Skip to main content

မြို.ထဲသိုတစ်ခေါက်....

အခုတလော စာရေးရတာ အဆင်မပြေပါဘူး။ ရေးလက်စတန်းလန်း စက်က ရပ်သွားတာတို့၊ ultrasurf connection failed ဖြစ်သွားတာ မသိလို့ publish လုပ်လိုက်မိကာမှ ရေးသမျှအားလုံး ပျောက်သွားပါလေရော.. ဒီကြားထဲ ခိုးရေးတာမျိုး မဟုတ်ပေမယ့် ကိုယ့်ကို မကြည်အကဲနဲ. ချက်နေတဲ့ ကျမရဲ. ဒါရိုက်တာကိုလည်း အရိပ်အကဲ ကြည့်နေရပါသေးတယ်။ ဘာမှတော့ မပြောပါဘူး။ သက်ပြင်းတွေ ချမယ်၊ ခေါင်းတွေ ကုတ်မယ်။ အနားမှာ ဟိုလျှောက်သည်လျှောက်လုပ်မယ်...။ ဟိုဟာလုပ်ပါလား... သည်ဟာလုပ်ပါလား လာပြောမယ်။ ကြာတော့လည်း အာရုံတွေ နောက်လာကာ ဘယ်တွေရောက်လို့ ဘာတွေ ရေးရမယ်မှန်းမသိတော့။  

 ဒီနေ့တော့ ကိစ္စလေးတစ်ခုရှိတာနဲ့ မြို့ထဲ ဆင်းဖြစ်ပါတယ်။ နေ့လည်စာကို မြို.ထဲမှာပဲ စားမယ်ဆိုပြီး နဲနဲ သန့်သန့်ရှင်းရှင်း ရှိမယ့် ဆိုင်လိုက်ရှာကြရပါတယ်။ အရင်ကလို လမ်းဘေးဆိုင်ထိုင်စားရတာ ကို စိတ်ထဲ သိပ်မသန့်ချင်တော့....။ အဲဒါနဲ့ အတွေးက တဆက်တည်း ကျောင်းတုန်းက လမ်းဘေးမှာထိုင် ၀က်သားတုတ်ထိုး စားလိုက်၊ လမ်းဘေးအထမ်းသည်အသုပ်ဆိုလည်း ထိုင်စားတတ်တဲ့ ကျမတို့၊ နေ့ကျောင်းသူ သူငယ်ချင်းတစ်ယောက်ရဲ. ချစ်သောကိုကိုက လမ်းဘေးစာ ဘယ်တော့မှ မစားဘူးလို့ သူမပြန်ပြောပြတော့ တအံ့တသြ ဖြစ်တာနဲ့အတူ ကြီးကျယ်လိုက်တာဆိုတဲ့ အတွေးတွေ.. သူ..လမ်းဘေးက ၀ယ်စားတာတော့ ရှိတယ်တဲ့ .. အဲဒါက...ငှက်ပျောသီး...တဲ့ ဆိုလို့ ခွီးကနဲ ရယ်ခဲ့ကြရသေးတာကိုလည်း အမှတ်ရမိလိုက်သေးရဲ့။

ခုချိန်မှာတော့ ကလေးတွေတန်းလန်း တန်းလန်းနဲ့မို့  လမ်းဘေးဆိုင် မထိုင်ဖြစ်ခဲ့တာလည်း ကြာပါပြီ။ အခြေအနေတွေ ဆိုင်တွေ ပြောင်းလဲနေပေမယ့်  နှစ်ယောက်တည်းတွေတုန်းက မြို.ထဲရောက်တိုင်း စားဖြစ်ခဲ့တဲ့ ပန်းဆိုးတန်းပတ်ဝန်းကျင်က ၀က်သားခေါက်ကင်နဲ့ ထမင်းပေါင်း ကို ရောက်တုန်း စားဖြစ်ဖို့ အားခဲရင်း ချီတက်လာကြတာပေါ့..။ 

လှေကားအဆင်းအတက်တွေကို ပိတ်ပြီး ဆိုင်လုပ်ထားတဲ့ ထမင်းပေါင်းဆိုင်လေးတစ်ဆိုင်တွေ.ပါတယ်။ ကဲ... အထဲကလည်း မှောင်လို့... စားတဲ့သူတွေကတော့ အပြည့်။ လှည့်ပြန်ချင်တဲ့ စိတ်ကို အတင်းပြန်တည့်၊ “ အပေါ်မှာ ပန်ကာတွေ ရှိပါတယ် အမရဲ့.... အေးပါတယ်... နေရာတွေ ရှိသေးတယ်” ... ဒါနဲ့ပဲ သူ့ သူ့နောက်ကနေ တက်လာခဲ့ပါတယ်။ အပေါ်က တစ်ထပ်မှာတော့ ဖွင့်ထားတဲ့ ပြတင်းပေါက်တွေကနေ လေလေး တဖြူးဖြူး နဲ့ အုပ်စုတစ်စုက စားသောက်နေရင်း ဇိမ်ကျလို့...။ ကျမတို့က အလယ်ထပ်မှာ... အင်း... မသုံးတော့ပြီဖြစ်တဲ့ လှေကားကို ပိတ်ပြီး လှေကားတစ်ဆစ်ချိုးနေရာလွတ်တွေမှာ စားပွဲအဖြစ်သုံးတဲ့ သစ်သားတန်းတွေ ထားပြီး ထိုင်ခုံတွေ ချပေးထားတာပါ။ တွေးမိနေသေးတယ်..။ အရင်ခေတ်က တိုက်တွေမို့လို့ လှေကားဧရိယာက အဲလောက်ကျယ်နေတာ.. ခုခေတ်တိုက်တွေဆို လူချင်းရှောင်တာတောင် အသက်ရှုအောင့်ထားပြီး မနဲရှောင်နေရတာလေ။ ....  ပန်ကာနှစ်ခုကလည်း တစ်ဖက်တစ်ချက်မှာ ဖွင့်ထားတော့ လေ၀င်လေထွက်လေးကောင်းလို့ တော်သေးတာပေမယ့် အောက်ထပ်က တက်လာတဲ့ မီးခိုးတွေကတော့ မျက်စိတွေ စပ်လို့....။ 

အစားအသောက်ဆို အမြဲ ပိုမှာတတ်တဲ့ အမျိုးသားက ထမင်းပေါင်း နှစ်ပွဲ၊ အသားအခေါက် တစ်ပွဲနဲ့ လိုက်ပွဲတစ်ပွဲ တစ်ခါတည်း မှာလိုက်ပါတယ်။ အမျိုးသားကတော့ ဗိုက်ပဲဆာနေတာလို့လား မသိ၊ တစ်ပွဲပြီး တစ်ပွဲ စားလိုက်တာ.. ဒါကြောင့် အခုတလော သူလည်း လေးဆယ်ကျော် ဗိုက်ထွက်စ ပြုနေပြီလေ..။(အဟဲ..ဟုတ်တာပဲဟာကို)။ အင်း.... အသက်က စကားပြောလာတာ ထင်ပါရဲ့။ ၀မ်းမီးတောက်ခဲ့တဲ့ အချိန်တုန်းကတော့ သူများတကာ ညည်းညူခဲ့ရတဲ့ အဆောင်ထမင်းဟင်းကို မငြီးငွေ့ပဲ စားခဲ့တဲ့ကျမ၊ ထမင်းစားဖို့ ဘဲလ်မတီးသေးလို့ ထမင်းစားဆောင် မဖွင့်သေးခင် အပြင်ဘက်က ထိုင်ခုံတန်းမှာ ထိုင်ပြီး ဇွန်းခက်ရင်းလေးကိုင်ရင်း စောင့်ကာ အစားသောင်းကျန်းခဲ့တဲ့ ကျမ၊ .... အခုတော့လည်း... ဒါတွေ ဒါတွေ...ပြီးခဲ့ပါပြီ။

စားသောက်ပြီးတော့ သူက ပတ်စ်ပို့ ရုံးဘက် ဆက်လက် ချီတက်၊ ကျမကတော့ “အမေ့အိမ်”ထဲ ၀င်ပြီး စာအုပ်တွေ အေးအေးဆေးဆေးကြည့်ပေါ့။ နာရီဝက် တစ်နာရီလောက်ကြာတော့ သူ ကိစ္စ၀ိစ္စတွေလည်း ပြီးပြီဆိုတော့.... ကားရပ်ထားတဲ့ဆီ အပြန်မှာ ရေခဲခြစ်သည်တွေ့တာနဲ့ ဆယ်တန်းလောက်တုန်းက ကျောင်းမှာ ကျမတို့ အုပ်စု စားနေကျ ရေခဲခြစ်ကို စိတ်က ဖျတ်ကနဲ သတိရမိလိုက်ပါရဲ.။ ဒါနဲ့ စားချင်တယ်လို့ ပြောတော့ အေးလေ.. စားတဲ့..။ ကလေးတွေ မရှိတုန်းစားရတာကိုး။ ကလေးတွေကိုဆို ချောင်းဆိုးမှာစိုးလို့  ဘယ်တော့မှ ၀ယ်မကျွေးဖြစ်ခဲ့ပါဘူး။

အရင်ကလို တုတ်နဲ့မဟုတ်ပဲ ခွက်နဲ့ ဖြစ်နေတော့ တုတ်နဲ့ ရေခဲခြစ်မရဘူးလားမေးမိတာ... ရေခဲခြစ်သည်လေးက တုတ်ခေတ် မရှိတော့ဘူးအန်တီတဲ့... အင်း .. တို့တွေလည်း တော်တော် အသက်ရနေပေါ့...။ ခေတ်ကပဲ ပြောင်းသွားတာလား၊ လျှာကပဲ ဟောင်းသွားတာလားတော့ မသိ၊ အရင်တုန်းကလို အရသာတွေ မကောင်းတာတော့ အမှန်ပါပဲ။ 

ဒါတွေကတော့ ၀ယ်လာဖြစ်တဲ့ စာအုပ်နှစ်အုပ်ပါ။

Comments

မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း စာအုပ်လေးလိုချင်လို့ မျှပါလား?

Popular posts from this blog

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...

သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)

ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။