Skip to main content

အလွဲများနှင့် ကျမတို့ဘဝ

ကျမ ဖေဖေ့ဆီက ဘိုကလေးသတင်းတွေ ကြားရပါတယ်။ သူတို့အဖွဲ့က လယ်သမားတွေကို ထွန်စက်တွေလှူကြတာနဲ့ နောက်ဆက်တွဲ ဇာတ်လမ်းတွေပေါ့။ ထွန်စက်တွေ လှူပေးမယ့် သူတို့တွေ ကျွမ်းကျွမ်းကျင်ကျင် မသုံးတတ်ကြတော့ ရယ်စရာ ဟာသတွေ အနေနဲ့ ပြန်ပြောတာ ကြားရတာပါ။ စက်ကို တက်မောင်းတော့ ရှေ့မသွားပဲ နောက်ပြန်ဆုတ်သွားတာ၊ ထွန်စက်က တအားပြေးတော့ ထိန်းမရတာနဲ့ လူက ခုန်ချ ဆင်းရစ်ခဲ့ရတာ၊ တခါ ဘရိတ်အုပ်လိုက်လို့ အပေါ်ကနေ ဂျွမ်းပြန်ကျတာ.. အို.. စုံလို့ပါပဲ။ ရယ်လည်း ရယ်မိပါတယ်။ ပြီး ... ကျမ တို့ တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ဟာက ဟို ဟာသကား GOD MUST BE CRAZY ထဲကလို ဖြစ်နေပါပေါ့လား လို့ တွေးမိပြန်တော့ စိတ်မကောင်းဘူး။

လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ကျမ ပြည်ပကို ပထမဆုံးအကြိမ်အဖြစ် ရောက်ခဲ့ဖူးပါတယ်။ ကျမ အလုပ်လုပ်ခဲ့တဲ့ နေရာက မြို.တော်မဟုတ်ပါဘူး။ အလုပ်လုပ်ခဲ့တဲ့ စက်ရုံက လူတွေကလည်း သူတို.အပြောအရ တောသားတွေပါပဲ။ သူတို့ စက်ပစ္စည်းတွေ ကောင်းကောင်းနှိုက်တတ်တယ်။ မော်တော်ဆိုင်ကယ်ကိုယ်စီနီးပါးပိုင်ဆိုင်ပြီး သူတို့ စက်အကြောင်းသူတို့ ကောင်းကောင်းသိကြပါတယ်။ ကျမတို့ စက်ရုံက အနီးဆုံးမြို.နဲ့ကို နာရီဝက်လောက် ဝေးပါတယ်။ စက်ရုံကို ဈေးလာရောင်းတဲ့ အမျိုးသမီးတွေက pick-up ကားတွေကိုယ်တိုင်မောင်းလို့ ဟင်းသီးဟင်းရွက်ကအစ အသားငါး မျိုးစုံ တင်လို့ လာရောင်းကြပါတယ်။ တခါတခါ ကားပျက်ရင် ကိုယ်တိုင်နှိုက်ချွတ်လို့.....။ ဘုရားစူး.. ဘီအီးဘွဲ့လက်မှတ်ကို ကျမတို့ ဋ္ဌာနမှုး ကိုယ်တိုင်ပေးအပ်ခြင်းခံခဲ့ရတဲ့ ကျမ အင်ဂျင်နီယာပါ...။... air compressor ဘယ်လို ဖွင့်ရမှန်းမသိလို့ ခွင့်ယူသွားတဲ့ တာဝန်ခံ အင်ဂျင်နီယာဆီ လှမ်းဖုန်းဆက်မေးခဲ့ရသေးတယ်။ တော်သေးတယ်..။ ဗမာအချင်းချင်းမို့ နားလည်ရှာလို့... (ကိုယ်ညံ့တာ ကိုယ်ဝန်ခံတာပါ၊ တော်ကြာ ၀န်ကြီးကြားသွားရင် ဘွဲ့ပြန်သိမ်းသွားဦးမယ်)။

ရုံးမှာ သုံးတဲ့ coffee-maker ကို ဘယ်နားရေထည့်ရမယ်မှန်းမသိလို့ pot ထဲရေတွေ အပြည့်ထည့်လိုက်မိလို့ ထိုင်းမန်နေဂျာက... ဟဲ့... နင့်ကော်ဖီကလည်း ပေါ့လိုက်တာ ပြောတော့ ကျမတို့တွေ ကြိတ်ရီခဲ့ကြဖူးတယ်။ (အဲဒါ ကျမ လုပ်တာမဟုတ်)..... ဘန်ကောက်ရောက်ခါစ Automatic Telling Machine ဆိုတာ ဗေဒင်ဟောတဲ့စက်လို့ ထင်ဖူးတဲ့ သူတွေ ရှိခဲ့တယ်.. တကယ်..တကယ်။ အငှားကားတွေတောင်မှ တံခါးတွေပိတ်၊ လေအေးစက်ဖွင့်မောင်းလို့ တအံ့တသြတွေ ဖြစ်တဲ့သူက ဖြစ်ပေါ့။ အဲဒါ လွန်ခဲ့တဲ့ ဆယ်နှစ်က ထိုင်းနိုင်ငံနော်...။

စနေ တနင်္ဂနွေတွေမှာ ကလေးတွေ remote controlနဲ့ ကားလေးတွေ ပြိုင်တဲ့ နေရာတွေ ရှိပါတယ်။ shopping center ရဲ့ အပေါ်ဆုံးထပ်မှာ ကလေးတွေ ကားပြေးကွင်း အကြီးကြီးတွေ ရှိပါတယ်။ ၇-နှစ် ၈-နှစ် အရွယ်ကနေ ၁၃-၁၄ နှစ်လောက်အထိ ကလေးတွေ လာဆော့တတ်ကြပါတယ်။ သူတို့ရဲ. kits လေးတွေလည်း ကိုယ်စီပါတယ်။ သူတို့ကားလေးတွေ ကွင်းထဲမှာ မောင်းကြည့်တယ်။ ဘာလိုသလဲ ကြည့်ပြီး လိုအပ်တာ သူတို.ဖာသာ fix လုပ်ကြတယ်။ သူတို့ကို ကူညီတဲ့ လူကြီးတစ်ယောက် နှစ်ယောက်လည်း ရှိတယ်။ သူတို့လိုအပ်တဲ့ အပိုပစ္စည်းတွေကို အဲဒီနေရာမှာပဲ လွယ်လွယ်ကူကူ ဈေးသက်သက်သာသာ (မုန်.ဖိုးလောက်နဲ့) ရတတ်ကြတယ်။ သူတို့ဆော့နေကြတယ်လို့ကို ကျမ မျက်စိထဲ မမြင်တော့ဘူး။ သူတို့တွေ သင်ယူနေကြတာ.. ။ အဲဒီကလေးတွေက လူကုံထံအသိုင်းအ၀ိုင်းက ကလေးငယ်တွေ မဟုတ်ပါဘူး။ အဲဒါ လွန်ခဲ့တဲ့ ဆယ်နှစ်က ထိုင်းနိုင်ငံမှာ...။


ပြီးခဲ့တဲ့ ငါးနှစ်လောက်က ထင်ပါရဲ့..။ ရန်ကုန်မြို.ရဲ့ Blazon shopping centre မှာ အဲဒီလိုကားမျိုးလေးတွေနဲ့ ကားပြေးကွင်း ခပ်သေးသေး တွေ.လိုက်တယ်။ ခဏပါပဲ... ပြန်ပျောက်သွားတယ်.။ ကားလေးတွေ ကလည်း ဈေးကြီး၊ အပိုပစ္စည်းကလည်း ဈေးကြီး... အထောက်အကူ ပြုပေးမဲ့ သူတွေလည်း မရှိ။ လေ့လာသင်ယူလို့တော့ ရပါလိမ့်မယ် ။ တနှစ်ကတော့ ILBC The first ILBC science fair 2007 လုပ်တယ်တဲ့...။ သိပ္ပံပညာကို အားပေးတာတော့ ကျေးဇူးတင်စရာပါ။ something is better than nothing ဆိုသလိုပဲပေါ့နော်..။ ဘာမှ မရှိတာထက်စာရင်တော့..။

ကျမတို့ မနှစ်က ဘန်ကောက်က ပြန်လာတော့ ကလေးတွေ အတွက် remote control နဲ့ ဟယ်လီကော့ပတာလေးကို ၀ယ်လာခဲ့ပါတယ်။ လေဆိပ်ရောက်တော့ စစ်ပါလေရော....။ remote control နဲ့ ကလေး ကစားစရာတောင် မသယ်ရဘူးဆိုပဲ..။

မနေ့က ကျမသားကြီး သူတို့ ခြောက်တန်းက ပုံကို အမေ့လာဆွဲခိုင်းနေတယ်။ သူသေသေချာချာမမြင်ရလို့တဲ့။ ဖတ်စာအုပ်က reader's digest စာအုပ် အရွယ်။ စာရွက်က မြန်မာကျောင်းသုံးစာအုပ်သုံး စာရွက်..။ ပုံက သေးပြီး မကွဲပြားတဲ့ကြား စာတွေနဲ့ရောလို့..။ ဒါနဲ့ သားကြီးကိုမေးလိုက်မိတယ်...။ မင်းတို့ဆရာမ သင်ပုန်းပေါ်မှာ ပုံဆွဲပြတော့ မကူးဘူးလားဆိုတော့... ဆရာမက မဆွဲပြဘူး.. ပုံဆွဲဖို့ တစ်ရွက်ချန်ခဲ့လို့ပဲ ပြောတယ်တဲ့။ ကိုယ်တိုင်တောင် မှန်ဘီလူးနဲ့ ကြည့်ရမလိုလို....။ ဒါနဲ့ အင်တာနက်ထဲမှာ ရှာ။ တန်းစီပြီးထွက်လာလိုက်တာ...။ အဲဒီထဲက ရွေးပြီး သင့်မယ်ထင်တဲ့ ပုံလေးကို ပရင့်အောက်ထုတ်ပြီး သားကြီးကို ပေးလိုက်တော့ သဘောတွေကျလို့....။ ရောင်စုံနဲ့ကိုး။

ဟိုတလောက သူတို့ကျောင်းမှာ ကွန်ပျူတာ သင်ပေးမယ်ဆိုပြီး ခေါ်တယ်တဲ့။ ဘယ်လိုခေါ်သလဲဆိုတော့ ကွန်ပျူတာသုံးတတ်တဲ့သူ၊ အင်တာနက် သုံးတတ်တဲ့သူ အတန်းထဲမှာ ဘယ်သူတွေရှိလဲ ခေါ်ပြီး သပ်သပ်သင်ပေးတယ်။ ကျမက မေးလိုက်တယ်။ မင်းတို့ သိပြီးသားတွေ ပိုတတ်လာပေမယ့် လုံးဝ မသိသေးတဲ့ကလေးတွေကရောလို့.....။

တခုခုတော့ မှားနေတာပဲ..။ တခုတောင် က မယ် မထင်ပါဘူး။ အလွဲများနှင့် မြန်မာ... အဲလေ.... အလွဲများနှင့် ကျမတို့ဘ၀ လို့ပဲ ပြောရတော့မယ် ထင်ပါတယ်လေ....။ ထားပါတော့။ အလွဲတွေ များလွန်းတော့ တနေရာရောက်ရင် ပြန်တည့်သွားပါလိမ့်မယ်။ အဲ.... တစ်စစီ မဖြစ်သေးရင်ပေါ့။

Comments

ကြာ ရင် အလွဲ တွေ ကို အမှန် တွေ လို့ ထင် မှာ စိုး ရတယ်

Popular posts from this blog

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...

သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)

ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။