Skip to main content

ကျမ မမြင်ချင်တော့သော အပိုင်း (၃)

ကျမချစ်တဲ့ မြန်မာပြည်မှာ နေတာ စိတ်ညစ်ဖို့ ကောင်းတယ် ဆိုတာ ဒါမျိုးတွေကြောင့်ပေါ့။

ခုလေးပဲ.. အိမ်ရှင်တို့ ဆိုပြီး ခြံတံခါးကို ၀ုန်းဒိုင်း လာကျဲသွားတယ်။ လူတွေကလည်း ရပ်ကွက်လူကြီးလိုလို..၊ အာဏာပိုင်တွေကလိုလို၊ အလိမ်ခံ အညာခံရတာတွေ များလာတော့ အိမ်လာအလှူခံတဲ့ လူတွေဆိုရင် အထဲကနေသာ ချောင်းကြည့်ပြီး အသာငြိမ်နေဖြစ်တာ များတယ်။ ကလေးတွေကတော့ လူလာရင် အပြင်ပြေးထွက်တတ်လို့ သူတို့ကို အမြဲ တားနေရတယ်။ ဘုမသိ ဘမသိ ပြောချင်တာတွေ စွတ်ပြောလိုက်မှာစိုးလို့...။ 

ခုလာတာက လျှပ်စစ်ရုံးကလို့တော့ ပြောတယ်။ ဘာယူနီဖောင်းမှ ၀တ်မလာဘူး။ အိမ်မှာ တပ်ထားတဲ့ မီတာ နှစ်လုံးမှာ တစ်လုံးကတော့ အဖုံးပါတယ်..။ တစ်လုံးကတော့ အဖုံးမပါလို့ လာစစ်ရင် ပြဿနာတက်မယ် ဘာညာပြောတော့ အိမ်ကို ရောက်နေတဲ့ အစ်ကိုက လာပြောတယ်။ သူတို့ကို တပ်ခိုင်းရင် ငါးထောင်ပဲ ပေး။ ခုချက်ချင်း လာတပ်ပေးမယ်တဲ့။ အစ်ကိုဆိုတာကလည်း မလည်မ၀ယ်ရယ်..။ ကျမက ငွေငါးထောင်ကို နှမြောတာမဟုတ်ပေမယ့် အဲဒီလို လုပ်စားတာမျိုးကိုဆို စိတ်ထဲ သိပ်မကျေလည်ဘူး။ ဒါက ကျမရဲ့ သံသယ ပြဿနာ။ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်သွားတာမျိုးလည်း မဟုတ်။ ယူနီဖောင်းလည်း မပါ၊ ခြိမ်းခြောက်ပြီး တောင်းဆို အေးဒမြ တိုက်နေတာတွေကို  ကျမတို့ ပြည်သူတွေ ခံရတာ များနေပါပြီ။ ကိုယ့်အိမ်ထဲမှာ ကိုယ်နေပြီး အိမ်ပေါက်ဝ ဧည့်သည်ရောက်ရင် ရင်ထိတ်နေရတာမျိုး...။ အခုလည်း သီတင်းကျွတ်ခါနီးပြီဆိုတော့ အလှူခံတွေက တယ်ပေါလာတာလည်း ဖြစ်နိုင်ပါတယ်လေ..။

အဲဒါ တစ်နေရာထဲမှာ မဟုတ်တော့ဘူး။ နေရာအနှံ့ပါပဲ။ လုပ်ပိုင်ခွင့်ရှိသူတွေက ကိုယ့်ခွင်ထဲ ရောက်တာနဲ့ လက်မလွတ်စတမ်း၊ ချော့တောင်း၊ ခြောက်တောင်း၊ ညစ်တောင်း.... မြှောက်တောင်း။ ဘာပဲပြောပြော ပေးရတာချင်းအတူတူဆိုရင်တောင် ချိုချိုသာသာနဲ့ ချော့မော့ မြှောက်တောင်းခံရတာ တော်သေးတယ် ထင်တာပါ။ အခုကျတော့ ဟောက်စား၊ ခြောက်စားတွေက များနေပါပြီ။

အစိုးရနဲ့ ပတ်သက်တဲ့ ရုံးတွေသွားဖို့ကိုဆို ကျမ ခြေလှမ်းတွေက နောက်ပြန်သာ ပြေးလိုက်ချင်တော့တာပါပဲ။ အမျိုးသားကတော့ ပြောတယ်။ ဘာမှ မပေးပဲ နေလို့ ရပါတယ်။ ထိုင်သာ စောင့်နေ..။ ကိုယ့်နောက်က လူတွေ ကိုယ့်ကို ကျော်တက်သွားမယ်... ကိုယ့်အလှည့် ဘယ်တော့ရောက်မလဲ.. သွားမမေးလေနဲ့။ အရေးတယူ ဖြေချင်တဲ့သူ မရှိပါဘူး။ အဲဒီလို ရုံးတွေသွားရင် အမြဲတမ်းပြောင်းနေတဲ့ သူတို့ရုံးတွေရဲ. လုပ်ထုံးလုပ်နည်းတွေ မသိရကောင်းလား အဟောက်တောင်ခံလိုက်ရဦးမယ်။ အဲ.. သိပ်အ နေတဲ့ ပုံပေါက်နေရင်တော့ လိုင်းရှိတယ်.. လိုင်းဝင်ရင် မြန်တယ်ဆိုပြီး သတင်းပေးပါလိမ့်မယ်။  

တခါတခါ ကိုယ်တွေက စောင့်နေတုန်း သူတို့တွေက အရှေ့တည့်တည့်မှာ...။ သူတို့ကတော့ ပြန်ဖို့ ပြင်ဆင်၊ အလှအပတွေ လုပ်၊ ရထားတဲ့ ဝေစုတွေများ ခွဲဝေခြမ်းနေလိုက်ကြတာ.. ရှေ.က လူငုတ်တုတ်တွေကိုတောင်မှ လူရယ်လို့ မသတ်မှတ်တော့သလိုပါပဲ...။ 

ခြတက်နေတာက အောက်ခြေကပဲ စ လာတာလား၊ အိမ်ခေါင်မိုး ထုတ်တန်းတွေကပဲ စပြီးဆင်းလာတာတော့ မသိ။ ကျမတို့ အိမ်ကြီးလည်း တစ်လုံးလုံးကို ခြစားထားလို့ မွနေပါပြီ။ အူမ မတောင့်လို့ သီလ မစောင့်နိုင်ခြင်းလား၊ ကိုယ်ကျင့်သီလဆိုတာ ဒီခေတ်ကြီးထဲမှာ ဆွေးမြေ့နေတဲ့ စကားလုံး ကလီရှေးများ ဖြစ်သွားပြီလားပဲ.. အူချာချာအတွေးတွေနဲ့ပဲ ကျမတစ်ယောက်တည်း အီလည်လည် ကျန်ရစ်ခဲ့ရပါတော့တယ်။

Comments

Sonata Cantata said…
အဲ့ဒိ ရုံးပြင်ကန္နား တွေကတော့ မြန်မာလိုပြောနေတာတောင် သူတို့ပြောတာတွေ တို့နားမလည်လို့ စိတ်ပိန်ခဲ့ရပေါင်းများလှပေါ့။ ပန်းဆိုးတန်းက အခွန်နဲ့ဆိုင်တဲ့ ရုံးတစ်ရုံးမှာ အလှူခံပလတ်စတစ်ခွက်လေးတွေချထားတဲ့ စားပွဲတွေကို တစ်ခုပြီးတစ်ခု ဖြတ်ကျော်ပြီးမှ အရာရှိရဲ့ စားပွဲရှေ့ရောက်သွားပါတယ်။ တို့ကို နှုတ်ဆက်လိုက်တဲ့စကားက ညီမလေးက ဒီရုံးမှာ အသိရှိလားတဲ့။ တို့လည်း မရှိပါဘူး လို့ ဖြေပြီးမှ သူဘာမေးလို့ ငါဘာဖြေမှန်းမသိပါလား ဆိုတာ ဆက်တွေးမိပြီး ???
tg.nwai said…
ဟုတ်ပါတယ်TDရေ..။ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက် စိတ်ချမ်းသာစေဖို့ကို မစဉ်းစားနိုင်ပဲ ဘယ်လိုညှစ်မှထွက်မယ် ဆိုတာ စဉ်းစားနေကြတာတော့ ရင်နာစရာပါပဲ။

Popular posts from this blog

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...

သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)

ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...

အဝေးမြင် အနီးမှုန်....(နောက်ဆုံး)

အနီးမှုန်.. “မောင် ဒီနေ့ meeting ရှိုလို့နောက်ကျမယ်နော်…သီရိ..” “အော်…ဟုတ်.. သီရိလည်း ခိုင် ရန်ကုန်ရောက်တုန်း အိမ်လာလည်မယ် ဆိုလို့ စောင့်နေတာ… ဘယ်မှာလုပ်မှာလဲ.. meeting က..” “ ရုံးမှာပဲသီရိရေ.. နိုင်ငံခြားသားတွေပါမယ်.. ပြီးရင်တော့ တခုခုလိုက်ကျွေးရမှာပေါ့..” “ ဘယ်ဆိုင်မှာလဲ..မောင်..” “ အနီးအနားက အေးအေးဆေးဆေးဆိုင်မျိုးပဲ ဖြစ်မှာပါ.. ဒါလည်း မသေချာသေးပါဘူး… ကိုယ် ဖုန်းဆက်မယ်လေ..” “ ဟုတ်… အပြန်ကျ ခေါက်ဆွဲကြော်ဝယ်လာခဲ့နော်မောင်..ကလေးတွေ စားဖို့..” “ အင်း..အင်း..ဟုတ်ပြီ..ဒါပဲနော်” ခိုင့်ကို အိမ်ပြန်ပို့ပေးပြီးအပြန် စင်တင်တေးဂီတရှိသည့် ဆိုင်တစ်ဆိုင်ရှေ့မှာ သူမရဲ့မောင့်ကားကို လှမ်းတွေ့လိုက်သည်။ သူမ အဲဒီဆိုင်အပြင်ဘက်ရောက်နေမှန်း မောင်သိရင် အံ့အားသင့်သွားစေချင်သည်။ နောက်ချင်စိတ်ဖြင့် ဆိုင်အပြင်ဘက်မှာ ကားရပ်ပြီး သူမ မောင့်ဖုန်းကို လှမ်းခေါ်လိုက်သည်။ ချက်ချင်း မကိုင်သေး။ တော်နေကြာမှ ဟဲလို..ထူးသံကြားသည်…။ “မောင်..ဘယ်မှာလဲဟင်” “ ဧည့်သည်တွေကို ထမင်းလိုက်ကျွေးနေတယ် သီရိ” သူမ မောင့်ကို ဆိုင်အပြင်ဘက် လှမ်းထွက်လာတာမြင်လိုက်ရသည်.. “ဘယ်ဆိုင်မှာလဲ ..မောင်ရဲ့” “ အဲ..မီလျံကွိုင်မှာ….” “ သီချင်းသံတွေ ကြားနေ...