Skip to main content

ကျမနဲ့ မိုးစက်များ

ကျမနဲ့ မိုးစက်များ

အလင်းရောင်က မှိန်နေသလိုပဲ...။ လုပ်လက်စ အလုပ်ကို ခဏနား၊ ကွန်ပျူတာ မျက်နှာပြင်က အကြည့်ခွာပြီး မီးချောင်းနှစ်ချောင်းထွန်းထားတဲ့ မျက်နှာကျက်ကို မော့ကြည့်မိတယ်။ အင်း... မီးချောင်းတွေလဲ လင်းသားပဲ...။ နေပါဦး..။ အပြင်ဘက်ကများ...။ ခန်းဆီးကနေ အပြင်ဘက်ကို ဟ ကြည့်လိုက်တော့...မှိုင်းညို.နေတဲ့ မိုးကောင်းကင်ရယ်... ခုန်ပေါက်ဆင်းလာနေတဲ့ မိုးရေစက်တွေရယ်...။ ဘယ်အချိန်ကများ ရွာနေတာပါလိမ့်..။ လမ်းမပေါ်မှာတောင် စီးဆင်းလာတဲ့ မိုးရေတွေတောင် တော်တော်များနေပြီပဲ။

ကျမ ထိုင်တဲ့ ရုံးခန်းရဲ. အပြင်ဘက်မှာ ဘတ်စ်ကား မှတ်တိုင် ရှိပါတယ်။ မှန်သားပြင်နဲ့သာ စည်းခြားထားလို့ အပြင်ကို ကျမ လှမ်းမြင်ရသလို... အပြင်ဘက်၊ လမ်းပေါ်ကဖြတ်သွား ဖြတ်လာတွေကလည်း ခန်းဆီး မကာခင်တုန်းကတော့ အထဲကို လှမ်းမြင်နေရပါတယ်။ နဂိုကထဲကိုက ရှိသမျှတံခါးတွေ ပိတ်၊ ခန်းဆီးတွေတပ်၊ သူများတွေ မြင်မှာ မကြိုက်တတ်တဲ့သူမို့ .. သည်နေရာမှာ ရုံးခန်းထိုင်ဖို့ အရင်ကတော့ အင်တင်တင်ရယ်ပေါ့။ တကယ်တမ်း ထိုင်ဖြစ်တော့လည်း သူတို့က ကိုယ့်ကြည့်၊ ကိုယ်က သူတို့ကို ပြန်ကြည့်။ အလှူခံတွေကလည်း မှန်နားမှာ လာရပ်၊ ပန်းသည်တွေကလည်း ပန်းတွေ လာရောင်းနဲ့ ဆိုတော့ နဲနဲတော့ စိတ်ကျဉ်းကြပ်ခဲ့ရပါသေးတယ်။ ခန်းဆီးကာပြီးတဲ့နောက်ပိုင်းတော့ ကျမလည်း အပြင်ဘက်ကို ငေးမကြည့်ဖြစ်တော့ပါဘူး။ ကိုယ့်ဘာသာ အလုပ်တွေ ရှုပ်လို့....။

ခုတော့ အပြင်မှာ…မိုးတွေ ရွာနေတယ်။ သဲသဲမဲမဲပါပဲ။ စနေမှာ မိုးသည်းတတ်တာလား။ မရေမရာအတွေးတွေနဲ့.....။ ငယ်ငယ်တုန်းက ရွတ်ဆိုဖူးတဲ့ “စနေ တစ်ရက်ထဲ မိုးတွေလေတွေ ရွှဲ…..” ဆိုတဲ့...ကဗျာလေးတောင် မှေးမှေးမှိန်မှိန် ခေါင်းထဲရောက်လာသေးတယ်...။ ငယ်ငယ်တုန်းက မိုးတွေရွာရင်...... ပျော်တတ်ပါသလား။ အင်း... မိုးတွေ သဲသဲမဲမဲ ရွာနေရင်တော့ ကျောင်းသွားရမှာ ပျင်းတတ်သူ၊ အိမ်ပြတင်းပေါက်ကနေ မိုးရေစက်တွေ မျက်နှာပြင်ကိုလာစင်တတ်တဲ့ ခံစားချက်ကို နှစ်သက်ခဲ့ဖူးသူ။ တခါတရံတော့လည်း မိုးကောင်းကင် မဲမဲညို.ညို.ကိုကြည့်ရင်း ဘယ်ဆီကိုမှန်းမသိ လွမ်းဆွေးတတ်ခဲ့သူ။

မိုးသံလေသံကြားမှာ စောင်ခြုံကွေးရတဲ့ အိပ်ကောင်းခြင်းနဲ့ ညတွေလည်း ကြုံခဲ့ဖူးပါတယ်။ ၉-တန်း၊ ဆယ်တန်းလောက်တွေတုန်းကတော့ မိုးရွာထဲ ထီးမဆောင်းပဲ စက်ဘီးစီးရတာလည်း ကျမအတွက်တော့ ပျော်စရာပါပဲ။ ကျမရဲ. သားသမီးများ ခုချိန်ထိ မိုးရွာရင် မိုးရေချိုးမယ် ဆိုတဲ့ သီချင်းကို မိုးရေတွေထဲမှာ ကျမတို့ ငယ်ငယ်က အော်ဆိုသလို မဆိုဖူးသေးပါဘူး။

ကျမ တက္တသိုလ်တက်ပြီး အဆောင်မှာ နေရတုန်းကရော.....မိုးတွေရွာရင်ဖြင့် ကျမ မိုးရေထဲမှာ သိပ်ပြီး လမ်းလျှောက်ချင်ခဲ့ပါတယ်။ တက္ကသိုလ်ဘုန်းနိုင်ထဲက “ခိုင်” လို မိုးရွာထဲ ပြေးထွက်တတ်တဲ့ စိတ္တဇမျိုး ရှိနေချင်ခဲ့တာလားမသိ။ စိတ်ထဲ နေလို့မရတော့ရင်တော့လည်း သူငယ်ချင်းတွေ မပါပဲ တစ်ယောက်ထဲ အဆောင်ကနေ ၄၅-ဟိုင်းလတ်ကားစီး၊ လှည်းတန်းမှတ်တိုင်မှာဆင်းပြီး တက္ကသိုလ်ရိပ်သာလမ်းက အပင်ကြီး တွေအောက်မှာ ခေါက်တုံ့ခေါက်ပြန် လမ်းတွေလျှောက်နေခဲ့ဖူးပါတယ်။ လွမ်းလွန်လွန်းလို့။ တမ်းတမိလွန်းလို့။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီအချိန်တုန်းက ကိုယ် တမ်းတမိသူက လမ်းဘေးလမ်းလျှောက်နေတဲ့ ကိုယ့် ကိုဘတ်စ်ကားပေါ်ကနေ လက်တောင် လှမ်းပြသွားသေးရဲ.။ ခုတော့လည်း ကိုယ်လျှောက်ခဲ့တဲ့လမ်းက အပင်ကြီးတွေ နှမြောစရာ....။

ချစ်သူ ရလာပြန်တော့ရော...အဟဲ.. ကျမရဲ. နှစ်ဆစ်ချိုးခေါက်ထီးကလေး မလုံ့တလုံဆောင်းပြီး ပျော်ခဲ့ရတာပါပဲ။ သူ့အရပ်ရှည်ရှည်ကလန်ကလားကို လုံအောင်ဆောင်းရင်ဖြင့် သူ့ရင်ဘတ်လောက်သာရှိတဲ့ ကျမမှာတော့ ရွှဲရွှဲကို စိုလို့...။ တော်တန်ရုံလောက်နဲ့ မဖျားတတ်တဲ့ကျမက အရိုးအဆစ်တွေ ရောင်ကိုက်တတ်တဲ့ သူ့ကို စိတ်ပူတတ်ခဲ့ရတာကိုး။

ငယ်ငယ်တုန်းက သဘောကျခဲ့တဲ့မိုး.... ခုတော့လည်း မိုးစိုမှာစိုး။ မိုးရွာထဲမှာ အပျော်လည်း လမ်းမလျှောက်ချင်တော့။ မိုးတွင်းမို့ လျှော်ထားတဲ့ အ၀တ်တွေကမခြောက်ရင် ရွာလွန်းတဲ့ မိုး.သူ့ကိုပဲ အပြစ်ဆိုချင်သေးတော့တယ်။ ဟိုတုန်းက အပျော်မျိုး ခုချိန်တော့ ပြန်မလိုချင်တော့ပေမယ့် ရှိခဲ့ ပျော်ခဲ့ လုပ်ခဲ့တယ် ဆိုတာတွေ အတွက်တော့ ၀မ်းသာမိပါရဲ့။ လူတစ်ယောက်ဟာ မြစ်တစင်းမှာ နှစ်ကြိမ် ရေမချိုးနိုင်ဘူးတဲ့။

လူဆိုတာ ပုံစံခွက်ထဲနဲ့ ထွက်လာကြတဲ့ ကုန်ပစ္စည်းတွေမှ မဟုတ်တာ..။ ခံယူချက်ချင်း၊ ခံစားချက်ချင်ူး၊ အလေးထားတာချင်းမတူ။ ဘ၀အပေါ် တန်ဖိုးထားတာချင်းလည်း တူနိုင်ကြတာမှ မဟုတ်တာပဲ။ နေရတဲ့ အချိန်လေးကတော့ တိုတိုလေးပါပဲ။ ဗုဒ္ဓလိုလည်း သတ္တ၀ါတွေ လွတ်မြောက်ဖို့ ဘ၀ပေါင်းများစွာ မဖြည့်ကျင့်နိုင်ပါဘူး။ ဗိုလ်ချုပ်တို့လိုလည်း ဘ၀တစ်ခုလုံး တိုင်းပြည်အတွက် မမြှုပ်နှံနိုင်ပါဘူး။ ကိုယ်ရှင်သန်နေထိုင်နေတဲ့ ခုဘ၀မှာပဲ တတ်နိုင်သလောက် အမှားနည်းအောင် ကြိုးစားနေထိုင်နေရင်း ကိုယ့်မျိုးဆက်အတွက်... ကိုယ့်လူမျိုးအတွက်... ကိုယ့်တိုင်းပြည်အတွက်....။ ရင်ထဲရှိတာ... ပါးစပ်က ပြောနေတာ သိပ်လွယ်တာပဲ...။ တကယ်တမ်းကျတော့ ... ဘယ်က စရမှန်းမသိ....။

ငယ်ငယ်တုန်းကကျောင်းတွေမှာ ဆိုခဲ့ရတဲ့.....သီချင်းလေးကိုပဲ ဆက်ကာ ဆက်ကာ ဆိုနေရင်းနဲ့ပဲ... အသက်တွေကြီးလာခဲ့.....။

မိမိကိုယ်ကို ကောင်းအောင်ကြိုးစားမည်...
မိမိအတန်းကို ကောင်းအောင် ကြိုးစားမည်...
မိမိကျောင်းကို ကောင်းအောင် ကြိုးစားမည်....
မိမိတိုင်းပြည်အတွက် ကောင်းအောင်ကြိုးစားမည်.....။
...

Comments

Popular posts from this blog

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...

သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)

ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။