Skip to main content

အဲဒီသတ္တ၀ါ....


ဒီကမ္ဘာပေါ်မှာ ကျမ အမုန်းဆုံး သတ္တ၀ါက အဲဒီသတ္တ၀ါပဲ ဖြစ်မယ် ထင်တယ်...။ အဲ.. မုန်းတယ် ဆိုတာကလည်း တခြားအချိန်တွေမှာဆို အဲဒီလောက်မဟုတ်ပါဘူး။ ဒါပေမယ့် ကျမ အိပ်နေတဲ့ အချိန်မှာ သူလာပြီဆို ကျမ ဘယ်လိုမှ ဆက်အိပ်လို့မရတော့ပါဘူး။


ကျမက ငယ်ငယ်ထဲက အအိပ်ဆတ်တယ်လို့ ဖေဖေတို့ ပြောဖူးပါတယ်။ အမျိုးသားကတော့ သူ အိပ်ချင်ပြီဆိုရင် ဘယ်လို ပတ်ဝန်းကျင်မှာ ဖြစ်ဖြစ် ပျော်အောင် အိပ်တတ်တာ (မဟုတ်...) အိပ်ကို ပျော်သွားတတ်သူပါ..။ ဘယ်လို အနှောင့်အယှက်မျိုးကမှ သူရဲ့ အင်နားရှားကို ဖျက်ဆီးဖို့ မလွယ်ကူပါဘူး။ ကျမကျတော့ နဂိုကတည်းက အအိပ်ဆတ်ရတဲ့ အထဲ ကျမမုန်းတဲ့ အဲဒီသတ္တ၀ါ လာလို့ကတော့ တညလုံး သူနဲ့ hide and seek ဆော့နေရသလိုပါပဲ။


တကယ်တမ်းကျမက အဲဒီအသံမျိုးတွေကို သည်းမခံနိုင်တတ်တဲ့ phobia တမျိုးမျိုး ရှိနေတာထင်ပါရဲ.။ သူ လာပြီး ဟိုကိုက် သည်ကိုက် လုပ်တတ်အသံ။ အသံလေးတွေကတော့ ကျယ်လည်း မကျယ်လှပါဘူး။ ဒါပေမယ့် ကျမအတွက်တော့ တော်တော် အခံရခက်တဲ့ အသံပါပဲ။


ကျမတို့ အိမ်ကလေးကို အပိုင်း သုံးပိုင်း ခွဲလို့ရမယ်ထင်ပါရဲ.။ ဧည့်ခန်းရယ်၊ မီးဖိုချောင်ရယ် အပေါ်ထပ်က အိပ်ခန်းရယ်ပါ။ အရင်ကတော့ သူတို့တွေ သိပ်မများသေးတော့ ကျမတို့ဘက်က ကာကွယ်ထိန်းသိမ်းလို့ နိုင်ပါသေးတယ်။ တံခါးတွေပိတ်၊ သူတို့ ၀င်ထွက်လို့ ရမယ့် အပေါက်မှန်သမျှ ဖာထေး ပိတ်၊ မျက်နှာကျက်တွေ ရိုက်၊ သူတို့ မကိုက်နိုင်အောင် သံဇကာတွေ တပ်နဲ့ပေါ့။ ခက်တာက ကိုယ်ပြောသလို မလုပ်ပဲ ခိုကပ်ထားတဲ့ လက်သမားတချို.ကြောင့် သူတို့ခိုအောင်းဖို့ နေရာလေးတွေ ကျန်ခဲ့ပါတယ်။ ပန်းကန်ဆေးတဲ့ စင်အောက်က အပေါက်ကလေး။ အဲဒီအထဲ ၀င်သွားပြီဆိုရင် သူတို့နိုင်သွားပါပြီ။ ကျမတို့ လုပ်နိုင်တာ သူတို့ထွက်အောင်၊ သူတို့ မနေနိုင်အောင်... သူတို့ အထဲမှာ ပိတ်မိပြီး ပြန်မထွက်အောင်... လုပ်နိုင်မှ သာ...။ သူတို့ကတော့ ဘယ်လို အသံပေးပေး ထွက်မလာပါဘူး။ သူတို့ မူးဝေပြီး ထွက်လာအောင် ခြင်ဆေးတို့ ဘာတို့ ဖြန်းမလား။ ကျမ သဘောမတူနိုင်ပါဘူး။ အင်း .. ကျမက သေခါနီး မူးဝေနေမှာကို တွေးကြောက်နေတတ်သူလေ...။ ၀ဋ်မှာ အမြဲ ...ငရဲမှာ အပ ဆိုတာကို ယုံပြီး ကြောက်နေတဲ့သူကိုး။ သူတို့အထဲမှာ ရှိတုန်း ပိတ်ပစ်ဖို့ဆိုတာတော့ နှစ်ယောက်စလုံး တွေးတောင် မတွေးကြည့်မိပါဘူး။


အရင်ကတော့ မီးဖိုချောင်ထဲ လျှောက်ပြေးနေတတ်ပါတယ်။ လူဝင်လာပြီဆိုရင်တော့ သူတို့ ပြေးပါပြီ။ ကျမကတော့ သူတို့နဲ့ ရန်သူမို့ တွေ့တာနဲ့ လှမ်းပစ်ပြီး ခြောက်ပါတယ်။ ထိအောင်တော့ မပစ်ရဲပါဘူး။ မိုးပေါ်ထောင်ပစ်တာပေါ့။ ဟဲဟဲ..။ အဲဒါနဲ့ အမိုးတောင် ပေါက်လို့။ ဧည့်ခန်းထဲမှာ တွေ့ရင်လည်း နောက်မှ ပြန်ဝင်ရင် ၀င်ပေစေတော့။ ကျမ မျက်စိအောက်မှာ သူတို့ အရင်ထွက်သွားတာကို မြင်ချင်တော့ အကုန်ပိတ်ပြီး သူတို့ မထွက်မချင်း မောင်းထုတ်နေတော့တာပါပဲ။ နေ့လည်နေ့ခင်းတော့လည်း လုပ်လို့မရပြန်။ အပြင်ဖက်မှာက ကြောင်တွေက ငုတ်တုတ် ထိုင်စောင့်နေတတ်တာကိုး။ တခါတလေ မိုးလင်းလုနီးပါး သူတို့နဲ့ လိုက်တမ်းပြေးတမ်း ဆော့လို့ပေါ့။


ကျမတို့ နာဂစ်လာသွားတုန်းက အပေါ်ထပ်က ပြတင်းပေါက်နှစ်ပေါက် မှန်ကွဲသွားပါတယ်။ အဲဒီက ရေတွေက အောက်ထပ်က မျက်နှာကျက်ထဲ မှာ သွားစုနေပြီး တချပ် ပြုတ်ကျသွားတာ အခုထက်ထိ အသစ်မရိုက်ရသေးတော့ အဲဒီအထဲ မှာ ကျမမုန်းတဲ့ သတ္တ၀ါတွေ ကျက်စားနေပါတယ်။ အဲဒီလို နေတာလောက်ကတော့ မကြိုက်ပေမယ့် မလုပ်နိုင်သေးလို့ နဲနဲ မသိချင်ယောင်ဆောင်လို့ ရနေပါသေးတယ်။ ခက်တာက....သူတို့က နယ်ချဲ.၀ါဒ ကျင့်သုံးလာကြတာပါပဲ..။


အောက်ထပ် မျက်နှာကျက်နဲ့ကပ်နေတဲ့ ကျမတို့ အိပ်ခန်း ထဲကို ၀င်ဖို့ ကြိုးစားကြပါတော့တယ်။ ကြမ်းပြင်ကို သူတို့သွားလေးတွေနဲ့ ကိုက်ဖောက်နေကြတော့တာပါပဲ...။ ကျမတို့ ပုံမှန်အိပ်ချိန်က ည ၁၂-နာရီ ၀န်းကျင်ပါ..။ တနေကုန်မောမောနဲ့ အိပ်ပျော်ကာစ ဆို သူတို့ လာပါပြီ။ တကျိကျိနဲ့ ကိုက်သံကို ကျမ ဘယ်လိုမှ သည်းညည်းခံလို့မရပါဘူး။ ခေါင်းရင်းနားမှာ လာကိုက်ရင်တော့ ကျမ ခေါင်းရင်းမှာ ထားတဲ့ ကျိုက်ထီးရိုးဝါးနဲ့ ထုပါတယ်။ ဘယ်နေရာကမှန်းမသိရင်တော့ ကြမ်းပြင်ကို တ၀ုန်းဝုန်းထုပါတော့တယ်...။ သူတို့ကလည်း လူလည်... အဲလေ.. ကြွက်လည်တွေ ဆိုတော့ ခဏ.. စောင့်...။ ငြိမ်သွားပြီ ဆိုတော့ ထပ်ကိုက်...။ နောက်ဆုံး မထလို့ မရတော့အောင်ဆိုရင်တော့ ကျမ မီးတွေ ဖွင့်ပြီး သူတို့ကို လိုက်ရှာရပါတော့တယ်... ။ တော်တော်တော့ စိတ်ဆင်းရဲစရာကောင်းတဲ့ ကိစ္စပါပဲ။


တစ်ရက်မှာတော့ ဧည့်ခန်းမှာ ကျမတို့ ရှိနေတုန်း ဖြတ်ကနဲ တွေ့လိုက်ပါတယ်။ ကျမမိသားစုလည်း ကျမနဲ့ ပေါင်းပြီး ကြွက်အလာဂျီ ရှိနေပြီဆိုတော့....ကြွက်အော်ပရေးရှင်း စဖြစ်လိုက်ပါတယ်။ တကယ်တမ်းကျတော့ တကယ်မောတဲ့အလုပ်...။ ဒီလောက် လက်တဆုပ်စာတောင်မရှိတဲ့အကောင်လေး အပြင်ထွက်သွားရင် ကျမတို့ အော်ပရေးရှင်း ပြီးဆုံးသွားပေမယ့် နောက်ဆက်တွဲ ရှင်းလင်းရေးကတော့ ကျမတစ်ယောက်တည်းရဲ့ တာဝန်ဖြစ်သွားရပါတယ်။ အဲဒီနေ့ကလည်း အဲဒီအထီးလား အမလားမသိတဲ့ တကောင်တည်းသော ကြွက်က မထွက်ပဲ လှည့်ပတ်ပြေးနေပါတယ်။ ဘယ်ရမလဲ...။ ငါဟဲ့ လူသားဆိုပြီး အားမာန်အပြည့်သုံးပြီး ကြိုးစားပန်းစား strategy တွေ ဘာတွေဆွဲ။ အကွက်တွေချ၊ ဟိုပိတ်သည်ဖွင့်၊ ဟိုကမောင်း သည်ကခြောက်နဲ့ .. နောက်ဆုံးတော့ ကြွက်အော်ပရေးရှင်းကြီး အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါတယ်။


ပူးပေါင်းလုပ်ဆောင်မှု အပိုင်းပြီးသွားပြီဆိုတော့ နောက်ဆုံး finishing ကတော့ ကျမရဲ့ အပိုင်းပေါ့။ ကျမလည်း ဟိုရွှေ. သည်ရွှေ.လုပ်လို့ ထွက်လာတဲ့ အမှိုက်တွေကို သိမ်းဆည်း၊ ပစ္စည်းတွေကို နေရာပြန်ချ လုပ်နေတုန်း ထောင့်တစ်ထောင့်မှာ ကလေးတွေ စားတဲ့ corn-flake ဘူးအခွံတွေ့တာနဲ့ ကလေးတွေကို စည်းကမ်းမရှိဘူးလို့ ဆူဆူပူပူလုပ်ရင်း အဲဒီဘူးအခွံကို ဆွဲယူလိုက်ပါတယ်..။ ဆွဲလိုက်ကတည်းက စက္ကူဘူးခွံထက်ပိုလေးနေတာကို သတိထားမိလိုက်ပါတယ်။ ဆက်ဆွဲလိုက်တော့ အထဲက တစ်စုံတစ်ခု ထွက်ကျလာပါတယ်...။ ဘာလေးလဲမသိဘူးလို့ သေသေချာချာ ကြည့်လိုက်တော့ ပန်းနုရောင်သေးသေးလေး..။ မျက်လုံးနေရာလေးမှာ အရာလေးသာ ရှိပြီး မပွင့်သေးပဲ လှုပ်စိလှုပ်စိနဲ့။ ကြောင်မွေးကာစ သေးသေးလေးတွေသာ မြင်ဖူးတော့ လက်သန်းတစ်ဝက်လောက်သာ ရှိတဲ့ ဒီအကောင်ပေါက်စလေးကို ဘယ်လိုလုပ်ရမှန်းမသိဖြစ်နေပါတယ်။ ကလေးတွေကတော့ ၀မ်းသာအားရနဲ့ ဘေဘီကြွက်ကလေး ဆိုပြီး ၀ိုင်းပြီး သဘောတကျ ကြည့်နေပါတယ်။ သားကြီးကလဲ မကြာခင်ကမှ သေသွားတဲ့ သူ့ကြွက်ဖြူအိမ်ကလေးထဲ ထည့်မွေးထားချင်တယ် လို့ အဆိုပြုပါတယ်...။အထဲကို ချောင်းကြည့်လိုက်တော့ အိပ်ပျော်နေတဲ့ ပန်းရောင်သေးသေးလေး သုံးကောင်...။


ကျမနဲ့ အမျိုးသားကတော့ တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး သက်ပြင်းချမိပါတယ်..။ အော်... ဒါကြောင့် သူက အပြင်မထွက်ပဲ အထဲမှာပဲ လှည့်ပတ်ပြေးနေတာကိုး။
ဘယ်လိုလုပ်ရင်ကောင်းမလဲ...

မေးသာမေးရတယ်။ သူလည်း ဘာပြောရမှန်းမသိ။

မဖြစ်ဘူး ထင်တယ်နော်...

အေးလေ.. အပြင်မှာ ကြောင်တွေ ခွေးတွေနဲ့..။ သူ့အမေကြီးကရော...

ပြန်လာမှာပေါ့..။ သူတို့ ၀င်ထွက်တဲ့ အပေါက်ရှိတယ်ထင်တယ်။ အဲလိုဆိုရင်....


ခဏထားလိုက်ဦးပေါ့ကွာ.. သူတို့လေးတွေ ပြေးတတ်တဲ့အရွယ်ရောက်မှ အပြင်ထုတ်တာ အဆင်ပြေမယ် ထင်တယ်...။

အင်း.. ဒီလိုဆိုလည်း... ချမ်းနေမလားမသိဘူးနော်.. စက္ကူလေး တစ်ရှုးစလေးတွေ ထပ်ထည့်ထားလိုက်မယ်..။ ဒီနေရာမှာပဲ ပြန်ထားလိုက်မှ.. သူတို့အမေလာရင်ရှာမနေရအောင်....
++++++++++++++++++++++++++++++


( ကျမနဲ့ သူတို့ ရန်ဖြစ်တိုင်း ခင်ဗျားဘလောက်ဂ်ထဲ ဒီအကြောင်းထည့်ရေးပါလား လို့ စ တတ်တဲ့ ကိုငယ့်စကား အလေးထားသော အားဖြင့် ....) LOL

Comments

Ko Nge said…
May Gyi,


Good writing for expression of impulse, hate , etc. ( sorry i can't mention by good word),
finally, when found real love and mitta, it reflect to others.

one of your fan,

with mitta,

Ko Nge

Popular posts from this blog

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...

သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)

ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။