Skip to main content

(တင်တင့် ၏ ပြဇာတ်) ဒီမိုကရေစီ

၁၉၃၅ ခုနှစ်၊ ဇန်န၀ါရီလ ကြီးပွားရေးမဂ္ဂဇင်းမှာ  “တင်တင့်” ကလောင်အမည်နဲ့ ရေးသားခဲ့တဲ့ သိပ္ပံမောင်ဝရဲ့  ပြဇာတ်တပုဒ်ပါ။  အဲဒီခေတ်ရဲ့ အခြေအနေကို သိမြင်ခွင့်ရစေနိုင်တာအပြင်  လက်ရှိ  အခြေအနေနဲ့ နှိုင်းယှဉ်ကြည့်ရင်လည်း သဘောကျစရာပဲဖြစ်နေလို့  ကျမရဲ့ မှတ်စုစာအုပ်လေးထဲမှာ ထည့်သွင်းဖော်ပြပါရစေ...။
 

ဒီမိုကရေစီ

အခန်း ၁

(  နုံချာသော အိမ်ကလေး တအိမ်တွင် ပက်လက်ကုလားထိုင်ပေါ်၌ ထိုင်ကာ  ဆေးပြင်းလိပ် တလိပ်ကို ဖွာလျက်နေသော သူမှာ အသက်လေးဆယ်ခန့်  ရှိလေသည်။ အ၀တ်အစား ခပ်နွမ်းနွမ်းနှင့် တစ်ခုခုကို စဉ်းစားနေစေ။ အချိန်ကား ညနေ ၅ နာရီခန့်၊ အခြား အသက်လေးဆယ်ခန့်ရှိ လူ ခပ်နုံနုံ တစ်ယောက် ၀င်လာစေ။  )

ဦးဘိုးမောင်။   ။ အောင်မယ် တယ်စဉ်းစားချက် ကောင်းပါကလား၊ ဘာများ  စဉ်းစားနေသလဲဗျာ ကိုသာအောင်။

ဦးသာအောင်။   ။ သြော် ကိုဘိုးမောင်လား၊ ၀င်ပါ ၀င်ပါ၊  လာဗျာ ၊ ဒီနားမှာ  ထိုင်ပါ၊  (  အနားရှိ ကုလားထိုင်  အလွတ်တစ်ခုကို  ထိုးပေးစေ၊)

မောင်။    ။  အင်း.. ဘာများ စဉ်းစားခန်း ထုတ်နေသလဲ၊ ထမင်းစားပြီးပြီလား။

အောင်။     ။ အခုပဲ စားပြီးတယ်၊ ထမင်းစားပြီးတာနဲ့  ဆေးလိပ်ဖွာရင်း ဟိုအကြောင်း ဒီအကြောင်း ဆိုသလို စဉ်းစားနေတာပဲ။

မောင်။    ။ ဘာများ  စဉ်းစားနေသလဲဗျာ။ ကျွန်တော်တို့ကော မသိရဘူးလား။ ထီထိုးတာ  ပေါက်ရင်  ဘုရားတည်ဖို့၊ ရှင်ပြုဖို့၊ မော်တော်ကား ၀ယ်ဖို့တွေကို စဉ်းစားပြီး လေထဲမှာ  တိုက်အိမ်ဆောက်နေတာလားဗျ။

အောင်။    ။ ဟာ  ကျွန်တော် ထီလည်း  မထိုးပါဘူး။ ထီထိုးဖို့လည်း ၀ါသနာ မပါဘူး။ စဉ်းစားနေတာကတော့ ငွေကြေး  ကျပ်တည်းတဲ့ အခါမှာ မြန်မာတွေ ပွဲလမ်းသဘင် သိပ်ပြီး လုပ်တဲ့ အကြောင်းတွေပဲဗျ။

မောင်။     ။ အောင်မာ ခင်ဗျားလည်း ၀ံသာနု ဆရာကြီး ဖြစ်မှန်းမသိ ဖြစ်နေပါပကော။ ဒါတွေ ထားလိုက်ပါဦးဗျာ။ ကျွန်တော်တို့ အခု အရေးကြီးနေတာတွေကိုတော့ ခင်ဗျား  မစဉ်းစားမိဘူးလား။

အောင်။    ။ ဘာများ  ခင်ဗျားက အရေးကြီးတာ တွေ့ခဲ့လို့လဲ။ ဟို ဂျူဘလီဟောက အလှပြိုင်ပွဲအကြောင်း ပြောမလို့လား။

မောင်။   ။ ဟာ  ဒီအသက် ဒီအရွယ်နဲ့ ဒီအကြောင်းတွေ တွေးဖို့ မဟုတ်ပါဘူး။  ဒါထက်  အရေးကြီးတဲ့ အကြောင်းဗျ။

အောင်။    ။  ကိုင်း  ဆိုဗျာ၊ ဘာအကြောင်းလဲ။

မောင်။     ။ အခု ရွေးကောက်ပွဲအကြောင်း ခင်ဗျား မကြားသေးဘူးလား.

အောင်။   ။ ကြားသားပေါ့၊  အဲဒါ ဘာဖြစ်သလဲ။

မောင်။   ။ ဘာဖြစ်ရမလဲဗျ။ အဲဒီရွေးကောက်ပွဲမှာ  ခင်ဗျားက ၀ါသလား၊ ပြာသလား။

အောင်။     ။ ကျွန်တော်လား၊  ၀ါလည်း မ၀ါဘူး၊  ပြာလည်း  မပြာဘူး၊ မည်းသဗျ။

မောင်။    ။ ခင်ဗျားအပြောမှဖြင့် ဘောက်ချည်းပဲကိုး၊ အတည်ပြောစမ်းပါ။ အ၀ါနဲ့ အပြာ နှစ်ဦးတည်း အရွေးခံတာဟာ ခင်ဗျားက မည်းတယ်ဆိုတော့ မခက်ဘူးလား

အောင်။   ။ ကျွန်တော်က မည်းလို့ မည်းတယ် ပြောတာပါ။

မောင်    ။ ဟာ  ဒီလို မပြောနဲ့လေဗျာ၊ ရွေးကောက်ပွဲနေ့ကျရင် ဘယ်သူ့အတွက် မဲပေးမယ် ကြံသလဲ ဆိုဗျာ။

အောင်။    ။ ပိုက်ဆံများများပေးတဲ့ဘက်ကို မဲပေးမှာပေါ့။

မောင်။   ။ ဟာ ခင်ဗျားဟာ တရားလမ်းအတိုင်း မကျပါဘူးဗျာ၊ ရွေးကောက်ပွဲမှာ ပိုက်ဆံပေးရတယ်လို့၊ ခင်ဗျားနှယ် ခက်ရာမကော။

အောင်။    ။ ဘာလို့ ခက်ရမှာတုံး။ အလကား အလုပ်ပျက် အကိုင်ပျက် မော်တော်ကားခ  အကုန်ခံပြီး ဆန္ဒမဲ သွားပေးရမှာလားဗျ။

မောင်။   ။  မော်တော်ကားတော့ အလကား စီးရမှာပေါ့ဗျာ။

အောင်။     ။ မော်တော်ကား အလကား  စီးရတာတော့ ဟုတ်ပါရဲ့။ ကျွန်တော် အလုပ်ပျက်တဲ့အတွက်  ခင်ဗျား အပြာတို့ အ၀ါတို့က လာပြီးတော့ ပိုက်ဆံပေးမတဲ့လား။

မောင်။   ။ ဟာ... ခင်ဗျားတစ်ယောက်လည်း  ခွ  ချည်း ပြောတော့တာပဲ။ အခု  ဒီမိုကရေစီခေတ်ကြီးအတွင်းမှာ နေရင်၊ ဒီလိုပဲ တာဝန်သိတတ်တဲ့ ပြည်သူ ပြည်သား မှန်ရင် ဆန္ဒ ပေးရသဗျ။ ဒီတော့မှ ကိုယ်ကြိုက်တဲ့ လူတွေကို ရတော့မပေါ့။

အောင်။    ။ ကောင်းပါပြီ။ ကိုယ်ကြိုက်တဲ့ လူတွေကို ရတော့ ဘာကျေးဇူး ရမလဲဗျ။

မောင်။      ။ ကိုယ်ကြိုက်တဲ့ လူကိုရတော့ တိုင်းပြည်အကျိုးကို  ဆောင်တာပေါ့။

အောင်။   ။ ခင်ဗျားတစ်ယောက်လည်း ဒီမိုကရေစီခေတ်ထဲမှာ နေလာလိုက်တာ ဆယ်နှစ်တောင် ကျော်ပြီ။ အခုတောင် လူဝါးမ၀သေးဘူးလားဗျ။

မောင်။     ။ ဟာ  ခင်ဗျား ဘယ့်နှယ်ပြောတာလဲ။

အောင်။  ။ ဘယ့်နှယ် ပြောရမှာတုံး။ ကျွန်တော်တို့ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကျော်က ရွေးကောက်လိုက်တဲ့ လူတွေဟာ  ဘယ်လောက်များသလဲ။  ဘယ်သူ  တစ်ယောက် ကျွန်တော်တို့  အကျိုးကို ဟုတ်ဟုတ်ဟတ်ဟတ် ဆောင်ရွက်သလဲဗျ။ ရွေးကောက်ပွဲ  မလုပ်ခင်ကတော့ ကျွန်တော်  ဘာလုပ်မယ်၊ ကျွန်တော် ဘယ်လို ဆောင်ရွက်မယ်နဲ့ ဟောလိုက်ကြတာ နားကွဲလုမတတ်ပဲ။ တော်တော်ကြာ ရွေးကောက်တင်မြှောက်လိုက်ပြီလားဆို ဘာတစ်ခုမှ မလုပ်တော့ဘူး။ ဒီတော့ ဘယ်သူ့စကားကို ယုံရမလဲဗျ။ ဒီလို မယုံရမယ့် အတူ ကိုယ့်အကျိုးရှိတာ ကိုယ်လုပ်ရလိမ့်မယ်ဗျ။ ငွေအများဆုံး ပေးနိုင်တဲ့သူအတွက် မဲပေးမယ်။  ကျွန်တော်တို့ ငွေရပြီးရင် သူတို့ ဘာပဲလုပ်လုပ် ကိစ္စမရှိဘူးဗျ။ သူတို့ကလည်း သူတို့အကျိုးကို ရှာ၊  ကျွန်တော်တို့ကလည်း ကျွန်တော်တို့အကျိုးကို ရှာရမဗျ။ ပိုက်ဆံရှားတဲ့ ခေတ်ကြီးထဲမှာ အကျိုးရှိတဲ့ အလုပ်ကိုမှ ရှာပြီး လုပ်ရတယ်။ ကိုင်း  သဘောကျရဲ့လား။

မောင်။    ။ မဟုတ်သေးပါဘူး။ ခင်ဗျား စိတ်ထားတွေဟာ  ကိုယ်ကျိုးအတွက်က တယ်များနေတာကိုး။ တိုင်းပြည်အကျိုး၊ အမျိုးသားအကျိုးတို့ကိုလည်း  ကြည့်ဦးမှပေါ့။ အ၀ါက အမျိုးသားစိတ်ထား  အများကြီး ရှိတယ်ဗျ။ အပြာကတော့ ကိုယ်ကျိုးအတွက်  သက်သက်ပဲ။ အပြာလို  လူများကို ရွေးကောက်လိုက်မှဖြင့် မခက်သေးဘူးလား။

အောင်။    ။ တော်ပါဗျာ၊ အမျိုးသားစကားတွေကို ပြောပြီး တိုင်းပြည်ကို  ရောင်းစားနေတာ  ဘယ်လောက်ကြာပြီလဲ။ ခင်ဗျားတို့ ယုံချင်ယုံကြ၊ ကျွန်တော်တော့ မယုံပေါင်ဗျာ။  ကျွန်တော့်ကို  အများဆုံး ပိုက်ဆံပေးတဲ့ဘက်ကို ဆန္ဒပေးမယ်။ ဒါပဲ။ ဒီ့ပြင်နည်းနဲ့တော့ ဆွယ်လို့ ရမယ် မထင်နဲ့။

မောင်။     ။ ကိုင်းဗျာ...ကျွန်တော်ပြောတာကိုချည်းလည်း မယုံနဲ့ဦး။  တိုင်းရေးပြည်ရေ တရားဟောပွဲ ဒီည  ၈ နာရီ  အချိန် ဦးသောင်းတို့ အိမ်ရှေ့ မြေကွက်မှာ ကျင်းပမလို့တဲ့။ အ၀ါဘက်ကရော အပြာဘက်ကရော  စကားပြောမယ်။ သူတို့ စကားပြောတာကို  နားထောင်ကြည့်စမ်းပါဦး

အောင်။    ။ ဒီလို တရားဟောပွဲတွေ သွားသွားပြီး  နားထောင်ခဲ့တာ ဘယ်နှနှစ် ရှိပြီလဲဗျာ။ အလကား အချိန်ကုန်တာပဲ။ အပြောတော့ဖြင့် လွမ်းပါရဲ့၊ အလုပ်ကတော့ အလကားပဲ။  ရွေးကောက်ပွဲမှာ အောင်မြင်သွားပြီလားဆိုရင်  သူတို့ ပြောခဲ့တဲ့ စကားတွေဟာ မေ့ကုန်ကြတာပဲဗျ။ ဒီတော့ အချိန်အကုန်မခံတော့ဘူး။ အိမ်မှာပဲ စီးပွားရေးတို့ ဘာတို့ ညာတို့ကို လုပ်နေတော့မယ်။

မောင်။    ။  ခင်ဗျား  တယ်ခေါင်းမာတဲ့  လူပဲ။ ပြန်ဦးမယ်ဗျာ။

အောင်။   ။ ပြန်ပါဦး၊ ကျွန်တော်ကတော့ ခေါင်းမာနေပြီ။  ခေါင်းပျော့တဲ့ လူတွေသာ ကြိုးစားကြပါတော့။ ဆယ်နှစ်ကျော်ကျော်  သူတို့အကြောင်းတွေကို သိရင် ခေါင်းမမာဘဲ နေပါတော့မလားဗျာ။

မောင်။    ။ ကိုင်း သွားပြီ။

အောင်။   ။ ပြန်ဦးတော့ ကိုခေါင်းပျော့ရေ့။

(ကိုဘိုးမောင် ထွက်သွားစေ။)

(အခန်း ၂၊ ၃၊  ၄၊  ၅ တို့ကို  ဆက်လက်ဖော်ပြသွားပါမည်...)

Comments

စူး said…
အမရေ... တအားကြိုက်လို့ ကျနော်လဲကူးပီး ဘလော့မှာတင်မယ်နော်..

ဟီးး.. ဂွတ်၏။
စူး said…
အမ..အားလုံးပီးမှပဲ တင်တော့မယ်နော်..

မြတ်နိုး
ကောင်းလိုက်တာ..း) ၂၊၃၊၄၊၅၊တွေကိုမျှော်နေမယ်နော်။
မယ်သိင်္ဂီရေ..ငယ်ငယ်ကလဲ ကြိုက်လွန်းလို့ခနခနဖတ်မိတယ်..ခုလဲ ညည်းဆီတော့ခနခနရောက်တော့မယ်..
sansantin said…
Strong heads know the reality
မနေနိုင်တော့ဘူး တင်တော့မယ်... ကြိုက်လွန်းလို့..ခဏခဏဖတ်ဖြစ်တယ်
Moe Cho Thinn said…
ခေါင်းပျော့တဲ့သူတွေကလဲ အများသားလား မမရဲ့။
စာမရေးလို့ လွမ်းနေတာ..။ ဒီလိုမျိုးလေး လုပ်စမ်းပါ။ :))

ပုံ

ခေါင်းကို လေတိုက်ရင်တောင် ထန် ထန် နဲ့ မြည်နေသူ
kay said…
မ..ရေ.. ဆက်ရန် တွေ မြန်မြန်လုပ်လေ..။
ရက်သိပ်မကျန်တော့ဘူး..း)
kilo said…
အား ပေး ၍ လာ ဖတ်သွားပါသည်။။

Popular posts from this blog

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။

မြန်မာ့နိုင်ငံရေးသမိုင်းလေ့လာချက်၊ အမျိုးသားနေ့ပေါ်ပေါက်လာပုံ- (တင်နိုင်တိုး)

ြ မန်မာ့နိုင်ငံရေးသမိုင်း လေ့လာချက် အမျိုးသားနေ့ပေါ်ပေါက်လာပုံ တင်နိုင်တိုး နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်း လဆုတ် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ထားပါသည်။ ယင်းသို့ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့အား အမျိုးသားနေ့အဖြစ် အသိအမှတ်ပြုပါရန် အဆိုပြုခဲ့သူမှာ ဂျပ်ဆင်ကော်လိပ်ကျောင်းသားဟောင်း ကိုမြင့် ဆိုသူဖြစ်သည်။ ဂျီစီဘီအေ န၀မမြောက် ကွန်ဖရင့်၏ နောက်ဆက်တွဲအဖြစ် ၁၉၂၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ ဂျူဗလီဟော (ယခုစစ်သမိုင်းပြတိုက်နေရာ) ၌ ဂျီစီဘီအေ အထူးကွန်ဖရင့်ကို ကျင်းပခဲ့ရာ ယင်းအစည်းအဝေးကြီးက အတည်ပြုပေးခဲ့ခြင်း ဖြစ်ပါသည်။ အမျိုးသားနေ့ သတ်မှတ်ရေး မန္တလေးမြို့တွင် ၁၉၂၁ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့၌ စတင်ကျင်းပခဲ့သည့် ဂျီစီဘီအေ န၀မမြောက်ကွန်ဖရင့်၏ စတုတ္ထနေ့ဖြစ်သော အောက်တိုဘာလ ၂၄ ရက်နေ့တွင် အမျိုးသားနေ့ သတ်မှတ်ရေးကိစ္စကို ဆွေးနွေးခဲ့ကြသည်။ ထိုနေ့ အစည်းအဝေး၏ သဘာပတိမှာ ဦးချစ်လှိုင်ဖြစ်ပြီး အမျိုးသားနေ့ သတ်မှတ်ရန် အဆိုသွင်းခဲ့သူမှာ ကန်ကြီးထောင့်မှ ဦးဘသော်ဆိုသူ ဖြစ်ပါသည်။ ဦးဘသော်က မြန်မာ တမျိုးသားလုံးအတွက် အရေးကြီးလှသော အမျိုးသားနေ့ဟူ၍ သတ်မှတ်သင့်ကြောင်း အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။ ဥ...

အမှတ်တရ...

၁၉၈၈-ခုနှစ်ရဲ့ မတ်လ ၁၁-ရက်နေ့... အဲဒီနေ့က ကြို့ကုန်းက ရန်ကုန် စက်မှုတက္ကသိုလ်ဝင်းထဲမှာ  စည်ကားနေကြတယ်လေ..။ စုပေါင်း သွေးလှူပွဲ ရှိတာကိုး။ ကျောင်းသူ ကျောင်းသားတွေလည်း စိတ်အားထက်သန်စွာ ကိုယ့်သွေးတွေကို ပေးလှူခဲ့ကြတယ်..။  (အဲဒီနေ့ သွေးလှူပွဲကတော့ ၀မ်းမြောက်စွာနဲ့ပေါ့...) ကျမလည်း သွေးလှူဖို့ ရည်စူးထားခဲ့လို့  အဲဒီ အလှူပွဲ ၀င်နွှဲခွင့်ကြုံခဲ့သေးပါတယ်.... အဲဒါ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်များတောင် ဖြစ်မလားမသိ...။ ပြီးတော့ သွေးလှူရှင်တံဆိပ်လေးတစ်ခုရယ်.. သွေးလှူမှတ်တမ်းကဒ်လေးရယ်.. ကြက်ဥပြုတ်လေး တစ်လုံးရတာတော့ မှတ်မိနေခဲ့တယ်...။ ပြီးတော့ အဲဒီ သွေးလှူရှင်တံဆိပ်ကလေးကို တစုံတယောက်ကို မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့လိုက်တယ်... အဲဒီနေ့က သူ့ မွေးနေ့ပါ.....။ သူ့မွေးနေ့မှာ ကိုယ်ရည်စူးလှူဖြစ်ခဲ့တဲ့ သွေးအလှူဟာ  လိုအပ်နေတဲ့ တစ်စုံတစ်ယောက်အတွက် အထောက်အကူဖြစ်ခဲ့ရင်.. သူရော ကိုယ့်အတွက်ပါ မွန်မြတ်တဲ့ အလှူဖြစ်စေဖို့ပါ...။ သွေးလှူပြီးပြီးချင်းပဲ  ရန်ကုန်ကနေ  မိဘတွေရှိတဲ့ ပဲခူးကို လိုင်းကားနဲ့ ပြန်လာတော့ ခေါင်းတွေ  တအားမူးနေလို့ မရပ်နိုင်ပဲ အတူလိုက်လာတဲ့ သူငယ်ချင်းရဲ့ လက်ကိ...