Skip to main content

အုန်းသီးသုံးလုံး

ကျမရဲ့သားကြီး ခြောက်တန်းကျောင်းသား မောင်မိုးဟန်က မြန်မာစာနဲ့ဆို သတင်းစာကအစ... တွေ့သမျှစာအုပ်အကုန်လိုက်ဖတ်တတ်ပါတယ်။ တခါတခါ ကိုယ်မသိသေးတာတွေတောင် သူသိနေတတ်သေးတယ်။ ငယ်ငယ်ကထဲက စကားလုံးတွေကို အကျအနကောက်တတ်သူ။ သုံးနှစ်သား မူကြိုတက်တော့ ပြေးလွှားဆော့ကစားရင်း ချော်လဲတာ ဘောင်းဘီရော၊ ဒူးရော ပြဲသွားပါတယ်။ ဒါနဲ့ ကျမလည်း သူ့ကို ကြိုပြီး ကားပေါ်ရောက်တော့ သူ့ဒဏ်ရာကြည့်ရင်း "အော်... ဘောင်းဘီပါ ပြဲသွားသလား" မေးလိုက်မိပါတယ်။ သူက "ဘောင်းဘီကတော့ ပြဲတာမဟုတ်ဘူး၊ ပေါက်သွားတာ" ....တဲ့။ ကျမတို့လည်း အူကြောင်ကြောင်ဖြစ်သွားပြီး ဘာဖြစ်လို့လဲ လို့ မေးကြည့်တော့......
"ပြဲတယ်ဆိုတာ... ရှည်ရှည်လေးဖြစ်သွားရမှာလေ၊ အခုဟာက ၀ိုင်းဝိုင်းလေးဖြစ်သွားတာဆိုတော့ အဲဒါ အပေါက်ဖြစ်သွားတာပေါ့" ....
အဲဒါ သုံးနှစ်သားအရွယ်ကထဲက သူဘာသာ အဓိပ္ပာယ်ဖွင့်ခဲ့တဲ့ အပေါက်နဲ့ အပြဲ သတ်မှတ်ချက်လေ။ အဲဒီလို စကားတွေ ကပ်ကပ်သပ်သပ် ပြောတတ်သလောက် တခါတလေတော့လည်း ကြောင်တတ်ပါသေးတယ်။ သူ လေးနှစ်သားအရွယ် စာတွေ စ သင်တော့ တနေ့ စာ အလွတ်ရွတ်နေပါတယ်။ ဘေးမှာ သူ.အဖိုးနဲ့ပေါ့ ။ "သဝေထိုးလရေ...လေ"..ဆိုတော့ ဘေးက အဖိုးက " ဟုတ်ပြီ... ငါ့မြေးကွ" စကားတောင် မဆုံးလိုက်ပါဘူး ။ "၀စ္စနှစ်လုံးပေါက် ....ငါး" ...လည်း ဆိုလိုက်ရော.... အဖိုးလည်း " ဟာ.... ကွာ" ဆိုပြီး ပက်လက်လန်ပါလေရော....။


အဲဒီလို ဇလေးတွေ ရှိတဲ့သားကြီး... ခုလည်းပဲ မထူးပါဘူး။ ဟိုတနေ့က သူ့ညီကို ဆူနေလေရဲ.။ တကယ့်ကို ဒေါနဲ့ မောနဲ့။ "အဲဒီလို ညာပြောတာမျိုးဆို ငါလုံးဝ သည်းမခံနိုင်ဘူးနော်" ... ဘာညာတွေ အော်နေလို့... အမယ်.. မင်းကများ... တချိန်လုံး အမေ့ကို ညာနေတဲ့ သူက မင်းညီကို အဲဒီလိုပြောနေရသေးလားလို့ မေးတော့.... ရယ်ကျဲကျဲနဲ့.... " သားက သူများတွေ သားကို ညာတာသာ သည်းမခံနိုင်တာပါ မေမေရ" တဲ့။

အခုလည်း အင်္ဂလိပ်စာ ရွတ်ခိုင်းနေရင်း ကြောင်နေပြန်ပါပြီ။
"မေမေ... Coconut tree ဆိုတာ ဘာလဲ မေမေ"
ကျမလည်း သူ့ကို ခပ်ကြောင်ကြောင် တအံ့တသြကြည့်ရင်းနဲ့ ဘာပြန်ပြောရမှန်းမသိ ဖြစ်နေတုန်းမှာပဲ........ သိပ်သွက်တဲ့ သမီးငယ်က သူ့ဘာသာဆော့နေရာကနေ...
"ကိုကိုမိုးဟန်ကလည်း မီးမီးသိတယ်၊ အုန်းသီး သုံးလုံးကို ပြောတာလေ"....တဲ့။ ကျမလည်း ထပ်ဆင့်ကြောင်အ သွားရပြန်ပါတယ်။ ဘယ်လိုဖြစ်ပြီး အုန်းသီးသုံးလုံးဖြစ်သွားရတာပါလိမ့်ဆိုတာ.. ချက်ချင်းပေါ်မလာဘူး။ သမီးငယ်ကတော့ သူ့ ရှင်းလင်းချက်နဲ့သူ.. "coconut က အုန်းသီး၊ three ဆိုတာ သုံးလုံးလေ။ ကိုကိုမိုးဟန်ကလည်း မီးမီးတောင် သိသေးတယ်" .....ဆိုတော့မှ......။ အော်... three နဲ့ tree ရောသွားတာကိုးလို့ သဘောပေါက်လိုက်ရပြီး ကျမမှာ တော်တော်နဲ့ကို အတောမသတ်နိုင်အောင် ရယ်မောလိုက်ရပါတော့တယ်။

ကဲ.... စိတ်ညစ်စရာလေးတွေ ရှိသလို ဒီလို ရယ်မောစရာလေးတွေ ရှိနေရတာကိုကပဲ မိသားစုဘ၀ရဲ့ အဓိပ္ပာယ်တမျိုးဖြစ်မယ်ထင်ပါရဲ့နော်...။

Comments

ကလေးလေးတွေရဲ့ အပြစ်ကင်းတဲ့အတွေးအပြေါလေးတွေ ကချစ်စရာကောင်းသလို စိတ်ဝင်စားစရာလဲ ကောင်းပါတယ်.. တခါတခါ အမောလဲပြေတယ်နော့..သူတို့အကြောင်းကိုရေးရင်သူတို့လဲသဘောကျကြမယ်ထင်တယ်
Sonata Cantata said…
မြန်မာစာနဲ့ဆို သတင်းစာကအစ... တွေ့သမျှစာအုပ်အကုန်လိုက်ဖတ်တတ်ပါတယ်။ (အမေ တူတာ)
"သဝေထိုးလရေ...လေ..၀စ္စနှစ်လုံးပေါက် ....ငါး" (အဖေ တူတာ)
ဟားဟား
tg.nwai said…
ဟုတ်မယ် TDရေ... မိဘတွေရဲ. မကောင်းတဲ.အကျင့်တွေပဲ သူ့မှာသွားစုနေတာ...ဟဲဟဲ
Sonata Cantata said…
tg ရေ..တစ်နေရာစီမှာ ထူးချွန်တဲ့ (တူတူတော်တာတွေလည်းရှိတဲ့) သူနှစ်ယောက်ရဲ့ ရင်သွေးလေးတွေပါ။

btw, တို့တွေဟာ ကလေးတွေကို ထိန်းကျောင်းတဲ့ နေရာမှာ ကိုယ့်ပုံစံထွက်အောင် အတင်းကြီး အားမထုတ်ဖို့ သတိထားရမယ်လို့။ ကိုယ်မွေးထားတာ ဆိုတော့ ကိုယ်တို့ရဲ့ ဗီဇလေးတွေက အနည်းနဲ့ အများဆိုသလို သူတို့မှာ ပါပြီးသားကွ။ နေ့တဓူဝမှာလည်း ကိုယ့်စိတ်တိုင်းကျအတိုင်း ဟိုလိုလုပ် ဒီလိုမလုပ်နဲ့ လိုက်လုပ်နေရင် (သူတို့ဟာ ကိုယ်တို့နဲ့ သိပ်တူသွားမယ်ဆိုရင် ကိုယ်တို့ အတ္တအတွက် တစ်စုံတခုသော အတိုင်းအတာအထိ ကျေနပ်စရာဖြစ်ပေမဲ့) သူတို့ဘက်က ကြည့်ရင် သူတို့ ဘ၀ရပ်တည်မှုမှာ တို့ပေးလိုက်တာဟာ အကောင်းဆုံးဖြစ်ချင်မှ ဖြစ်မယ်လို့ စဉ်းစားနေမိလို့ပါကွာ။

Popular posts from this blog

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...

သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)

ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။