Skip to main content

ကျမ ဘလော့ဂ်သူ...။

အင်း.. ကျမလည်း ဘလော့ဂ်လောကထဲ ရောက်လာတာ ဘာလိုလို ညာလိုလိုနဲ့ ဘလော့ဂ်သူ လုံးလုံးလေးတောင် ဖြစ်တော့မယ်။ (ကွန်ပျူတာရှေ့အထိုင်များပြီး ၀ိတ်တက်လာလို့).....။

ပြောရရင်တော့ ကျမ ဘလော့ဂ်လုပ်ဖြစ်တာ မင်းသား ဒွေးနဲ့လည်း ဆိုင်တယ်ပြောရမှာပဲ။ (.???)...အရင်တုန်းကတော့ အင်တာနက်သုံးနေပေမယ့် ကြည့်ဖြစ်တဲ့ မြန်မာစာမျက်နှာတွေက ခပ်နည်းနည်းရယ်။ ဧရာဝတီတို့၊ ခေတ်ပြိုင်တို့.. ဒီလောက်ပဲ ကြည့်ဖြစ်ခဲ့တာကိုး။ မြန်မာဘလော့ဂ်တွေ အဲဒီလောက်များနေမှန်း အဲဒီမတိုင်ခင်က တကယ့်ကို မသိခဲ့ပါဘူး။ အဲဒီနေ့မနက်က အပြင်ထွက်တံခါးပိတ်တော့ ဖေဖေက အပေါ်ဖက် ၀ရန်တာကနေ လှမ်းပြောတယ်။ ဒွေး ဆုံးသွားပြီနော်... တဲ့။ ကျမ အံ့သြသွားတယ်။ ထပ်မေးမိလိုက်တယ်.. မင်းသားဒွေး လားဆိုတော့.. ။ ဖေဖေက ကျမကို လှမ်းစ တယ်။ ညည်းတို့ အင်တာနက်က ငါ့ VOA လောက်တောင် မမြန်ပါလားတဲ့။ သူက သတင်းအရင်သိရတယ် ဆိုပြီး သဘောတွေကျနေလို့ပေါ့..။

 ကျွတ်... ငါတော့ ဒီတခါတော့ နောက်ကောက်ကျသွားရပြီဆိုပြီး ကွန်ပျူတာ မြန်မြန်ဖွင့် အင်တာနက်ဆက်.. အဲဒီတုန်းက ကွန်နက်ရှင်က ကွန်ပလိန်းလုပ်ထားကာစမို့ ထင်တယ်။ ထပ်ကနဲ တန်းဆက်သွားတာပဲ။ ဒါနဲ့ ဂူးဂဲလ် ကနေ ရှာလိုက်တာ ထွက်လာတယ်..။ ဘလော့ဂ်တွေအများကြီးမှာမှ..။ သူတို့အညွှန်းတာက..တစ်ခုသော ဘလော့ဂ်ဆီ.. ။ အဲဒါကတော့ မမေဓာဝီ ဘလော့ဂ်ရဲ.စာမျက်နှာလေး။

အဲဒီရောက်တော့မှ တွေ့လိုက်ရတဲ့ မှတ်ချက်တွေ အများကြီးပါပဲ..။ ဒီကြားထဲ အခြေအတင် စကားများတာတွေလည်း တွေ့ခဲ့ရသေး။ အဲဒီလင့်ခ်တွေကနေ သွားလိုက်တော့မှ... အား..ပါး..ပါး...။ မြန်မာဘလော့ဂ်လောကကြီးကို မျက်ဝါးထင်ထင်မြင်လိုက်ရတော့တာပါပဲ။ စ ရောက်ခဲ့တဲ့ မမေဓာဝီရဲ. တွေးမိတွေးရာ လေးက ပို့စ်တွေက ဖတ်လို့လည်းကောင်း ဗဟုသုတလည်း ရစေတဲ့ စာမျိုးတွေမို့ သဘောတွေ ကျမိသလို.. လင်းလက်ကြယ်စင်လေးဆီရောက်ပြန်တော့လည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ထက်ထက်မြက်မြက်အတွေးအခေါ်နဲ့  အရေးအသားကောင်းတာလေးတွေကို ချစ်မိပြန်ရော..။ မယ်လိုဒီမောင် ပန်ဒိုရာ၊ တို့ကျပြန်တော့လည်း သူတို့ ရေးထားတာလေးတွေ ဖတ်ပြီး စိတ်ထဲကနေ ခင်နေတာလေ။ နောက်ထပ် သွားလည်ဖြစ်ခဲ့တဲ့ နှစ်သက်ခဲ့တဲ့ ဘလော့ဂ်တွကတော့ အများကြီးပါပဲ။


သူများတွေဆီ လျှောက်လည် စာတွေဖတ်ရင်းနဲ့ ဘလော့ဂ်တစ်ခု ပိုင်ဆိုင်ချင်လာပြန်ရော...။ ဒါကတော့ သိပ်မခက်ဘူးလေ။ မြေကွက်ဝယ်သလို လျှောက်လွှာတင်စောင့်နေစရာလည်းမလို၊ ပိုင်ဆိုင်မှု စာရွက်စာတန်းတွေလည်း ရှေ.နေတွေ ဘာတွေနဲ့ စစ်စရာမလို၊ ငွေဖြူငွေမည်း အခွန်အခတွေ ပြနေစရာလည်း မလို။ ပိုင်ဆိုင်ကြောင်း ဂန္ဓီဟောမှာ စာချုပ်ချုပ်စရာမလို။  ဂျီမေးလ်အကောင့်တစ်ခု လုပ်ထားတာနဲ့ ဘလော့ဂ်တစ်ခု ပိုင်ဆိုင်နိုင်တာမို့ မှတ်မှတ်ရရလည်း ဖြစ်အောင် အာဇာနည်နေ့ ၂၀၀၇ မှာ စပြီး ဘလော့ဂ်လေးလုပ်ဖြစ်လိုက်တာ။ သူများတွေလိုတော့ မြန်မာစာပေါ်အောင် ဘယ်လို လုပ်ရမလဲ ဘယ်သိပါဦးမလဲ.. ကျမက ဘလော့ဂ် ၀လုံးတန်းသူလေ။ 

ကိုယ့်ဘလော့ဂ်နုနုလေးကို ဒီအတိုင်းပစ်ထားလိုက်ရတာ... သြဂုတ်၊ စက်တင်ဘာတွေမှာတော့ အင်တာနက်မုန်တိုင်တွေကြားမှာ ဟိုဘလော့ဂ်ပြေးလိုက်၊ သည်ဘလော့ဂ်ပြေးလိုက်နဲ့  စာဖတ်သူ သက်သက်သာ ဖြစ်နေခဲ့ရတဲ့ အချိန်တွေပေါ့။ ဘလော့ဂ်ဂါတွေလည်း အသစ်အသစ်တွေရော ထပ်ပေါ်လာပြန်ပါတယ်။ အဲဒီအချိန်တုန်းက ဖတ်ဖြစ်တာတွေကတော့ သူများတွေ အဖတ်များတဲ့ ဘလော့ဂ်တွေပါပဲ။

ဘလော့ဂ်ရပ်ဝန်းနဲ့ နဲနဲ နေသားကျလာတော့ ကိုညီလင်းဆက်ကိုရန်အောင်ကိုမောင်လှနဲ့ စေတန်ဂေါ့ဒ်တို့ရဲ့ ဘလော့ဂ်တွေသွားဖတ်ပြီး နည်းပညာတွေ လေ့လာရပါတယ်။ မြန်မာလို ရေးလို့ရအောင်လို့လေ။ ကျမ လက်ရှိသုံးနေတာကတော့ အလွယ်ဆုံးထင်တာပါပဲ။ ကိုမောင်လှရဲ. ဒိုင်ယာရီကနေ သူပြောထားတဲ့အတိုင်း လိုက်လုပ်လိုက်တာပါပဲ။ သိပ်ပြီး ရှုပ်ရှုပ်ထွေးထွေးတွေလည်း မလုပ်ရဲပါဘူး။ သူ.ဘာသာ အဆင်ပြေနေတုန်းလေး။ လိုအပ်တာလေးတွေတော့ သူတို့ ဘလော့ဂ်တွေမှာ သွားရှာပြီး စမ်းသပ်ရတာပါပဲ။ အဲဒီလို သူတို့တွေက နည်းပညာတွေ ဝေမျှ ကူညီနေကြတာတွေကြောင့်လည်း မြန်မာဘလော့ဂ်တွေ ပိုမိုတိုးတက်များပြားလာရတာလို့ ထင်ပါတယ်။

နောက် မြန်မာလိုတင်လို့ရပြန်တော့ မြန်မာလို မရိုက်တတ်လို့ လက်ကွက်တွေ ကျင့်ရပြန်ပါသေးတယ်။ ကိုယ်ကြိုက်နှစ်သက်တဲ့ ဆောင်းပါးလေးတွေ၊ ဓမ္မလေးတွေကို စာရိုက်ပြီး ရေးတင်ဖြစ်ပါတယ်။ အဲဒီအချိန်ထိ ဘလော့ဂ်ရပ်ကွက်ထဲမှာ သိတာဆိုတာ မမေငြိမ်း ဘလော့ဂ်ပဲ ရှိတာပါ။ စာရေးဆရာမ ဆိုတော့ ကိုယ်က သူ့စာတွေ ဖတ်ဖူးနေတယ်လေ။ သူက ကိုယ့်မသိလည်း ကိုယ်က သူ့ကို သိနေတော့ သိတယ်လို့ပဲ ယူဆလိုက်တာကိုး။

နောက် ၂၀၀၇- နှစ်ကုန်ပိုင်းလောက်မှာပဲ ကျမရဲ. သူငယ်ချင်းတစ်ယောက်ရဲ့ ဘလော့ဂ်စာမျက်နှာသစ် ဖွင့်လာပါတယ်။ ကျမမှာလည်း  ၀မ်းသာအားရ သွားနှုတ်ဆက်လိုက်ရတာပေါ့။ ဟုတ်တယ်လေ..။ ရပ်ကွက်သစ်မှာ ကိုယ်တစ်ယောက်တည်း ယောင်တောင်ပေါင်တောင်ကိုး။ အဲဒီသူငယ်ချင်းကတော့ ကျမ စာရေးတာကို အားပေးလေရဲ့။ ကျမလည်း သူနဲ့ ချက်တင်ပြောတိုင်း မြန်မာလိုရိုက်ရတာ အကျင့်ရပြီး လက်တွေ သွက်လို့လေ..။ စကားပြောချင်လို့တော့ မဟုတ်ပါဘူး။ မြန်မာလို Typing ကျင့်ချင်လို့ Chatting လုပ်ရတာပါ။ :P... 

တဖြည်းဖြည်းနဲ့ ကျမလည်း ကြော်ငြာတွေ ၀င်လိုက်တာ.. ဟဲဟဲ...တစ်ယောက် ပြီး တစ်ယောက်နဲ့ အွန်လိုင်းအဆက်အသွယ်ရှိတဲ့ သူငယ်ချင်းတော်တော်များများကတော့ သိကုန်ပါတယ်။  သူတို့အဖို့တော့ ကျမ ရေးချင်တာတွေ ရေးနေတာကို သူငယ်ချင်းပီသစွာ အားပေးရမယ့် တာဝန်တွေ ပိုသွားရတာတော့ အားနာမိပါရဲ.။ နောက်ထပ်မျက်စေ့လည် လမ်းမှားပြီး ရောက်လာတဲ့ သူတွေကိုလည်း ဒီပို့စ်လေးနဲ့ ကျေးဇူးတင်စကားပြောချင်ပါတယ်။ 

ကျမ ပို့စ်တင်တိုင်း ဘလော့ဂ်ကို လာမဖတ်မှာစိုးလို့ မေးလ်နဲ့ ပို့ပေးရတဲ့ အိမ်က လူကြီးကိုလည်း ကျေးဇူးတင်ဖို့ မမေ့ပါဘူး။ ( စာရေးနေတုန်း လာကြည့်ရင်တော့ အတင်းတွန်းလွှတ်ရတာ..)။ ကိုယ့်အိမ်လေး ရှင်သန်ဖို့ အရေးဟာ.. သူ့မျက်နှာကြည့်နေရတဲ့ ဘ၀လေ..။(  မသိသူတွေယုံလည်း နည်းလားနော်...)


အခုတော့လည်း ကျမမှာ သူငယ်ချင်းတွေ တိုးလို့။ အရင်ကတည်းက သိခဲ့တဲ့ သူငယ်ချင်းတွေရဲ. ဘလော့ဂ်တွေ သွားလည်သလို အခုမှ သိပြီး ထပ်တိုးခင်မင်လာရတဲ့ သူငယ်ချင်းအသစ်တွေဆီလည်း သွားလည်လိုက် ကွန်မက်လေးရေးလိုက်နဲ့.. ကျမ ဘလော့ဂ်သူလည်း  ဘလော့ရပ်ကွက်ထဲမှာ ကျေနပ်စွာ ပျော်လို့ ရွှင်လို့ ပေါ့.....။

Comments

tg.nwai said…
သက်ဝေ said: ဟုတ်တယ်နော်... ပျော်စရာ ဘလော့ဂ်ရပ်ကွက်လေးထဲက ဘလော့ဂ်သူလေးတွေပေါ့... ဒီဘလော့ဂ်လေးတွေကြောင့် မသီတာတို့  သိင်္ဂီတို့  တန်ခူးတို့ လို စက်မှုတစ်ကျောင်းထဲထွက် သူငယ်ချင်း မိတ်ဆွေတွေတိုးပွား ခင်မင်ခွင့်ရတာ...

(စီဘောက်စ်ထဲမှ သက်ဝေ ရေးထားခဲ့သော comment လေးကို ကူးယူတင်ထားပါသည်)
Sonata Cantata said…
အိုရှင့် ဘလော့ဂ်သူ
ဒီဘက်က ဘလော့ဂ်သမ ခေါ်နေပါတယ်။
(စကားပြောချင်လို့တော့ မဟုတ်ပါဘူး။ ခေါ်ချင်လို့ ခေါ်ကြည့်တာပါ။)
tg.nwai said…
ဟုတ်ပါတယ် သက်ဝေရေ.. အပြင်မှာ ခင်ခွင့်ရဖို့ဆိုတာ ရင်းနှီးဖို့ အခွင့်ကြုံဦးမှလေ.. ဘလော့ဂ်ထဲမှာကျတော့ သူ့စာကို ဖတ်ရင်း သူ့ရင်ကို နားလည်ရင်း အလိုလိုကို ခင်သွားတာပဲ။ ကျောင်းက လို့ သိရင်တော့ ပိုပိုလိုလို သံယောဇဉ်အဆစ်ထည့်လိုက်တာပေါ့.. ဟဲဟဲ

ဟားဟား.. သီတာကတော့လေ..။ Rayong မှာတုန်းက တို့သုံးယောက် အိပ်ပုံအိပ်နည်း ဓာတ်ပုံရိုက်ထားတာ ပြန်တင်ရင်ကောင်းမလား.. ဟိဟိ
khin oo may said…
ပျော်ရွင်ပါစေ.
tz said…
မ ရေ....

မလို့ပဲ ခေါ်တော့မယ်နော်.. ပထမဆုံးအကြိမ် လာလည်တာပါ

:) ညီမလဲ မ..လိုပဲ .... ဒွေးနာရေးနဲ့ ပတ်သက်ပြီးမှ blogger ရပ်ဝန်းနဲ့ ရင်းနှီးခဲ့တာ... မမေဓါဝီ ဘလော့ လေးကစပြီး link လေးတွေ ကိုသွားလိုက်တာ..... ဘလော့ မဖတ်ရ မနေနိုင် ဖြစ်သွားတာ....

နောက်လဲ လာလည်ပါ့မယ်...

ခင်မင်စွာဖြင့်
တင်ဇာ
tg.nwai said…
လာလည်ပြီး comment ပါ အချိန်ပေးရေးသွားပေးတဲ့ အတွက် ကျေးဇူးပါ ညီမ တင်ဇာရေ..။ ဘ၀တူတွေပေါ့.. ဟဲဟဲ

Popular posts from this blog

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...

သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)

ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။