Skip to main content

Pets and us!

ကျမ အိမ်မွေးတိရိစ္ဆာန်လေးတွေကို ချစ်တတ်ပါတယ်။ ငယ်ငယ်ကတည်းက မေမေ ဈေးက အပြန် ၀ယ်လာတတ်တဲ့ ဘဲပေါက်စလေးတွေကိုလည်း ချစ်ခင်စွာ မွေးမြူခဲ့ကြဖူးသလို သူတို့ သေတော့လည်း ၀မ်းနည်းစွာ ငိုကြွေးခဲ့ကြရပါသေးတယ်။ ဒါပေမယ့်လည်း ထပ်ခါ ထပ်ခါ မွေးမြူရင်း ထပ်ခါ ထပ်ခါ ငိုကြွေးခဲ့ရတာလည်း အိမ်ထောင်ကျတဲ့ အချိန်ထိပဲ.. ဆိုပါတော့။ ( ဒါကြောင့် ကျမကို တိရိစ္ဆာန်လေးတွေကိုတော့ စိတ်ရှည်ပြီး ကိုယ့်သားသမီးတွေအပေါ် ဘာဖြစ်လို့ စိတ်မရှည်ရတာလဲ လို့ သူ မေးခွန်းထုတ်လေ့ရှိပါတယ် )

အခုတခါ....သားကြီးကလည်း အကောင်လေးတွေ မွေးမြူတာ ၀ါသနာပါနေပြန်ပါတယ်။ သူ့ကိုပေးတဲ့ မုန်းဖိုးလေးတွေနဲ့ ငါးတွေ ၀ယ်လာပြန်ရင်း.... တော်ကြာ သူ့ ငါးတွေ သေကုန်လို့ ငိုလိုက်ပြန်ရင်း....။ ကြွက်ဖြူလေးတွေ ကျောင်းမုန့်ဈေးတန်းရောက်လာပြန်တော့လည်း အတန်တန် တားထားတဲ့ကြားက ခိုးဝယ်လာပြန်ပါတယ်။ သူ အဲဒီလို အကောင်တွေ ယူလာတိုင်း လူကြီး တွေကတော့  ဆူကြပူကြပေါ့။ နောက်တော့လည်း သံယောဇဉ်နဲ့ လူသားတွေဆိုတော့ သူပစ်ထားသမျှ အဖွားက ငါးရေကန်လဲပေးရ၊ အဖိုးက ကြွက်အိမ်ကို ဆေးကြောပေးရနဲ့ ဖြစ်ကုန်ကြပါတယ်။ ကျမကလည်း သူ့ငါးလေးတွေအတွက် ငါးစာလေးတွေ၊ ကြွက်ကလေးစားဖို့ နေကြာစေ့လေးတွေ ၀ယ်ပေးရတာနဲ့ပေါ့။ 

တစ်ခါ ကျမအဖေ နယ်မြို့ကနေ ကြက်တူရွေးတစ်ကောင် ခေါ်လာခဲ့ပြန်ပါသေးတယ်။ အိမ်မှာ နေရတဲ့ မေမေကတော့ စိတ်တွေညစ်လို့။ တခြားသူတွေကတော့ မနက်မိုးလင်း ညနေ မိုးချုပ်ခါနီးမှ အိမ်ပြန်လာကြတာဆိုတော့ ကိုယ့်မျက်စေ့အောက် အမြင်မတော် အကုန် လိုက်လုပ်ရတော့မှာကိုး။ ရွှေခဲ အိမ်မှာ ဗိုလ်ကျလို့ မကြာလိုက်ပါဘူး။ ဒီဒီ ဆိုတဲ့ အမွှေးစုတ်ဖွားနဲ့ ခွေးမလေးတစ်ကောင်ကို ကျမ အကိုက ခေါ်လာပြန်ပါသေးတယ်။ မေမေတစ်ယောက်ထဲ အိမ်မှာ ကျန်နေခဲ့တော့ အဖော်ရအောင်လို့တဲ့။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ အစကတော့ မေမေလည်း စိတ်တွေ တော်တော်ညစ်လို့ပေါ့။ နောက်တော့လည်း အဖော်လေးရတော့ ပြန်မပေးဖြစ်လိုက်တော့ဘဲ ဆက်မွေးဖြစ်ထားရပါတော့တယ်။

ငါးမှန်ရေကန်၊ ကြက်တူရွေးလှောင်ချိုင့်နဲ့ ကြွက်အိမ်ကို ဖေဖေတို့ အိမ်အပြင်ဘက် ၀ရန်တာမှာ ထုတ်ထားပါတယ်။ ဒီဒီ ကတော့ အိမ်တွင်းဗိုလ်ဖြစ်နေတော့... ကျန်တဲ့ တိရိစ္ဆာန်တွေအတွက် အတော် အနေကျုံ.သွားရပါတယ်။ နောက် ရွှေခဲလည်း ပျင်းရိငြီးငွေ့ပြီး သူ့လွတ်မြောက်ရာကို လှောင်အိမ်ဖွင့်ပြီး ထွက်ခွာသွားပါတယ်။ ကျမသာကြီးကတော့ ထုံးစံအတိုင်း ငိုကြွေးရင်းနဲ့ပါပဲ...။ နောက်တစ်ခါ... သူ့ ကြွက်ဖြူလေးကလည်း လှောင်အိမ်က လွတ်ထွက်လာတုန်း ဒီဒီ ကိုက်ခံထိပြီး သေသွားခဲ့ရပြန်ပါတယ်။ ကျမကတော့ သူ့ကို ကျမတို့အိမ်ကိုတော့ ဘာအကောင်မှ ခေါ်မလာခဲ့ဖို့မှာထားခဲ့တော့... ယူမလာခဲ့ပါဘူး။ ဖြစ်ချင်တော့ သူ့ငါးမှန်ကန်ကလည်း အက်ကြောင်းပေါ်ပြီး ရေတွေ စိမ့်ထွက်လာတော့ သူ့ငါးတွေ ကျမတို့ ရေချိုးခန်းက မသုံးပဲထားတဲ့ ရေကန်ထဲ လာထည့်ထားပါတော့တယ်။ အစက နှစ်ကောင်၊ သုံးကောင်၊ နောက်တော့ အကုန်လုံး ဒီဘက်အိမ်ကန်ထဲ ရောက်နေပါပြီ။ ကိုယ်က မမြင်ရင်သာ ကရုမစိုက်ဖြစ်တာ...။ ရေချိုးခါနီး ရေကန်ထဲ ကြည့်ဖြစ်တိုင်း ငါးမျိုးရောင်စုံက ကူးခတ်ဆော့ကစားလို့။ တခါတခါလည်း အစာလာမျှော်နေလို့။ 

သားကြီးမွေးနေ့မှာ hamster ၀ယ်ပေးမယ်လို့ ကတိရှိခဲ့လေတော့ ပြီးခဲ့တဲ့လ သူ့မွေးနေ့တုန်းက သူ့အတွက် တစ်ကောင်၊ ကလေးတွေအတွက်လည်း တစ်ယောက် တစ်ကောင်စီ ၀ယ်ပေးလိုက်ရပါတယ်။ သူတို့စားဖို့ အစားအစာ၊ ရေဗူး၊ အိပ်ဖို့ လိုအပ်တာတွေ၊ bath sand တွေပါ တခါတည်း ၀ယ်လာခဲ့ရပါတယ်။ မေမေကတော့ သူ့တာဝန်မကျအောင် ဒီဒီ ကိုက်လိမ့်မယ်၊ ဟိုဘက်အိမ်မှာထားဆိုလို့  ကျမတို့အိမ်ဘက် အလှည့်ကျပါတော့တယ်။ 

ကျမတို့အိမ်ရောက်ပြီး သိပ်မကြာပါဘူး၊ အလှဆုံးအကောင်လေး (ဈေးလည်း အကြီးဆုံး) သေသွားရပါတယ်။ ဘာဖြစ်လို့လဲတော့ သေချာမသိရပါဘူး။ ခုံပေါ်တင်ထားတဲ့ သူတို့အိမ်က ပြုတ်ကျပြီး တခုခုနဲ့ ခိုက်မိ သေသွားတာထင်ပါတယ်။ ထုံးစံအတိုင်းပဲ သားကြီးက ငိုပြန်ပါတယ်။ အငယ်နှစ်ယောက်ကတော့ အေးဆေးပဲ။ စိတ်မကောင်းဖြစ်လဲ ခဏဆို ဆော့ကစားလို့ မေ့သွားကြတာပါပဲ။ သားကြီးကတော့ စိတ်တော်တော်နုတယ်၊ စိတ်ပျော့တယ် ထင်ပါတယ်။ ငယ်ငယ်တုန်းက သေသွားတဲ့ ခွေးတွေတောင် သတိရရင် မျက်ရည်လေးဝဲ ၀မ်းနည်းတတ်သေးလို့....။  ကျမကတော့ ပြောထားတယ်။ မင်း အဖေ့လို စိတ်ထားတတ်အောင် နေစမ်းပါလို့။ သိပ်ပြီး ခံစားမနေနဲ့၊ မင်းခံစားတတ်ရင် ရှေ့လျှောက် မင်းပဲ ငိုရဦးမှာလို့။  သူ့အဖေက စိတ်ထားပျော့ပြောင်း နူးညံ့ပါတယ်။ ဒါပေမယ့် ခံစားမှု သိပ်မရှိတာလား။ ဥပေက္ခာတရားကို နှလုံးသွင်းထားနိုင်တာလို့ပဲ ပြောရမလား မသိတော့ပါဘူး။ ကျမကတော့ ကိုယ်မနေတတ်တဲ့ သူ့သဘာဝကို သိပ်သဘောကျတယ်။ ကျမသာ သူ့တစ်ဝက်လောက် အဲဒီလို စိတ်ထားတတ်ရင် တော်တော် စိတ်ချမ်းသာရမယ်ထင်တယ်။ 




ခုလည်း ကိုယ့်မျက်စေ့ရှေ့ရောက်နေတဲ့ ဟမ်းစတားလေးတွေကို သံယောဇဉ်ဖြစ်နေရပြီ။ မနက်မိုးလင်းတာနဲ့ သူတို့လှောင်ချိုင့်တံခါးဖွင့်ပေး၊ လူသံကြားရင် ပြေးလာတဲ့ သူတို့လေးတွေကို မုန့်ကြွေး၊ ရေတိုက်၊ ပြီး မခံချင်အောင် စ။ လုံးထွေးထွေး အမွှေးနုနုလေးကို ပွတ်ပေးပေမယ့် သူတို့လှမ်းကိုက်မှာကိုလည်း သတိထားရသေးတယ်။ ရောက်ခါစက သူတို့ကို နောက်ဖေးမှာ ဒီအတိုင်းပဲထားတော့ သူတို့ မပျော်ကြဘူးထင်ရဲ့။ မဆော့ပဲ တချိန်လုံး အိပ်နေတော့တာပါပဲ။ အမွှေးကလည်း စုတ်ဖွားဖွားနဲ့ မလှမပ။ နောက် internet ထဲမှာ သူတို့အကြောင်းတွေ သွားရှာဖတ်ကြည့်တော့ .... သူတို့ပျော်အောင်လည်း နီးနီးကပ်ကပ်နေ၊ စကားလေး ဘာလေး ပြောပေးရတယ် ဆိုပဲ။ ဟုတ်သား...။ တိုးတက်လာတယ်...။ ကစားစရာတွေနဲ့ ကစားတယ်။ ပြေးတယ်။ စားတယ် သောက်တယ်၊ သူတို့ အမွှေးလေးတွေလည်း ပြောင်ပြောင်ရောင်ရောင်နဲ့ နေမကောင်းတဲ့ လက္ခဏာလည်း မရှိကြတော့ပါဘူး။ အိမ်အသစ် ပတ်ဝန်းကျင်အသစ်မှာ ပျော်လာနေပြီထင်ပါရဲ.။

အင်း.... လူတွေသာ မဟုတ်ဘူးနော်..။ဒီလို တိရိစ္ဆာန်သေးသေးလေးတောင်မှ ကိုယ့်ဂရုစိုက်တာ၊ အသိအမှတ်ပြုတာ ခံချင်ကြသေးတာပဲ။ အဲဒီအချက်ကိုက ဘ၀ရဲ့ လိုအပ်ချက်တစ်ခု၊ အသက်ရှင်သန်ဖို့အတွက် အထောက်အကူပြုတဲ့ အချက်တစ်ချက်လည်း ဖြစ်နေပြန်သေးတယ် ထင်တယ်နော်။    ။

Comments

Popular posts from this blog

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...

သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)

ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။