Skip to main content

မာတိကမာတာ၊ အညတရ ရဟန်းနှင့် စိတ္တာနုပဿနာ သတိပဋ္ဌာန်တရား။

ဒီနေ့ သီတင်းကျွတ်လဆန်း ရှစ်ရက်၊ ဥပုသ်နေ့အတွက်...  ဆရာကြီး ဦးရွှေအောင် ရဲ့ ကုသိုလ်နဲ့ အကုသိုလ် စာအုပ်ထဲက  မာတိကမာတာ(၂) ဆာင်းပါးထဲမှ စိတ္တာနုပဿနာ သတိပဋ္ဌာန်ဆိုင်ရာ မှတ်သားစရာတချို့ကို ကောက်နှုတ် ဖော်ပြပေးပါရစေရှင်...



ဗုဒ္ဓဘာသာဝင်တော်တော်များများကတော့ မာတိက မာတာအကြောင်း ကြားဖူးကြမယ် ထင်ပါတယ်..။ မာတိက ရွာစားရဲ့ မိခင်၊ ရဟန်း ၆၀ ကို ၀ါဆိုကျောင်းကပ်လှူပြီး  ဆွမ်းလုပ်ကျွေးပြုစုရင်း ရဟန်းတော်တွေ ကျင့်ကြံအားထုတ်နေတဲ့ ၃၂ ကောဋ္ဌာသ ကမ္မဋ္ဌာန်းကို တဆင့် နာယူအားထုတ်ရာမှ အနာဂမ်မိမဂ် ကို ပဋိသမ္ဘိဒါ လေးပါး၊ အဘိညာဉ်  ၆ ပါးတို့နဲ့  တကွ ရရှိခဲ့သူပါ။ ရဟန်း ၆၀ စလုံး ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ အရဟတ္ထဖိုလ်ကို မျက်မှောက်ပြုနိုင်အောင် ရဟန်းတော်များ အစာအာဟာရအနေဖြင့် သပ္ပာယဖြစ်အောင် လျောက်ပတ်သော ဆွမ်းဘောဇဉ်များ စီစဉ်ပြုစုပေးခဲ့သူလို့ သာသနာတော် မှတ်တမ်းမှာ မှတ်တမ်းတင်ခံထားခဲ့ရသူပါ။ 

အဲဒီမာတိက မာတာရဲ့ ဂုဏ်သတင်းကို ကြားလို့ ရဟန္တာ (၆၀)တို့ နည်းတူ  မာတိကမာတာကို အမှီပြုပြီး ရဟန္တာဖြစ်အောင် တရားအားထုတ်ချင်တဲ့ ပုထုဇဉ် ရဟန်းတစ်ပါးက မြတ်စွာဘုရားထံ လျှောက်ထားခဲ့ပါတယ်။ မြတ်စွာဘုရားကလည်း အဲဒီအညတရ ရဟန်းရဲ့ဣနြေ္ဒ အနုအရင့်ကို ကြည့်ပြီး စရိုက်နဲ့ လိုက်သော ကမ္မဋ္ဌာန်းကို ပေးပြီး ခွင့်ပြုခဲ့ပါတယ်။  


အဲဒီ အညတရ ရဟန်းဟာ မာတိက ရွာရောက်လို့ သူ့စိတ်ထဲက ကြံစည်တောင့်တမိတာတွေကို မာတိကမာတာက သိနေခဲ့ပြီး ဖြည့်ဆည်းပေးပါတယ်။ ဒါနဲ့ပဲ သူ့စိတ်ရဲ့ ဖြစ်ပေါ်လာတဲ့ မကောင်းတဲ့ အတွေးအကြံတွေကို မာတိကမာတာ သိမြင်ကုန်မှာ စိုးကြောက်လာတာနဲ့  ဆက်လက် တရားအားမထုတ်နိုင်တော့ဘဲ မြတ်စွာဘုရားသီတင်းသုံးရာ ဇေတ၀န်ကျောင်းတော်သို့သာ ပြန်လာခဲ့ပါတယ်။ အဲဒီတော့ မြတ်စွာဘုရားက မာတိကရွာ ကမ္မဋ္ဌာန်းကျောင်းကိုသာ ပြန်သွားဖို့ ဆုံးမသြ၀ါဒပေးရင်း စိတ္တာနုပဿနာ သတိပဋ္ဌာန် ဒေသနာတော်ကို ဟောကြားတော်မူတဲ့  ဂါထာလေးကတော့...

စိတ်သည် ဆုံးမရ အလွန်ခက်၏၊ အလွန်လျင်မြန်၏။  ရောက်ချင်ရာသို့ ရောက်တတ်၏။ ထိုစိတ်ကို ယဉ်ကျေးလာအောင် ဆုံးမနိုင်လျှင် ကောင်း၏၊ ယဉ်ကျေးသော စိတ်သည် ချမ်းသာကို ဆောင်နိုင်၏။

စိတ်ဟူသည် ယဉ်ကျေးအောင် ဆုံးမရ အလွန်ခက်၏။ စိတ်ကို သူ့အလိုအတိုင်း အထိန်းအကွပ်မရှိပဲ  လွှတ်ပေးခြင်းအားဖြင့်  ယဉ်ကျေးအောင်ဆုံးမလို့ မရ။ ထိုသို့ပြုပါက စိတ်သည် ယဉ်ကျေးမလာပဲ ပိုပြီး ရိုင်းလာ၊ ပိုပြီး ထကြွသောင်းကျန်းလာမည်ဖြစ်သောကြောင့် ထိုဆုံးမနည်းသည် အစွန်းရောက်သော ဆုံးမနည်း “ကာမသုခလ္လိကာနုယောဂနည်း”  အတွင်းဝင်သည်ဟု ဆိုရမည်။


ထို့အတူ အတင်းအဓမ္မ ဖိနှိပ်ချုပ်ချယ် ဆုံးမပြန်လျှင်လည်း စိတ်၏ သဘာဝကို တိုက်ခိုက်ရာ ရောက်ပြန်ပါသည်။ အတိုင်းမသိ ကြီးမားသော သဘာဝ၏ တန်ပြန်တိုက်ခိုက်မှုကြောင့် စိတ်သည် ပိုပြီး မယဉ်ကျေးလာသည့်အပြင် ကသောင်းကနင်း ဖြစ်လာမည်ဖြစ်သည်။ ကသောင်းကနင်းဖြစ်ခြင်းဆိုသည်မှာ စိတ်၌ရောဂါရခြင်းဖြစ်သည်။ ထို့ကြောင့် ထိုသို့ အတင်းအဓမ္မ ဖိနှိပ်ချုပ်ချယ်၍ ဆုံးမသော နည်းသည်လည်း  မှန်ကန်သောနည်းမဟုတ်ပဲ  အစွန်းတစ်ဖက်သို့ ရောက်သော “ အတ္တကိလမထာနုယောဂ”  ၌ အကျုံးဝင်သည်။


ထိုသို့  ဆုံးမရခက်သော စိတ်ကို ယဉ်ကျေးအောင် ဆုံးမရာ၌ မဇ္ဈိမ ပဋိပဒါကျဖို့ လို၏။   သို့မှသာ ဆုံးမနည်း မှန်ကန်ပြီး စိတ်လည်း ယဉ်ကျေးလာမည်ဖြစ်သည်။ ထိုနည်းမှာ စိတ္တာနုပဿနာ သတိပဋ္ဌာန်နည်း ဖြစ်၏။

စိတ္တာနုပဿနာအရ  စိတ်ကို ဆုံးမသောအခါ  စိတ်၏ သဘာဝကို သိထားဖို့ လို၏။ စိတ်၏  သဘာဝကို  သိထားလျှင် စိတ်ကို မဇ္ဈိမ ပဋိပဒါဖြင့် ယဉ်ကျေးအောင် ဆုံးမနိုင်၏။ စိတ်၏  သဘာဝမှာ ဒေသနာတော်အရ ဆိုလျှင် စိတ်သည် အလွန်လျင်မြန်၏။ တစ်ခုသော ခဏအတွင်း၌ပင်  စိတ်သည် ကုဋေတစ်သိန်းခန့် ဖြစ်နိုင်၏။  ချုပ်နိုင်၏။  စိတ်သည် ထိုမျှလောက် မြန်ပါ၏။

ထို့အပြင် စိတ်သည်  သွားချင်ရာ သွားတတ်၏။  “ ဒီအာရုံမကောင်းဘူး၊ မသွားနဲ့”  ဟူ၍လည်း  တားဆီး၍ မရ၊ လှစ်ခနဲ ပြေးသွားတတ်၏။  “ ဒီအာရုံကကောင်းတယ်၊ ဒီမှာနေ” ဟူ၍လည်း  တိုက်တွန်း၍ မရ၊  မိမိထားရာအာရုံမှ ဖြုန်းခနဲ ထွက်ပြေးသွားတတ်၏။  တစ်ခါတရံ မိမိစိတ်သည် ဘယ်ရောက်သွားမှန်းပင်  မသိလိုက်။


အမှန်အားဖြင့် စိတ်သည် ထားရာမှာ နေချင်လည်း နေ၏၊ မနေချင်လည်း မနေ။ မထားရာမှာ မနေချင်လည်း မနေ၊  နေချင်လည်း နေ၏။  ထို့အပြင် မိမိက ထားထား မထားထား၊ စိတ်သည် သူ့ နေချင်သလို နေ၏။ သူသွားချင်သလို သွား၏။  သူ့သဘော၊ သူ့ဆန္ဒ၊ သူဧကရာဇ်။ ဤသည်မှာ စိတ်၏  သဘာဝဖြစ်၏။


မသိလျှင်  ခက်၏။ သိလျှင် လွယ်၏။ မသိခြင်းသည် အ၀ိဇ္ဖာဖြစ်၏။ သိခြင်းသည်  ၀ိဇ္ဖာဖြစ်၏။  ထို့ကြောင့် မိမိ၏ စိတ်ကို  မိမိက  သိအောင် သတိဖြင့် အမြဲတမ်း  စောင့်ကြည့်အပ်၏။  သွားချင်ရာ  သွားပါစေ ကိစ္စမရှိ၊  သွားမှန်း  သိဖို့သာ လို၏။


လောဘအာရုံသို့ သွားလျှင်လည်း လောဘအာရုံသို့ သွားလျှင်လည်း လောဘအာရုံသို့ သွားမှန်းသိအောင်၊  ဒေါသအာရုံသို့  သွားလျှင်လည်း ဒေါသအာရုံသို့  သွားမှန်းသိအောင်၊  ထို့ပြင်  ကုသိုလ်အာရုံ တစ်ခုခုသို့ သွားလျှင်လည်း ကုသိုလ်အာရုံ တစ်ခုခုသို့ သွားမှန်းသိအောင်၊ အယုတ်ဆုံးအားဖြင့် မိမိ၏ စိတ်  ဘယ်ရောက်သွားမှန်း၊ မသိလျှင်တောင်မှ ဘယ်ရောက်သွားမှန်း  မသိသည့် သဘောကိုပင် သိအောင် သတိဖြင့် စိုက်၍  အားထုတ်အပ်၏။


ထိုအခါ မိမိ၏ စိတ်သည်  မိမိကို လှည့်ပတ်၍ မရတော့။  မိမိ၌  လောဘစိတ် ဖြစ်လျှင်လည်း လောဘစိတ်  ဖြစ်မှန်းကို သိလာ၏။  ဒေါသစိတ်ဖြစ်လျှင်လည်း ဒေါသစိတ်  ဖြစ်မှန်းကို သိလာ၏။  မောဟစိတ်ဖြစ်လျှင်လည်း မောဟစိတ်ဖြစ်မှန်းကို သိလာ၏။ ကုသိုလ်စိတ် တစ်ခုခု ဖြစ်နေလျှင်လည်း ကုသိုလ်စိတ်  တစ်ခုခုဖြစ်မှန်းကို သိလာ၏။ အယုတ်ဆုံးအားဖြင့်  ဘာစိတ်ဖြစ်နေမှန်း မသိလျှင်လည်း  ဘာစိတ်  ဖြစ်နေမှန်းမသိ၊ မသိစေကာမူ ထိုအတိအကျ မပြောနိုင်သော အာရုံတစ်ခုခုကိုသိနေသော စိတ် ဖြစ်နေမှန်း သိလာ၏။


စိတ္တာနုပဿနာ  သတိပဋ္ဌာန်  ဟူသည်မှာ  မိမိစိတ်က သိနေသော သိစရာ  အာရုံပိုင်းကို  ပဓာနထား၍ အာရုံမပြုဘဲ ထိုသိစရာ အာရုံတစ်ခုခုကို သိတတ်သော အာရမ္မဏိက ဖြစ်သော မိမိ၏ စိတ်ကိုသာ  ပဓာနထား၍  အာရုံပြုပြီး သိနေခြင်းဖြစ်၏။  အာရမ္မဏိက ဖြစ်သော စိတ်က အာရုံပြန်ဖြစ်နေခြင်း ဖြစ်၏။

ထိုအခါ သူ၏ အာရုံသည် စိတ်သာ ဖြစ်တော့၏။ အမှန်အားဖြင့် အာရုံပိုင်းနှင့် အာရမ္မဏိကပိုင်းတွင် အာရမ္မဏိကပိုင်းကို ပဓာနထား၍  ရှုမှတ်လျှင် ယင်း၏ အာရုံပိုင်းလည်းအလိုလို ပါဝင်ပြီးသား ဖြစ်လာ၏။  အာရမ္မဏိကပိုင်းဟူသည်မှာစိတ်ပင် ဖြစ်၏။  စိတ်ဟူသည်  အာရုံနှင့် ကင်း၍ မဖြစ်ကောင်းသောကြောင့် စိတ်ဖြစ်သည်  ဆိုကတည်းက ယင်းအနေဖြင့် အာရုံပြုရာ အာရုံတစ်ခုခု သည် မလွှဲသာ မရှောင်သာ ပါဝင်ပြီးသား  ဖြစ်၏။


ထို့ကြောင့် စိတ်ကို ပဓာနထား၍ သတိဖြင့် ရှုမှတ်ပါက ထိုစိတ်၏  အာရုံကိုလည်း အလိုအလျောက်  အပဓာနအားဖြင့် ရှုမှတ်ပြီးသား ဖြစ်လေ၏.  ထိုသို့  ရှုမှတ်ရာတွင် “သတိ၊ ၀ီရိယ၊ သမာဓိ”  ဟူသော သမာဓိ မဂ္ဂင်သုံးပါး  “ အား” မကောင်းမီ “အသိ” ကျဲသော်လည်း ယင်း မဂ္ဂင် သုံးပါး အားကောင်းလာသည်နှင့်အမျှ အသိသည် စိပ်စိပ်လာမည်  ဖ်ြစ၏။


ယင်းမဂ္ဂင်သုံးပါးတွင်  သတိပဋ္ဌာန်  ဆိုသည့်အတိုင်း “သတိ” သည်  ပြဋ္ဌာန်း၏။  “သတိ”  ပြဋ္ဌာန်းသည်နှင့် အမျှ ၀ီရိယသည်လည်း  သမ္မပ္ပဓာန်ထိုက်အောင်  ပြဋ္ဌာန်းဖို့ လို၏။ သတိနှင့် ၀ီရိယ အားကောင်းလာလျှင်  သမာဓိဝင်လာမည်။ သမာဓိဝင်လာလျှင် ပညာဝင်လာမည်။ ပညာဝင်လာလျှင်  အသိ စိပ်၍ စိပ်၍ လာမည်။ ထိုအခါ မိမိ၏ ရှေးစိတ်သည် ဘယ်ကိုပင် ပြေးပြေး ဘယ်ကို ပြေးမှန်း မိမိ၏  နောက်စိတ်က သိလာ၏။


ထိုအခါ  မိမိ၏ အရှုခံ “ရှေးစိတ်” နှင့် ရှုတတ်သော “နောက်စိတ်”  နှစ်မျိုးလုံး အမြဲတစေ ဖြစ်နေ ပျက်နေ သည်ကိုပါ သိလာ၏။ ဤသို့ သိလာသည်ကိုပင် ယထာဘူတဉာဏ်ကို ရခြင်းမည်၏ ဟူ၍  ဆိုရ၏။


ဖြစ်ပျက်ကို မြင်လာသည်အထိ  ယထာဘူတဉာဏ်ကို ရသောအခါ သင်္ခါရတရားတို့ကို ငြီးငွေ့သော နိဗ္ဗိဒါဉာဏ်သည် ဖြစ်ပေါ်လာလေ၏။ နိဗ္ဗိဒါဉာဏ်ဖြစ်ပေါ်လာသည်နှင့်အမျှ  စိတ်သည် ယဉ်ကျေးလာ၏။ ထို့နောက် ဖြစ်ပျက်တို့ ဆုံးရာ နိဗ္ဗာန်ကို မျက်မှောက်ပြုပြီး  တဏှာ ခေါ်သော သမုဒယသစ္စာကို  ပယ်နိုင်သော ၀ိရောဂ ဉာဏ်သည် ဖြစ်ပေါ်လာ၏။ ထိုအခါ စိတ်သည်  အလုံးစုံ  ယဉ်ကျေးလေပြီ။ မဂ်ဉာဏ်  ဖိုလ်ဉာဏ် နိဗ္ဗာန်ချမ်းသာကို ရလေပြီ။  

ဤဒေသနာတော်သည် စိတ္တာနုပဿနာ သတိပဋ္ဌာန်ဖြင့် ယထာဘူတဉာဏ်၊ နိဗ္ဗိဒါဉာဏ်၊ ၀ိရာဂဉာဏ် ပေါင်း ဉာဏ်သုံးပါးကို ရ၍ အရဟတ္ထဖိုလ်ကို မျက်မှောက်ပြုနိုင်ကြောင်း ဖော်ပြသော ဒေသနာတော်ပင်ဖြစ်ပါ၏။


(ဦးရွှေအောင်၏ ကုသိုလ်နှင့် အကုသိုလ် စာအုပ်၊ မာတိကမာတာ(၂) ဆောင်းပါးမှ ကောက်နှုတ်ဖော်ပြထားခြင်း ဖြစ်ပါသည်)

Comments

မမိုး said…
တန်ဖိုးရှိလှတဲ့ ပိုစ့်လေးပါ။
ဖတ်ပြီးကျေးဇူးတင်နေမိတယ်။
စူး said…
သွားချင်ရာ သွားပါစေ ကိစ္စမရှိ၊ သွားမှန်း သိဖို့သာ လို၏။

ဟုတ်တယ်နော် အမ..ဘုန်းဘုန်းတရားမှတ်ခိုင်းတုန်းကလဲ အဲလိုပဲ ဟောတယ်..
ဟိုးတနေ့က ဂျပန်တရားထိုင်နည်းသွားသင်တုန်းကလဲ အဲလိုပဲ ပြောတယ်..

သွားနေတဲ့ စိတ်ကို အသိလေးကပ်ပီးလိုက်နေဖို့ပဲလိုတယ်တဲ့..။

ကြိုးစားပီး ငြိမ်းချမ်းအောင်နေကြည့်မယ်..။

တန်ဖိုးရှိတဲ့စာတွေအတွက် ကျေးဇူးပါ..အမရေ..
Zephyr said…
Post အတွက်ကျေးဇူးတင်ပါတယ်...။
မာတိက မာတာ အကြောင်းကို အရှင်ဆေကိန္ဒနဲ့ ဆရာချစ်ဦးညိုတဲ့ ဆွေးနွေးတာကိုလည်း မြန်မာပြည်မှာရှိတုန်းက ကြည့်လိုက်ဖူးပါတယ်။ ...။

အညတရ ရဟန်း ဟာ သူ့အတိတ်ဘ၀တွေကို ပြန်သိပြီး ဆင်ခြင်ကြည့်တဲ့အခါ ..မာတိက မာတာ က သူ့ကို မကောင်းကြံခဲ့တာတွေကိုလည်း တွေ့ပါတယ် ....။ စိတ်ကလည်း မငြိမ်သက်တော့ပါဘူး ...။ အဲဒီအချိန်မှာ မာတိက မာတာ က သတ္တမံဘ၀ကိုပါ ဆက်ပြီး ဆင်ခြင်ကြည့်ဖို့ပြောပါတယ် ...။ အဲဒီဘ၀မှာတော့ မာတိက မာတာက သူ့ကောင်းကျိုးကို ဆောင်ဖူးတာဖြစ်နေပြန်ပါတယ် ...။

.... တရားရသွားတာ မရသွားတာထက် ... ဘ၀အဆက်ဆက် ကောင်းလိုက်မကောင်းလိုက် ဖြစ်တတ်တဲ့ လူတွေရဲ့စိတ်အကြောင်းကို တွေးမိလို့ မာတိက မာတာ အကြောင်းကို မှတ်မိနေတာပါ....။

နောက်တစ်ခုက အရှင်ဆေကိန္ဒထုတ်ပြတဲ့ ကောက်ချက်လေးတစ်ခုပါ .. မာတိက မာတာ က ဘာလို့ အနာဂမ်တည်တာလဲဆိုတဲ့အချက်ပါ ....။ သူက မေတ္တာတရား အားကြီးလို့ အနာဂမ်တည်သွားတာလို့ ဆရာတော်က အချက်အလက်နဲ့သုံးသပ်ပြတာပါ ...။

အခုလည်း ဒီပို့စ်ကို ဖတ်လိုက်ရလို့ အရင်က မှတ်ထားတွေကို ပြန်သတိရမိလို့ ကျေးဇူးတင်ပါတယ် ...။


ခင်မင်စွာဖြင့်
Zephyr
အလွန်တန်ဖိုးရှိသော ပို့စ်လေးပါ။ ခဏခဏ လာပြန်ဖတ်မှဖြစ်မယ်။
Welcome said…
ပြန်ရှယ်ပေးလို့ ဖတ်ရတဲ့အတွက် ကျေးဇူးကြီးလှပါတယ်။

ခင်မင်လေးစားစွာနဲ့

Popular posts from this blog

၁၁၂၇

ဘဝမှာ အခက်ခဲဆုံး အချိန်တွေကို ကျော်ဖြတ်နေရသလိုပါပဲ.... အားလုံးက ခက်ခဲနေကြတဲ့ကြားထဲ ကိုယ်က ထူးပြီး ခက်ခဲနေတာတော့ မဟုတ်ဘူးပေါ့.....ပတ်ဝန်းကျင်လိုက်ကြီး ခက်ခဲကြပ်တည်းနေကြတာ....အစစ အရာရာပေါ့လေ... ကိုယ်လည်း စိတ်ထဲ အဆင်ပြေမနေဘူး.... နေရတာလည်း လဟုတာ၊ မုဒုတာ ဖြစ်မနေဘူး... အရင်ကလို စိတ်ထဲရှိသမျှ ရေးချနိုင်တဲ့ blog ခေတ်ကို ပြန်လွမ်းလို့ ပြန်လာခဲ့တယ် ဆိုပါေတာ့.... မနေ့...အဲ...ဟို တနေ့လောက်က စပြီး Netflix က ကိုးရီးယားဇာတ်လမ်းတွဲ တခု ကြည့်ဖြစ်တယ်.... ပုံမှန်ဆို တညထဲနဲ့ အကုန်ကြည့်တတ်ပေမဲ့...အဲဒီ့ကားလေးကိုတော့ နားနားပြီး ကြည့်ရတယ်... ပြောရမယ်ဆိုရင် စိတ်ကို ဘယ်နားထားရမှန်းမသိလို့ အချိန်ဖြုန်းနေတဲ့ သဘောပါပဲ... ကိုယ်က ငယ်ငယ်ကတည်းက တက္ကသိုလ်ဘုန်းနိုင် ရဲ့ စာအုပ်တွေဖတ်ပြီး စိတ်ပညာကို  စိတ်ဝင်စားလို့ တက္ကသိုလ်ဝင်ခွင့်တင်တော့ ကိုယ်တိုင်မတင်လိုက်ရဘူး...ဖေဖေပဲ တင်ပေးတာထင်ရဲ့... ပထမ၊ ဒုတိယ၊ တတိယ ဦးစားပေးတွေက သိတဲ့အတိုင်း ဆေး၊ စက်မှုု အီကို၊ ပြီးရင် စိတ်ပညာ လို့ လျှောက်ထားဖြစ်ခဲ့တယ်... အခု အမှတ်တမဲ့ ကြည့်မိတဲ့ ကိုရီးယားကားလေးက တက္ကသိုလ်ဆေးရုံတခု ရဲ့ စိတ်ကျန်းမာရေး unit တခုက သူနာပြုဆရာမလေးကို အခြေခံတဲ့ ဇာတ်လမ်

ဥယျာဉ်တော်ထဲက သရက်သီး ငတက်ပြား ..အပိုင်း (၂) (K-မမ ရေးသည်)

တွဲလဲရယ် နေပါဦး.. (ပုံလေးကို ဒီကယူပါသည်) “ ဟိတ်ကောင် .... မင်းထမီကို ခါးတောင်းကျိုက်လိုက်.. ..ဒီထိုင်ခုံကို ငါ နံရံမှီထားပေးမယ်။ ထိုင်ခုံဘောင်ကနေ နောက်မှီတန်းပေါ်ကိုလှမ်း။ လက်နှစ်ဖက်က အဲဒီ သံဇကာကိုဆွဲ။ ဟိတ်ကောင် ..... မှန်စောင်းနဲ့ လွတ်တဲ့နေရာကို ပြောတာ။ မင်းလက်တော့ မှန်ရှတော့မှာပဲ။ အေး.... ဟုတ်ပြီ အဲဒီလို ခဏခိုထား။ ငါဒီပြတင်းပေါက်ကို မြဲမြဲကိုင်ထားမယ်။ ညာခြေထောက်က ပြတင်းပေါက်ဘောင်ပေါ်ကို လှမ်းနင်း။ နင်း .....ရဲရဲသာနင်း။ ပြုတ်ကျရုံအပြင် ဘာမှမဖြစ်ဘူး။ ဘယ်ခြေထောက်က တလှမ်းတက်။ အေး .... ညာခြေထောက်က ခေါင်းမိုးပေါ်ချ။ ညာလက်က ခေါင်ချုပ်သစ်ကိုဆွဲ။ ဘယ်ခြေကိုပါ တခါတည်း ခေါင်းမိုးပေါ်ချ။ အေး.... ဟုတ်ပြီ။ ရော့ .....ဝါးလုံး။ ဟိတ်ဟိတ်..... အဲဒီအလယ်လောက်မှာပဲနေ။ ဆက်မဆင်းနဲ့။ တော်ကြာ ခေါင်းမိုးပေါ်က ပြုတ်ကျနေလို့ ကျော်မကောင်း ကြားမကောင်းတွေ ဖြစ်နေအုံးမယ်။ ဟူး …… နင့်ကိုပြောရတာ မောလိုက်တာ။” ဒုန်း .. ဒုန်း .. ဒ ရော … ဘုတ်။ ( ဒုန်း = သရက်သီး ခေါင်မိုးပေါ်သို့ ပထမကျသံ၊ ဒုန်း = နောက်တဆင့်ခုန်သံ၊ ဒ ရော = သရက်သီး သွပ်ပြားပေါ်လိမ့်သံ။ ဘုတ် = သရက်သီးမြေကြီးပေါ်ကျသံ ) “ ဟာ .... ဟိတ်ကောင် .... ခေါင်းမိုးနဲ့ လွတ

မမာကျန်းသူများအကြောင်း။

  ကားတွေ မီးပွိုင့်မိနေတုန်း လမ်းဘေးမှာ အပေါစား  စကတ်တို ညစ်ထပ်ထပ်လေးနဲ့ မော်ဒယ်လေးတစ်ယောက်လို လမ်းလျှောက်သွားတဲ့ အမျိုးသမီးတစ်ယောက်... တခုခု လွဲနေသလားလို့....သေသေချာချာ ကြည့်မိလိုက်ပါတယ်.... စိတ်မကောင်းစရာ...ဆံပင်ဖြူဖြူ အရေတွေတွန့်လို့...သူ့ပုံစံကတော့ တကယ့်ကို မော်ဒယ်လေးတစ်ယောက် cat  walk လျှောက်သလို  confidence အပြည့်နဲ့..... နောက်တစ်ယောက်ကတော့ နေပူကျဲကျဲထဲမှာ အထပ်ထပ် ထပ်ထားသော အ၀တ်အစားများက ရာသီစုံ အ၀တ်စုံ...၀က်ဝံကြီး တစ်ကောင်စာလောက် ဖြစ်လာတဲ့  အ၀တ်ထုပ်ကြားက ခပ်ပိန်ပိန်ကိုယ်လုံးနဲ့.... သည်ကြားထဲ သယ်လာတဲ့ ဘူးစုတ် ခွက်စုတ် ပုလင်းစုတ်တွေနဲ့ ကိုယ့်ကိုယ်တောင် မလဲပြိုအောင် အနိုင်နိုင်ထိန်းရင်မနိုင်.... သူ့ကြည့်ပြီး ကိုယ်တောင် စိတ်အိုက်နောက်ရှုပ်သွားမိရဲ့။   ဓာတ်ဆီဆိုင်မှာ ဆီလာထည့်တိုင်း  လမ်းလယ်ခေါင်က  ကွန်ကရစ်တုံးတွေကို သူမရဲ့ ကြယ်မြင်လမြင် နန်းတော်ထဲက  အဆောင်တော်လို  သဘောထား။ အ၀တ်ပိုင်းလေးခင်းလို့...သူ့ဆီမှာ  ပလပ်စတစ် ခြင်းတောင်းတစ်လုံးတော့ မြင်တယ်.. တခါတလေလည်း ခေါင်းမြီးခြုံပြီး..စောစောစီးစီး အိပ်တတ်တယ်..သိပ်ချမ်းတဲ့ ရာသီမျိုးတွေမှာတောင်  သူ ဒီလိုပဲ..စိတ်ချလက်ချ လုံခြုံစွာ အိ