Skip to main content

ကျမ မမြင်ချင်တော့သော ..... (၂)

ပြောချင်နေခဲ့တာ ကြာပါပြီ။ မနေ့က ဧရာဝတီစာမျက်နှာမှာ မမွှေးနိုင်သော ညမွှေးပန်းကလေးများ ဆိုတဲ့ သတင်းဆောင်းပါးကို ဖတ်လိုက်ရတော့......ကျမ မမြင်ချင်တော့သော...အပိုင်း(၂) အဖြစ်နဲ့ ရေးဖြစ်သွားခဲ့ပါတယ်။ ကျမအနေနဲ့  ကျမနေထိုင်သွားလာနေတဲ့ အသိုင်းအ၀ိုင်းကွက်ကွက်ကလေးပေမယ့် မြင်သလောက်လေးနဲ့တင် ရင်ထဲ မကောင်းပါဘူး။ ဧရာဝတီဆောင်းပါးရှင်လိုတော့ ကျမ ထဲထဲဝင်ဝင်မလေ့လာခဲ့ဖူးပါဘူး။ ဆရာမ မိုးမိုး (အင်းလျား)၊ ဆရာမ နုနုရည် (အင်းဝ)  တို့ကို အားကျပေမယ့် ရင်ထဲ တင်းကျပ်လာတာကို ဖြေလျော့ချင်ရုံ သက်သက်ကိုပဲ မနေနိုင်လွန်းလို့ စာရေးဖြစ်နေတာပါ။

ကျမအရင်ကတော့ သူတို့လေးတွေကို သတိမထားမိခဲ့ဘူး။ နောက်ပိုင်း ည ရ-နာရီ ၈-နာရီလောက်ဆိုရင် လမ်းဘေးမှာ ၂-ယောက် သုံးယောက် ရပ်နေတာ တွေ့တွေ့မိတော့ ညဖက်ကြီး ဒီလို အ၀တ်အစားမျိုးတွေဝတ်ပြီး ထွက်တယ်ဆိုတော့ နဲနဲ ထူးဆန်းတာပေါ့။ ကာရာအိုကေဆိုင် ဘီယာဆိုင်တွေ ခေတ်စားလာတော့ သီချင်းဆိုကောင်းတဲ့ မိန်းကလေးတွေ၊ အဆိုမကောင်းလည်း လှလှပပ ၀တ်စားပြီး အကလေးနဲ့ တွဲတော့ ကြည့်လို့တော့ အကောင်းသား။ နောက်တော့ အဲဒီလို ပုံစံမျိုးနဲ့ အမျိုးသမီးငယ်တွေ လမ်းဘေးမှာ ကားစောင့်နေတတ်တယ်။ အမျိုးသားက အဲဒါ အဲဒီလိုဆိုမှ ကျမလည်း သဘောပေါက်သွားပြီး သူတို့ကို ကရုတစိုက် သတိထားဖြစ်ပါတယ်။ အဲဒီတုန်းက ရှိနေတတ်ပေမယ့် တနေရာ၊ နှစ်နေရာလောက်မှာပဲ....မှောင်ရိပ်ခိုလို့ပေါ့။

နာဂစ်ပြီးတော့ ရုံးနားမှာ ကျမတို့ ရုံးပြန်ချိန် ၆နာရီလောက်ဆို အဲဒီအမျိုးသမီးကြီးရောက်နေပါပြီ။ ပလက်ဖောင်းပေါ်မှာ မတ်တပ်ရပ်ပြီး ဖြတ်သွားသမျှ ကားမောင်းတဲ့ သူတွေကို ပြုံးစေ့စေ့ မျက်နှာပေးနဲ့ လှမ်းလှမ်းကြည့်လို့။ အသက် လေးဆယ်ကျော်၊ ငါးဆယ်နီးပါး အရွယ် ပုခုံးလောက်ရှိတဲ့ ဆံပင်ကောက်ကောက်ပွပွနဲ့ သတိထားမိချင်စရာ အကျီင်္ အနီရဲရဲကို ဒူးခေါင်းကျော်ရုံ အနက်ရောင် စကတ်တိုတိုနဲ့။ တစ်ရက်မဟုတ်၊ ၂-ရက်၊ ၃-၄ ရက်ကြာတော့ ကျမ အမျိုးသားကို ပြောမိတယ်။ အမြဲတမ်း အဲဒီယူနီဖောင်းနဲ့ပဲ အမြဲတွေ့နေရတာကိုး။ ကျမပြောတော့ ကျမအမျိုးသားက ကားဖြတ်ကျော်သွားတဲ့ အချိန်မှာ စောင်းငဲ့ကြည့်လိုက်တော့။ ကျမ အသဲယားသွားတယ်။ မကြည့်နဲ့လေ။ ကြောက်စရာကြီး။ ဟုတ်တယ်။ ကျမကတော့ ကြောက်တယ်။ မိုးရွာတဲ့ ညနေခင်းတွေမှာလည်း ထီးဆောင်းပြီး အဲဒီပလက်ဖောင်းပေါ်မှာ မတ်တပ်ရပ်ရင်းစောင့်နေတာပဲ။ တခါတလေ ကျမတို့ ညနေရုံးအပြန် ၅နာရီခွဲလောက်မှာ မြင်ခဲ့ရတဲ့သူမ၊ ကျမတို့ ဟိုဟိုသည်သည်လျှောက်သွားပြီး အိမ်အပြန် ည-၉နာရီလောက်အထိ သူမ ရပ်နေဆဲလည်း ဖြစ်နေတတ်ပါတယ်။ အဲဒီအခါမျိုးဆို ဟယ် အဖေရယ် ခုထိရှိနေတုန်းပဲတော့ ဆိုပြီး ကျမတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး သက်ပြင်းချခဲ့ဖူးပါတယ်။ အမျိုးသားကတော့ ဒီအရွယ်နဲ့ဆို သူကိုယ်တိုင်အလုပ်လုပ်တာတော့ မဟုတ်လောက်ဘူးလို့ သူ့အထင်ကို ပြောပါတယ်။ နောက်သိပ်မကြာခင်မှာပဲ သူမနဲ့ မလှမ်းမကမ်းမှာ ၂-ယောက်တွဲ၊ ၃-ယောက်တွဲ အမျိုးသမီးငယ်လေးတွေ နှစ်စု၊ သုံးစုလောက် တွေ့လိုက်ရပါတယ်။ တခါတလေ ကောင်လေးတွေ တစ်စုကလည်း ရစ်သီ ရစ်သီနဲ့ပေါ့။ နာဂစ်အလွန် ၃ပတ်ကျော်လောက်မှာတော့ သူတို့လေးတွေ တခဏမျှ မျက်စိအောက်က ပျောက်သွားပါတယ်။ အဲဒီတလောက လုံခြုံရေးတွေ ချထားလို့များ သူတို့လေးတွေကို ဆွဲသွားလို့လား။ အဲလိုဆို သူတို့ ဘယ်မှာ ဈေးဖွင့်နေကြမှာလဲ။  အဆင်ပြေသွားကြတာလား ဘာသာ အတွေးပိုနေခဲ့ရပါတယ်။ ကျမလည်း အဝေးကနေပဲ ဟိုတွေး သည်တွေးပေါ့။ သူတို့တွေရဲ့ ၀န်ဆောင်ခက ဘယ်လောက်လောက် ယူသလဲဆိုတာလည်း ကျမက သိချင်သေးတယ်။ အမျိုးသားက အဲလိုဆို ခင်ဗျားခေါင်းငုံ့နေလိုက်၊ ကျုပ်မေးကြည့်ပေးမယ်ဆိုတော့လည်း ဟယ် မဟုတ်တာ။ မလုပ်ပါနဲ့။ ကျမ လန့်တာလည်းပါတယ်။ သူတို့တွေကို မိန်းမချင်း အားနာတာလည်း ပါတယ်လေ။ အမျိုးသားကတော့ ငါလည်း သေသေချာချာမသိဘူးတဲ့။ အင်းလေ...။ သူက ဈေးသိနေရင် ကျမနဲ့ ကွိုင်မှာပေါ့နော့။ ကျမသိချင်တာက ဘယ်လောက်ရလို့ ဒီအလုပ်ကို သူတို့လုပ်နေရတာလဲ။ တခြားအလုပ်မရှိကြတော့တာလား။ ဘယ်အရာတွေကများက သူတို့ကို ဒီအလုပ်လုပ်ဖြစ်အောင် တွန်းပို့ခဲ့ရတာလဲ။ ငွေရှာရတာ သိပ်ခက်ခဲပင်ပန်းနေကြလို့များလား။ ခက်ခဲတာတော့ အမှန်ပါပဲ၊ ဈေးနှုန်းတွေ အဆမတန်ခုန်တက်သွားတယ်။ တလတလ အသုံးစရိတ်တွေကြည့်ပြီးတိုင်း၊ တခါတခါ စားသောက်ပြီးလို့ ဘီလ်ကြည့်ရတိုင်း၊ ၀ယ်နေကျ ပစ္စည်းတွေကို ၀ယ်ပြီး cashier မှာ ငွေရှင်းရတိုင်း၊ မညည်းဘူး၊ မညည်းဘူးလို့ ကိုယ့်ကိုကိုယ် အားပေးနေပေမယ့် အသွားဖောင်းဖောင်း အပြန် လျော့ရဲရဲဖြစ်နေတတ်တဲ့ ပိုက်ဆံအိတ်လိုပဲ ကိုယ်လည်းပဲ လျော့ရဲရဲတော့ ဖြစ်မိပါရဲ.။

ဒါမျိုးတွေ ခုမှ ရှိနေတာမဟုတ်ပါဘူး ဆိုတာ ကျမသိပါတယ်လေ။ ဘုရားခေတ်ကထဲက ဇာတ်လမ်းတွေမှာ၊ ၀မ်းနည်းရမှာလား၊ ၀မ်းသာရမှာလား မိသိန်းကြည် အစရှိတဲ့ ရုပ်ရှင်တွေ၊ ခေတ်အဆက်ဆက် ရေးလာခဲ့ကြတဲ့ စာတွေမှာ တွေ့ခဲ့ရဖူးပါတယ်။ ဒါပေမယ့် ညဥ့်ငှက်လေးတွေ နေ့ခင်းကြောင်တောင်ကြီးတောင် အထွက်များလာရတာ ကောင်းတဲ့ လက္ခဏာ မဟုတ်တာတော့ အသေအချာပါပဲ။ စားဝတ်နေရေး မပြေလည်ကြလို့လား၊ ပိုက်ဆံအရလွယ်လို့လား၊ ရင်းနှီးစရာ ကုန်ပစ္စည်း ဒီတစ်ခုပဲ ကျန်တော့လို့လား၊ ကိုယ့်ဝမ်းကိုယ်ရှာစားနေရတာပဲလား၊ မှီခိုနေတဲ့သူတွေ နပ်မှန်ဖို့အတွက်ပဲလား၊ မိအိုဖအိုတွေအတွက် ကြီးမားလှတဲ့ နေ၊နာစရိတ်အတွက် သူတို့လေးတွေကိုပဲ အားပြုနေရလို့ပဲလား၊ ပေါ့ပေါ့ပါးပါးပြုံး လှလှပပ ခေတ်မီတဲ့ စတိုင်အသစ်နဲ့ အ၀တ်အစားလေးတွေ ၀တ်ပြီး ရပ်လာတဲ့ ကားဘေးနားမှာ ဈေးစကားတွေ ပြောနေကြတာ..... သူတို့ရင်ထဲ ဘယ်လိုရှိမယ် လှမ်းတော့ကြည့်ချင်မိရဲ.လေ။

ခေတ်ကြောင့်လား၊ စနစ်ကြောင့်လား၊ ကုန်ဈေးနုန်းတွေကြောင့်လား၊ မရှောင်လွှဲနိုင်တဲ့ ကံကြမ္မာတွေကြောင့်ပဲလား။ အဲဒါတွေက ဘာအတွက် နိမိတ် သင်္ကေတ တွေလဲ။ ဒါတွေရဲ. နောက်ဆက်တွဲ ပြဿနာ တွေ ဘာတွေ ရှိနေသေးသလဲ။ ကျမတို့တွေ တိုးတက်နေတာလား၊ ဆုတ်ယုတ်နေတာလား၊ တိုးတက်ခြင်းနဲ့ ဒွန်တွဲနေတဲ့ ဆုတ်ယုတ်ခြင်း ပုံနိမိတ်တွေပဲလား။ ဘာကြောင့်ပဲ ဖြစ်ဖြစ်လေ အဲဒီမြင်ကွင်းမျိုးတွေကိုတော့ဖြင့် ကျမ မမြင်ချင်တော့ပါဘူး။  မျက်စိကို မှိတ်၊ ခေါင်းကို လွှဲရုံပဲ ကျမ တတ်နိုင်မှာလား.....။


Comments

Popular posts from this blog

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...

သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)

ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...

အဝေးမြင် အနီးမှုန်....(နောက်ဆုံး)

အနီးမှုန်.. “မောင် ဒီနေ့ meeting ရှိုလို့နောက်ကျမယ်နော်…သီရိ..” “အော်…ဟုတ်.. သီရိလည်း ခိုင် ရန်ကုန်ရောက်တုန်း အိမ်လာလည်မယ် ဆိုလို့ စောင့်နေတာ… ဘယ်မှာလုပ်မှာလဲ.. meeting က..” “ ရုံးမှာပဲသီရိရေ.. နိုင်ငံခြားသားတွေပါမယ်.. ပြီးရင်တော့ တခုခုလိုက်ကျွေးရမှာပေါ့..” “ ဘယ်ဆိုင်မှာလဲ..မောင်..” “ အနီးအနားက အေးအေးဆေးဆေးဆိုင်မျိုးပဲ ဖြစ်မှာပါ.. ဒါလည်း မသေချာသေးပါဘူး… ကိုယ် ဖုန်းဆက်မယ်လေ..” “ ဟုတ်… အပြန်ကျ ခေါက်ဆွဲကြော်ဝယ်လာခဲ့နော်မောင်..ကလေးတွေ စားဖို့..” “ အင်း..အင်း..ဟုတ်ပြီ..ဒါပဲနော်” ခိုင့်ကို အိမ်ပြန်ပို့ပေးပြီးအပြန် စင်တင်တေးဂီတရှိသည့် ဆိုင်တစ်ဆိုင်ရှေ့မှာ သူမရဲ့မောင့်ကားကို လှမ်းတွေ့လိုက်သည်။ သူမ အဲဒီဆိုင်အပြင်ဘက်ရောက်နေမှန်း မောင်သိရင် အံ့အားသင့်သွားစေချင်သည်။ နောက်ချင်စိတ်ဖြင့် ဆိုင်အပြင်ဘက်မှာ ကားရပ်ပြီး သူမ မောင့်ဖုန်းကို လှမ်းခေါ်လိုက်သည်။ ချက်ချင်း မကိုင်သေး။ တော်နေကြာမှ ဟဲလို..ထူးသံကြားသည်…။ “မောင်..ဘယ်မှာလဲဟင်” “ ဧည့်သည်တွေကို ထမင်းလိုက်ကျွေးနေတယ် သီရိ” သူမ မောင့်ကို ဆိုင်အပြင်ဘက် လှမ်းထွက်လာတာမြင်လိုက်ရသည်.. “ဘယ်ဆိုင်မှာလဲ ..မောင်ရဲ့” “ အဲ..မီလျံကွိုင်မှာ….” “ သီချင်းသံတွေ ကြားနေ...