Skip to main content

သည်တနင်္ဂနွေမှာ.....

တနေ့ တနေ့ မနက်မိုးလင်းတာနဲ့ထွက်၊  ည မိုးချုပ်မှ အိမ်ပြန်ရောက်လို့ သည်တပတ်တနင်္ဂနွေမှာတော့ အိမ်မှာပဲနေဖို့ စဉ်းစားထားပါတယ်။ မနေလို့လည်း မရပါဘူး။ သည်တနလာင်္မှာ သားကြီးလပတ်စာမေးပွဲ ဖြေရမှာလေ။ သူ့ကို စာကျက်ဖြစ်အောင် သူ့ရှေ့ ငုတ်တုတ်ထိုင်ရပါဦးမယ်။
ဒီနေ့မနက်စောစောနိုးနေတော့ မီးပူတွေတိုက်ရင် ကောင်းမလား၊ အင်း... မီးပူတိုက်ရင်း ကြည့်နေကျ ကိုးရီးယား ဇာတ်လမ်းတွဲတွေလည်း ကုန်ပြီ။ ဒီလိုနဲ့ ဟိုယောင်ယောင် သည်ယောင်ယောင်လုပ်ရင်း ကွန်ပျူတာလေး မသိမသာ ဖွင့်ပြီး သတင်းတွေ ကြည့်၊ မေးလ်လေးစစ်။ ဟော.. ဆယ်နာရီ ထိုးတော့မယ်။ နေ့လည်စာ.. ဘာလုပ်ရင်ကောင်းမလဲ။ ကိုယ်ဘာစားချင်လဲ အရင်စဉ်းစားကြည့်တော့....ဘာမှ စားချင်စိတ်မရှိ...။ ဥပုသ်နေ့ညနေပိုင်းတွေမျိုးဆို ဟိုဟာလေး စားချင်လိုက်၊  သည်ဟာလေး အာရုံထဲရောက်လာလိုက် ဖြစ်တဲ့ စိတ်က ဘယ်ရောက်နေပါလိမ့်...၊
ဟင်..ကိုယ်မစားချင်ပေမယ့် အချိန်တန်ရင် ဗိုက်ဆာမယ့်သူတွေ ရှိသေးတယ်လေ။ ခက်တာက မေမေကလည်း မရှိ၊ ခရီးထွက်သွားတာက ဟိုတနေ့ကမှ...။ အရင် ရုံးအားရက်တွေဆို ဟင်းချက်ဖို့ အပျင်းထူနေရင် အမေ့အိမ်သွားပြီး ဟင်းနှိုက်စားလိုက်တာပါပဲ။ အမေမို့လို့ တော်သေးတယ်နော်။ ဟဲဟဲ။ အား.. ဟုတ်သား....အမေဆိုမှ.. ဖေဖေ တစ်ယောက်လုံးကျန်ခဲ့သေးတာပဲ။ ဖေဖေစားဖို့တော့ ချက်ရတော့မှာပဲ။ အင်း.. ပဲကုလားဟင်း..ဆိုရင်ရော ။ ကုလားပဲ သွားစိမ်လိုက်။ ခဏနေတော့ ပဲအိုးတည် ထားရင်း.. အင်တာနက်ထဲ လျှောက်သွားနေတာပေါ့။ ပဲအိုးသွားကြည့်လိုက်.. ကွန်ပျူတာ ကိုင်လိုက်နဲ့ ဇိမ်တော့ သိပ်မပျက်သေးဘူးပေါ့။
တော်တော်လေးကြာတော့ တူးနံ့...။ ဟာ... ဒုက္ခပါပဲ.. ပဲအိုးတော့ တူးပါပြီ။ တူးသွားတဲ့ ပဲဟင်းအိုးကို ကြည့်တော့ သိပ်တော့ဖြင့် မဆိုးလှ၊ နဲနဲ ပါးပါး သန့်စင်လိုက်တော့ အကောင်းနီးပါးပါပဲ.. ခက်တာက ဟင်းနည်းသွားရပြီ။ အာလူးရော၊ အသီးအနှံတွေ ထည့်ပြီးတော့လည်း ဟင်းက များမလာ၊ နောက်ထပ် ထပ်တည်နေရရင်တော့ဖြင့် ညနေစာပဲ ဖြစ်တော့မည်။ ကြံစမ်း၊ ကြံစမ်း...။ စိတ်ဓာတ်က နဲနဲ ကျလာပြီ။ ခုချိန် မီးဖိုချောင် တစ်ယောက်ယောက် ၀င်လာရင် အဲဒီ့တစ်ယောက်တော့ ဓားစာခံဖြစ်ပြီမှတ်...။ ကလေးတွေက ကာတွန်းကားကြည့်၊ ကလေးတွေအဖေက သားကြီးကို စာပဲ သင်ပေးနေသလား၊ စာသင်နေရင်း ကလေးတွေနဲ့အတူ ကာတွန်းကားပဲ ရောယောင်ကြည့်နေသလားတော့မသိ။ နောက်ဖေး တစ်ယောက်မှ မယောင်မလည်လာမလုပ်လို့ ကျမလည်း ရမယ်ရှာ ထွက်လို့မရတော့။
အင်း...နေပါဦး။ ရေခဲသေတ္တာထဲ ဘာရှိသေးပါလိမ့်...ကြည့်လိုက်တော့ မနေ့က၀ယ်ထားတဲ့ ပလာတာနဲ့ စားတဲ့ ပဲဟင်း။ စိတ်ထဲ ၀မ်းသာသွားတယ်...အတော်ပဲ...ကောင်းမကောင်းသိအောင် အရင်နွှေးကြည့်...။ အဆင်ပြေနေတော့ ချက်လက်စ ပဲဟင်းနဲ့ ရောလိုက်...။ ဟာ... မွှေးသွားတာပဲ။ ဟဲဟဲ.. တယ်တော်တဲ့ ငါပါလား။ ရလောက်ပြီ.. အချဉ်ရည် မန်ကျည်းမှည့်လေးထည့်ဦးမှဆို... ရှာတာ ရှာလို့ကို မတွေ့။ ဧကန္တ ယောကျာင်္းလက်ချက်မိသွားပြီ ထင်ရဲ့။ သူက ဒီလိုပဲ။ တွေ့တာ လွှင့်ပစ်ဖို့ပဲ သိတယ်။ နေဦး...နေဦး... စိတ်လေးအသာလျှော့ထား။ တနေ့တနေ့ ဒေါသတွေထွက် ရန်တွေဖြစ်ရတာလည်း မောလှပေါ့။ အရင်ကတော့ သားအမိတွေ ဒေါသထွက်ရင်... ငရဲကြီးမယ်ဆိုတာကို သတိပေးတဲ့အနေနဲ့.. တစ်ယောက်ယောက်က ဒေါသထွက်ရင် “ ပလုံ” လို့ သတိပေးဖို့ ပြောထားကြပါတယ်။ ဒါပေမယ့် အမေ့များ “မေမေ ပလုံ နော်” ဆိုလို့ကတော့ အဲဒီ့တစ်ယောက်ပါ အမေ့ဒေါသစက်ကွင်းက မလွတ်မြောက်နိုင်ပဲ ဖြစ်သွားရပါလိမ့်မယ်။ ကိုယ့်စိတ်ကိုယ်ဖြေရင်း သီးစုံပဲကုလားဟင်း မဖြစ်လည်း စားလို့ကောင်းနေတာပဲ။ တူဒေး မေမေ့ အထူးဟင်းလျာများပေါ့။ ပါပလာရယ်... ငါးမုန့်ခြောက်တွေ ကြော်လိုက်တယ်။ ၀ယ်ထားတဲ့ ဟင်းနုနွယ်ရွက်ကိုလည်း ကြက်သွန်ဖြူ ဓားပြားရိုက်ပြီး ကြော်လိုက်တော့ နောက် ဟင်းတစ်ပွဲ။ ရှိပြီးသား ငါးဟင်းလေးတစ်ခွက်ကို ပြန်နွှေး...။ ဟင်းတွေချတော့မယ်ဆိုတော့မှ.. ....သတိရတော့တယ်..။ ထမင်းမချက်ရသေးဘူး။ အို... အဲဒါကတော့ မြန်ပါတယ်လေ။ မိနစ် ၂၀ လောက်ဆိုရပြီ။ လောလောဆယ် ဖေဖေနဲ့ ကလေးတွေ စားနှင့်ဖို့ က ဖေဖေမနက် မနက် ဆွမ်းတော်တင်ဖို့ rice-cooker နဲ့ ချက်ထားတဲ့ ထမင်းရှိတာပဲ။
“ကဲ.. သားကြီး.. ဘဖိုးသွားခေါ်.. ထမင်းစားလို့ ရပြီလို့။ ဖိုးဆီက ထမင်းအိုးပါ သယ်လာခဲ့နော်။ ကလေးတွေနဲ့ အဖေ စားနှင့်ကျ...”
“အမေရော.. မစားသေးဘူးလား၊ ကိုယ့်ဖာသာချက်ပြီး မောပြီး မစားနိုင်တော့ဘူးလား...” သူ.အပြောပေါ့...။

အင်း.. တစ်ဆယ့်နှစ်နှစ်ကျော် ပေါင်းလာခဲ့တဲ့သူတွေဆိုတော့ အားသာချက်တွေသာ မသိရင်ရှိမယ်.. အားနည်းချက်ကတော့ အကုန်သိပြီးသားလေ...။

“ဟုတ်တယ်.... မောပြီ။ ကျုပ်မစားချင်သေးဘူး။ သားကြီး မေမေ့အတွက် ကော်ဖီတစ်ခွက်...။”

ပဲဟင်းလည်း ပြောင်၊ ရှိသမျှဟင်းတွေလည်း ကုန်။ ဖေဖေကလည်း သမီးးချက်တဲ့ ပဲဟင်းလေးက ကောင်းလိုက်တာ ဆိုလို့ နှုတ်ခမ်းမွှေးနဲ့ ငါးအပြုံးမျိုး ပြုံးပြလိုက်သေးတယ်။ အမျိုးသားကလည်း စားလို့ကောင်းလို့တဲ့။ နောက်တစ်ခါတော့ သည်လက်ရာမျိုး ရမယ်မထင်နဲ့နော်... ငှဲငှဲ..ငှဲငှဲ...။ ။

Comments

အိမ် ရှင် မ တို့အတု ယူ စရာ သိင်္ဂီနွယ် ရဲ့ လက် ရာ ဟင်း လျှာ တ ခွက် ပေါ့

Popular posts from this blog

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...

သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)

ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။