်၊ အမျိုးသားနေ့ပေါ်ပေါက်လာပုံ- (တင်နိုင်တိုး)

ြ မန်မာ့နိုင်ငံရေးသမိုင်း လေ့လာချက် အမျိုးသားနေ့ပေါ်ပေါက်လာပုံ တင်နိုင်တိုး နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်း လဆုတ် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ထားပါသည်။ ယင်းသို့ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့အား အမျိုးသားနေ့အဖြစ် အသိအမှတ်ပြုပါရန် အဆိုပြုခဲ့သူမှာ ဂျပ်ဆင်ကော်လိပ်ကျောင်းသားဟောင်း ကိုမြင့် ဆိုသူဖြစ်သည်။ ဂျီစီဘီအေ န၀မမြောက် ကွန်ဖရင့်၏ နောက်ဆက်တွဲအဖြစ် ၁၉၂၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ ဂျူဗလီဟော (ယခုစစ်သမိုင်းပြတိုက်နေရာ) ၌ ဂျီစီဘီအေ အထူးကွန်ဖရင့်ကို ကျင်းပခဲ့ရာ ယင်းအစည်းအဝေးကြီးက အတည်ပြုပေးခဲ့ခြင်း ဖြစ်ပါသည်။ အမျိုးသားနေ့ သတ်မှတ်ရေး မန္တလေးမြို့တွင် ၁၉၂၁ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့၌ စတင်ကျင်းပခဲ့သည့် ဂျီစီဘီအေ န၀မမြောက်ကွန်ဖရင့်၏ စတုတ္ထနေ့ဖြစ်သော အောက်တိုဘာလ ၂၄ ရက်နေ့တွင် အမျိုးသားနေ့ သတ်မှတ်ရေးကိစ္စကို ဆွေးနွေးခဲ့ကြသည်။ ထိုနေ့ အစည်းအဝေး၏ သဘာပတိမှာ ဦးချစ်လှိုင်ဖြစ်ပြီး အမျိုးသားနေ့ သတ်မှတ်ရန် အဆိုသွင်းခဲ့သူမှာ ကန်ကြီးထောင့်မှ ဦးဘသော်ဆိုသူ ဖြစ်ပါသည်။ ဦးဘသော်က မြန်မာ တမျိုးသားလုံးအတွက် အရေးကြီးလှသော အမျိုးသားနေ့ဟူ၍ သတ်မှတ်သင့်ကြောင်း အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။ ဥ...

အမှတ်တရ...

၁၉၈၈-ခုနှစ်ရဲ့ မတ်လ ၁၁-ရက်နေ့... အဲဒီနေ့က ကြို့ကုန်းက ရန်ကုန် စက်မှုတက္ကသိုလ်ဝင်းထဲမှာ  စည်ကားနေကြတယ်လေ..။ စုပေါင်း သွေးလှူပွဲ ရှိတာကိုး။ ကျောင်းသူ ကျောင်းသားတွေလည်း စိတ်အားထက်သန်စွာ ကိုယ့်သွေးတွေကို ပေးလှူခဲ့ကြတယ်..။  (အဲဒီနေ့ သွေးလှူပွဲကတော့ ၀မ်းမြောက်စွာနဲ့ပေါ့...) ကျမလည်း သွေးလှူဖို့ ရည်စူးထားခဲ့လို့  အဲဒီ အလှူပွဲ ၀င်နွှဲခွင့်ကြုံခဲ့သေးပါတယ်.... အဲဒါ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်များတောင် ဖြစ်မလားမသိ...။ ပြီးတော့ သွေးလှူရှင်တံဆိပ်လေးတစ်ခုရယ်.. သွေးလှူမှတ်တမ်းကဒ်လေးရယ်.. ကြက်ဥပြုတ်လေး တစ်လုံးရတာတော့ မှတ်မိနေခဲ့တယ်...။ ပြီးတော့ အဲဒီ သွေးလှူရှင်တံဆိပ်ကလေးကို တစုံတယောက်ကို မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့လိုက်တယ်... အဲဒီနေ့က သူ့ မွေးနေ့ပါ.....။ သူ့မွေးနေ့မှာ ကိုယ်ရည်စူးလှူဖြစ်ခဲ့တဲ့ သွေးအလှူဟာ  လိုအပ်နေတဲ့ တစ်စုံတစ်ယောက်အတွက် အထောက်အကူဖြစ်ခဲ့ရင်.. သူရော ကိုယ့်အတွက်ပါ မွန်မြတ်တဲ့ အလှူဖြစ်စေဖို့ပါ...။ သွေးလှူပြီးပြီးချင်းပဲ  ရန်ကုန်ကနေ  မိဘတွေရှိတဲ့ ပဲခူးကို လိုင်းကားနဲ့ ပြန်လာတော့ ခေါင်းတွေ  တအားမူးနေလို့ မရပ်နိုင်ပဲ အတူလိုက်လာတဲ့ သူငယ်ချင်းရဲ့ လက်ကိ...