Skip to main content

ကျမရဲ့ အလွဲလွဲများထဲမှ တစ်လွဲ။

ကျမက တော်တော်ကို အလွဲလွဲအချော်ချော် လုပ်တတ်တဲ့သူပါ..။ မယုံဘူးလား..။ မေးကြည့်ပါလား... ကျမအမျိုးသားကို။ သူပြန်မပြောပဲ အဆုံးမသတ်နိုင်အောင် ရယ်နေပါလိမ့်မယ်။ အဲ... ဘာအကြောင်းတွေလည်း ဆိုတာတော့ ပြန်ပြောလိမ့်မယ် မထင်ပါဘူး။ ဟဲဟဲ..။

မနေ့ကလည်း လက်ဖက်ရည်ဆိုင်မှာ ကျောင်းက သူငယ်ချင်းဖြစ်ခဲ့ဖူးတဲ့ တစ်ယောက်နဲ့ ပြန်တွေ့ပါတယ်။ အမျိုးသားက မုန့်ဆင်းဝယ်တော့ ကျမက သမီးလေးနဲ့ ကားပေါ်မှာ သီချင်းနားထောင်ရင်း စောင့်နေတုန်းပေါ့။ အမျိုးသားက ဆိုင်ထဲမှာတွေ့လို့ ခေါ်လာတာလေ။ သူ့မျက်နှာကလည်း ပြုံးစေ့စေ့၊ အမျိုးသား မျက်နှာကလည်း ရယ်ချင်ချင်..။ ကျမကတော့ .... ဟိုတလောကမှ ပြန်ပြောခဲ့တဲ့ အကြောင်းမို့... မျက်နှာခပ်ပူပူ...။

XXXXXXXXXXXXXXX

အဖြစ်က ဒီလို....။

ကျမငယ်ငယ်က ဖေဖေတာဝန်ကျတဲ့ နယ်မြို့တွေမှာ ကျောင်းတက်ခဲ့ရပါတယ်။ ကျမ တက္ကသိုလ် လာတက်တော့ ကျမအရင် နေခဲ့တဲ့ မြို့ တစ်မြို့က ကျောင်းနေဖက် အိမ်နီးနားချင်း သူငယ်ချင်းကောင်လေး တစ်ယောက်ပါ ကျမနဲ့ တက္ကသိုလ်အတူတူ ၀င်ခွင့်ရတယ်လို့ ကြားခဲ့ပါတယ်။ နှစ်တွေ အကြာကြီးကြာမှတော့ သူ့ကို ကျမနာမည်ပဲ မှတ်မိတော့တာပေါ့။


ကျောင်းရောက်တော့ တခါ ကျောင်းက Bookshop မှာ ထင်ပါရဲ့။ သူ့နံမယ်ကို သူ့သူငယ်ချင်းတွေ ခေါ်သံကြားလိုက်တယ်။ ကျမကို သူကတော့သိနေတယ် ထင်တယ်။ နောက်တော့ ကျမကို "ငယ်ငယ်တုန်းက သူငယ်ချင်း " သီချင်းဆိုပြီး စ စ နေတဲ့ ကောင်လေးတွေကို နဲနဲ သတိထားမိလာတယ်။ အဲဒီထဲက တစ်ယောက်ကတော့ သူ ပဲဆိုတာ သေချာပါတယ်။ ဒါပေမယ့် သူကမှ လာမနှုတ်ဆက်တာ.. ကျမ ဘယ်လိုလုပ် သိမှာလဲ။

ဟဲဟဲ.. သိတယ်မဟုတ်လား။ ကျမက “မှားတဲ့အခါလည်း မှားပေမပေါ့” တဲ့ စုံထောက်ကြီး ဦးရှံစားကို သိပ်သဘောကျတဲ့သူလေ..။ အဲဒီကောင်လေးတွေအထဲက ကိုယ်ထင်တဲ့ ကောင်လေးတစ်ယောက်ကို သွားနှုတ်ဆက်လိုက်တယ် ။ ဟဲ့...ဘာညာ၊ သာရကာ ပေါ့...။ ဘယ်ရမလဲ။ အဲဒီနောက်တော့ သူတို့တွေ သိပ်မစ မနောက်တော့ဘူး။ ကျမကလည်း တွေ့ရင် နှုတ်ဆက် ပြုံးပြပေါ့။ တခါ ကျမအဆောင်ကို ဖေဖေတို့လာတုန်း အနားမှာ တခြားကောင်မလေးတွေဆီလာလည်တဲ့ သူ့ကို တွေ့တော့ လှမ်းခေါ်ပြီး မိတ်ဆက်ပေးလိုက်သေးတယ်။ ဟုတ်တယ်လေ.. ငယ်တုန်းက မျက်နှာချင်းဆိုင်နေခဲ့ကြတာမို့ တခါတခါ သူ့ကိုလည်း ကျမတို့နဲ့အတူ ဖေဖေကျောင်းလိုက်ပို့ပေးဖူးတယ်လေ။ နောက်ပြီးကျမက နင် လေးဘာသာ (ဂုဏ်ထူး) ပါတာမဟုတ်လားဆိုတော့... သုံးဘာသာပဲပါတာပါ ပြောတဲ့သူ့ကို အတင်း ပြိုင်ငြင်းခဲ့သေးတယ်။ (အငြင်းသန်ခဲ့တာ ၀န်ခံခြင်းမဟုတ်)။

ဒီလိုနဲ့ ကျမ သူ့ကို ကျမ ငယ်သူငယ်ချင်းအမှတ်နဲ့ ခေါ်ပြောဆက်ဆံနေခဲ့တာ ဒုတိယနှစ် စာမေးပွဲ ဖြေကာနီးအထိပါပဲ...။ တစ်ရက် ကျမတို့ အဆောင်ရှေ့မှာ ညနေပိုင်းလာလည်တတ်တဲ့ သူငယ်ချင်းတွေကို စောင့်နေတုန်းထင်ပါရဲ့။ တစ်ဖက်စကားဝိုင်းကနေ ထပြန်လာတဲ့ ကျမတို့နဲ့ အတန်းတူ ကောင်လေးတစ်ယောက် (ကျမနဲ့တခါဖူးမှ စကားမပြောခဲ့ဖူးသူ) ကျမကို နာမည်ခေါ်ပြီး လာနှုတ်ဆက်တယ်..။. ငါ ( ??? ) လေ။ ... ဆိုတော့ ကျမမှာ ကြောင်တက်တက်ဖြစ်လို့။ ဟင် .. လာနောက်နေပြန်ပြီလို့ စိတ်မှာ ထင်ဆဲ။ သူက ကျမကို ဆူပါတော့တယ်။ နင်က ဘာဖြစ်လို့ ဟိုကောင်ကို ငါနဲ့မှားနေရတာလဲ၊ တခြားစီပဲတဲ့။ အင်.....။ ကျမ မှာ မှင်သက်သွားလိုက်တာ...။ သူ့ကို တစ်ခွန်းတော့ ပြန်ပြောလိုက်သေးတယ်ထင်ရဲ့..။ နင်က ဘာဖြစ်လို့ စောစောစီးစီး လာမပြောရတာလဲ ဆိုတော့ နင် ဒီလောက်တောင် မသိဘူးလားတဲ့။ ဟုတ်သားပဲ...။ ကျမ တော်တော်တုံးတာပဲနော်..။ အမှန်ဆို ကျမငယ်သူငယ်ချင်းလို့ထင်တာတဲ့ တစ်ယောက်ကို ဘယ်သူလဲ ဆိုတာ ပြန်စုံစမ်းရမှာလေ။ အဲဒါ ကျမ ပြဿနာထင်ပါရဲ့။ အမြဲတမ်း ကျမ မှန်တယ်လို့ ထင်တတ်တာ။ မှန်တယ်လို့ အထင်ပေါ်မှာပဲ အခြေခံထားတော့ လုပ်သမျှ တောက်လျှောက် လွဲနေပြီပေါ့။

အဲဒီညနေက တော်တော်ရှက်လည်းရှက်တယ်၊ ဒေါသလည်းထွက်တယ်။ အဲဒီကောင်လေးတွေကို...။ ကျမက စ မှားနှုတ်ဆက်မိတယ်ပဲ ထားဦးလေ။ ကျမရဲ့သူငယ်ချင်းကတော့ နင်မှားနေပြီလို့ စောစောစီးစီး လာပြောသင့်တာပေါ့။ နောက်တနေ့ ကျောင်းမှာ ၂-နှစ်လုံးလုံး ကျမရဲ့ သူငယ်ချင်းလို့ ထင်မှားနေတဲ့ သူနဲ့ ကော်ရစ်ဒါမှာ ဆုံတော့... ကျမကို ငါ.... ... လေ..လို့ လာနောက်နေသေးပါတယ်။ ကျမလည်း စိတ်တိုတိုနဲ့.... ဘာဖြစ်လို့ မပြောတာလဲလို့ ရန်တွေ့လိုက်တော့.. ငါ ပြောမလို့ပဲ။ နင်ကမှ အပြောမခံတာ...တဲ့။ ကဲ ... ကောင်းကြသေးရဲ.လား။ နောက်ဆုံးမတော့ ကိုယ်အထင်နဲ့ ကိုယ် ရမ်းတုပ်ခဲ့တဲ့ ကျွန်တော်မျိုးမရဲ့ အပြစ်တွေပါပဲလေ။ နောက်ပိုင်းတော့ အရင်ကလောက် အခေါ်အပြော မရှိဖြစ်ကြတော့ပါဘူး။ ငါ့ကို နောက်ကွယ်မှာ ဟားနေကြမှာပဲ ဆိုပြီး တွေးမိတိုင်း စိတ်တိုနေတာရယ်၊ ကိုယ် လူမှားခဲ့တဲ့ကိစ္စအတွက် မျက်နှာမထားတတ်တာရယ်ကြောင့်ပါ။


ကျမ အမျိုးသားနဲ့ သူတို့တွေကလည်း တမြို့ထဲသားတွေလေ။ အမျိုးသားနဲ့ ကျမ(ငယ်)သူငယ်ချင်းနဲ့က ဆယ်တန်းကျူရှင် အတူတူ တက်ဖူးခဲ့တဲ့ သူငယ်ချင်း.. တဲ့။ နောက်ပိုင်း သူ(အမျိုးသား)နဲ့ ကျမ ချစ်သူတွေ ဖြစ်သွားတော့မှ သူ ကပြန်ပြောပြီး နှစ်ယောက်သား ရယ်ဖြစ်ခဲ့ကြပါသေးတယ်။ "ခင်ဗျားကလည်း အမှားကောင်းပဲ"တဲ့။ "ရုပ်ဖြောင့်တဲ့သူမှ ရွေးပြီး သူငယ်ချင်းမှားတော်နေသေးတယ်" ဆိုပြီး ကျမကို နောက်ပါတယ်။ ကျမကလည်း "မသိဘူးလေ.. ကျုပ်ကို နောက်နောက်နေတဲ့အခါ သူတို့အုပ်စုထဲ ကြည့်လိုက်တိုင်း ပြုံးစေ့စေ့နဲ့ သူ့ပဲ တွေ့တာကိုး"..လို့။

ခုချိန်မှာတော့ ရယ်ချင်စရာ၊ ပြုံးချင်စရာတွေပေါ့။ ငယ်ဘ၀ရဲ့ ဗရုတ်ဗရက်တွေကိုလည်း သဘောကျမိပါတယ်။ သူတို့တွေလည်း ကျောင်းသားဘ၀ရဲ့ စနောက် ဗရုတ်ကျတာတွေကို ချန်ထားရစ်ခဲ့ပြီး မင်နဲ့ မောင်းနဲ့ ဆရာကြီးတွေ ဖြစ်နေကြပါပြီ။ ကျမကိုတွေ့ရင် အရင်က သူတို့ ဗရုတ်ကျခဲ့တာတွေကိုပဲ သတိရနေမလား၊ ဒါမှ မဟုတ် တလွဲကြီး အတင်းမှန်နေခဲ့တဲ့ ကျမကိုပဲ ရယ်ချင်နေမလား တော့ ကျမလည်း မသိနိုင်ပါဘူးလေ။ ကျမကတော့ ခုချိန်ထိ မျက်နှာပူတုန်း......။

Comments

Popular posts from this blog

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...

သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)

ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...

အဝေးမြင် အနီးမှုန်....(နောက်ဆုံး)

အနီးမှုန်.. “မောင် ဒီနေ့ meeting ရှိုလို့နောက်ကျမယ်နော်…သီရိ..” “အော်…ဟုတ်.. သီရိလည်း ခိုင် ရန်ကုန်ရောက်တုန်း အိမ်လာလည်မယ် ဆိုလို့ စောင့်နေတာ… ဘယ်မှာလုပ်မှာလဲ.. meeting က..” “ ရုံးမှာပဲသီရိရေ.. နိုင်ငံခြားသားတွေပါမယ်.. ပြီးရင်တော့ တခုခုလိုက်ကျွေးရမှာပေါ့..” “ ဘယ်ဆိုင်မှာလဲ..မောင်..” “ အနီးအနားက အေးအေးဆေးဆေးဆိုင်မျိုးပဲ ဖြစ်မှာပါ.. ဒါလည်း မသေချာသေးပါဘူး… ကိုယ် ဖုန်းဆက်မယ်လေ..” “ ဟုတ်… အပြန်ကျ ခေါက်ဆွဲကြော်ဝယ်လာခဲ့နော်မောင်..ကလေးတွေ စားဖို့..” “ အင်း..အင်း..ဟုတ်ပြီ..ဒါပဲနော်” ခိုင့်ကို အိမ်ပြန်ပို့ပေးပြီးအပြန် စင်တင်တေးဂီတရှိသည့် ဆိုင်တစ်ဆိုင်ရှေ့မှာ သူမရဲ့မောင့်ကားကို လှမ်းတွေ့လိုက်သည်။ သူမ အဲဒီဆိုင်အပြင်ဘက်ရောက်နေမှန်း မောင်သိရင် အံ့အားသင့်သွားစေချင်သည်။ နောက်ချင်စိတ်ဖြင့် ဆိုင်အပြင်ဘက်မှာ ကားရပ်ပြီး သူမ မောင့်ဖုန်းကို လှမ်းခေါ်လိုက်သည်။ ချက်ချင်း မကိုင်သေး။ တော်နေကြာမှ ဟဲလို..ထူးသံကြားသည်…။ “မောင်..ဘယ်မှာလဲဟင်” “ ဧည့်သည်တွေကို ထမင်းလိုက်ကျွေးနေတယ် သီရိ” သူမ မောင့်ကို ဆိုင်အပြင်ဘက် လှမ်းထွက်လာတာမြင်လိုက်ရသည်.. “ဘယ်ဆိုင်မှာလဲ ..မောင်ရဲ့” “ အဲ..မီလျံကွိုင်မှာ….” “ သီချင်းသံတွေ ကြားနေ...