Skip to main content

ရှင်သန် ရပ်တည်ဖို့အတွက်....

မနေ့ညက အိမ်အောက်ထပ်ဆင်းတော့ Hamster တွေ အိမ်ထဲကနေ အသံလေးတွေ ထွက်လာလို့ ငုံ့ကြည့်လိုက်တော့.. လက်သန်းလောက်ရှိတဲ့  အမွေးအမျှင်မဲ့ သတ္တ၀ါလေးတွေ.. ညိုတိုတို လှုပ်စိလှုပ်စိလေးနဲ့ သုံး လေးကောင်လောက်တွေ့လိုက်ပါတယ်။ ခုထက်ထိတောင် အကြီးနှစ်ကောင်ကို ဘယ်သူ အထီး အမမှန်းမသိတော့ ဘယ်ကောင်က မွေးတာမှန်းလည်း မသိ၊ ဗိုက်ဖောင်းတာလည်း မတွေ့ရပဲနဲ့... အော်.. ဒီသတ္တ၀ါလေးတွေကျတော့ ဖြစ်တာ ပျက်တာ မြန်ုလိုက်တာနော်.. အဲဒါနဲ့ သူတို့လေးတွေကို ထိုင်ကြည့်နေဖြစ်ပါတယ်..။ နောက်နှစ်ပတ်လောက်ကြာရင် ဘယ်နှစ်ကောင်လောက် ရှင်သန်ကျန်ရစ်မှာတဲ့လဲ.. တွေးမိရင်းပေါ့...။

မနက် မိုးလင်းတော့ သူများတကာ သီတင်းကျွတ် ကျောင်းပိတ်ရက်မှာ  ကျောင်းတက်နေရတဲ့ သားငယ်ကို ကျောင်းသွားဖို့ ပြင်ဆင်ပေးရပါတယ်။ အိမ်မှာ လူစောင့်မရှိလို့ ကျောင်းပိတ်တဲ့ သားကြီးနဲ့ သမီးငယ်ကိုပါ တခါတည်း ပြင်ဆင်ပြီး ရုံးခေါ်သွား..... ထုံးစံအတိုင်း ဗြုတ်စဗြင်းတောင်းနဲ့ ထွက်သွားကြတာ.. ကျောင်းနားရောက်လို့ ဆင်းဖို့ပြင်ဆင်တော့မှ သားငယ်က သူ့ကျောပိုးအိတ်ကို သတိရတယ်.. ဟာ.. ကျန်ခဲ့ပြီ။ ကဲ.. မထူးတော့ပါဘူး.. လူစုံတုန်း Oriental House မှာ dim sum လေး ၀င်စားကြပေါ့..။

အရင်ကလို ၀င်ပေါက်ကနေ စီစဉ်ပေးတဲ့ လူတွေလည်း မတွေ့ရပါဘူး။ လူတွေကလည်း အပြည့်ပါပဲ။ စောင့်တဲ့လူတွေကလည်း ဟိုစားပွဲနား သည်စားပွဲနား မတ်တပ် မတ်တပ်တွေနဲ့။ သီတင်းကျွတ်ကျောင်းပိတ်ရက်မို့ လူစုံတက်စုံ လာစားကြတာထင်ပါတယ်။ စားပွဲထိုး ကောင်မလေးတစ်ယောက်က လမ်းညွှန်ပေးလိုက်လို့ ဘီလ်တောင်းထားပြီဖြစ်တဲ့ စားပွဲနား သွားရပ်စောင့်နေလိုက်ကြပါတယ်။ ဘီလ်လာပြန်တော့လည်း နောက်ထပ်ပါဆယ် ထပ်မှာနေသေးလို့ ထပ်မံစောင့်ဆိုင်းရင်းပေါ့....။ 

ဒီကြားထဲ အန်ကယ်လ်ကြီးနဲ့ အန်တီကြီး နှစ်ယောက် ရောက်လာပြီး  လက်ရှိထိုင်လက်စ လူတွေ မထ သေးတာကို၊ ရပ်စောင့်နေတဲ့ လူတွေလည်း ရှိရက်နဲ့ ခပ်တည်တည် ၀င်ထိုင်ပြီး နေရာယူလိုက်ပါတယ်။ လူကြီးတွေနဲ့ အတင်းလုလို့ကလည်း မသင့်တော်၊ ငါတို့ လူကြီးပဲဆိုပြီး ဗိုလ်ကျတာတော့ သိပ်တော့ မကြိုက်ချင်လှပေမယ့် .. ကိုယ်က ငယ်တော့ လျှော့ပေးလိုက်... ကိုယ့်ထက်ငယ်လို့လည်း လျှော့ပေးလိုက်ပေါ့။ (ဒါမှလည်း မင်္ဂလာတရားနဲ့ ညီမှာကိုး).. အရပ်ရှည်တဲ့ အမျိုးသားကတော့  ကိုယ့်ထက် ရှေ့ရေးကို ပိုမြင်လေတော့ နေရာလွတ်တဲ့နေရာ အပြေးအလွှား နေရာသွားဦးပါတယ်။ မဟုတ်ရင် ကျမကတော့ နောက်တစ်ဆိုင် ပြောင်းစားတော့မှာလေ...။

နေရာရ လို့ ဟန်ကျပန်ကျ ထိုင်လို့ရပြီဆိုတော့ သူက ကျမကို ပြောတယ်.. ခင်ဗျား ဒီလိုပုံနဲ့ မြန်မာပြည်မှာ ဘယ်လို လုပ် စီးပွားရေးလုပ်မလဲတဲ့။ မပြောလည်း သိပြီးသား....။ ငယ်ငယ်ကတည်းက ခုံဦးရတဲ့ ကစားနည်းမျိုးဆို ကိုယ်က အရင်ဆုံး ထွက်ရတာချည်းပဲလေ.. ။ 
စီးပွားရေးဆိုတာကြီးကိုလည်း အစကတည်းက သိပ်စိတ်ဝင်စားလှတာမဟုတ်..။ အမ်ဘီအေ ကိုလည်း  သူက လှုပ်လှုပ်ခတ်ခတ်ဖြစ်လေတော့.. ကိုယ်က သူနဲ့ အတူ စာမေးပွဲအတွက် လိုက်ဖတ်ပေးရင်း ဘာလိုလို ညာလိုလိုနဲ့ တက်ဖြစ်သွားခဲ့တာလေ.. ။ တကယ်တမ်းကျတော့ ကိုယ်နဲ့ မကိုက်တဲ့လမ်းမှန်း မူဆယ်ဘက်ကို Trip ထွက်တော့ သိလိုက်ရပါရဲ့။ ရုတ်တရက် ပေါက်ချလာတဲ့ ဒီအုပ်စုကြီးနဲ့ လမ်းဘေးက ထမင်းဆိုင်လေးမှာ ရှိသမျှ ဟင်းခွက်တွေကို အလုအယက်  တိုးဝှေ့ ဆွဲယူစားသောက်ရပြီးကတည်းက မှတ်သွားတယ်။ အဲဒီတုန်းက လမ်းဘေးမှာ ငိုင်ငိုင်လေးထိုင်ရင်း စိတ်ဓာတ်ကျလို့ပေါ့။ ကျမကတော့ လိုက် မမှီနိုင်ဘူးလေ.. ။ ဒါဝင်ကတော့ ပြောခဲ့သားပဲ....။

"In the struggle for survival, the fittest win out at the expense of their rivals because they succeed in adapting themselves best to their environment." - Charles Darwin  (1809- 1882)

Comments

ThuHninSee said…
မွန်ဆို လက်မြန်တယ်အစ်မ။ ငဖယ်တိုးလေးတိုးလိုက်တာနဲ့
လက်ထဲပါလာပြီ။ :P
ထိုင်ခုံဦးတာတော့ ပဲပျက်လို့မဦးဘူး။
khin oo may said…
ဟုတ်တယ် တို့လဲ အဲလိုဘဲ. လာလုကြရင် နောက်ဆုတ်ပေးလိုက် ရော. ဝင်မလုချင်ဘူး။ အဲဒါနဲ့ဘဲ နေရာ ကို မရပါဘူး။
Taungoo said…
အမကြီးရေ
တစ်ခါတစ်လေတော့ အဲလိုတိုးဝှေ့လုရတာ ပျော်စရာကောင်းတယ်ဗျ။
ဥပမာ ပိုက်ဆံကြဲတဲ့အခါမျိုးလေး။း)
tg.nwai said…
တယ်တော်တဲ. အမွန်ပါလား.. နည်းနာလေးပေးပါဦး...။
ဒါပေမယ့် မမ ခင်ဦးမေနဲ. အဖော်လုပ်ပေးလိုက်ပါဦးမယ်..မမ ကတော့ လက်မသွက်လို့တော့ ဟုတ်ပုံမရပါဘူး။
ပိုက်ဆံကြဲရင်တော့ တောင်ငူသားနဲ. ဝေးဝေးနေမှ...:P
ဒီမှာတော့ food court မှာဆို စားပြီးခါနီး စားပွဲနားမှာ ဝိုင်းပြီးမတ်တပ်ရပ်နေလိုက်တယ်။ နောက်လူ လာလုလို့ မရအောင်လို့။ အရပ်ရှည်တဲ့သူက ရှေ့ရေးကို ပိုမြင်တယ်တဲ့လား။ မှတ်သားသွားပါသည်။
khin oo may said…
တို့ကတော့ အကောင်လေးတွေ သိတ်ကြောက်တာဘဲ.။ ကြည်.တောင် မကြည်.ရဲဘူး။
tg.nwai said…
မချို ပြောသလို နောက်တစ်ခါကျရင် လုပ်လိုက်ဦးမှ...။
မမ ခင်ဦးမေ ကြောက်နေမှာစိုးလို့ ဓာတ်ပုံရိုက်တင်ဖို. အစီအစဉ်ဖျက်လိုက်ပါပြီ..ဟဲဟဲ
မ ရေ… ဒီမှာ အဲဒါတခုတော့ ကောင်းတယ်…
အမြဲတမ်း တန်းစီိစံနစ်ကို... မျှတတာပေါ့နော်…
အဲဒီရှင်သန်ရပ်တည်ဖို့ အတွက် သူစိမ်းတွေကြားမှာ… မ တို့ ကို အားကျလိုက်တာ…

Popular posts from this blog

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...

သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)

ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...

အဝေးမြင် အနီးမှုန်....(နောက်ဆုံး)

အနီးမှုန်.. “မောင် ဒီနေ့ meeting ရှိုလို့နောက်ကျမယ်နော်…သီရိ..” “အော်…ဟုတ်.. သီရိလည်း ခိုင် ရန်ကုန်ရောက်တုန်း အိမ်လာလည်မယ် ဆိုလို့ စောင့်နေတာ… ဘယ်မှာလုပ်မှာလဲ.. meeting က..” “ ရုံးမှာပဲသီရိရေ.. နိုင်ငံခြားသားတွေပါမယ်.. ပြီးရင်တော့ တခုခုလိုက်ကျွေးရမှာပေါ့..” “ ဘယ်ဆိုင်မှာလဲ..မောင်..” “ အနီးအနားက အေးအေးဆေးဆေးဆိုင်မျိုးပဲ ဖြစ်မှာပါ.. ဒါလည်း မသေချာသေးပါဘူး… ကိုယ် ဖုန်းဆက်မယ်လေ..” “ ဟုတ်… အပြန်ကျ ခေါက်ဆွဲကြော်ဝယ်လာခဲ့နော်မောင်..ကလေးတွေ စားဖို့..” “ အင်း..အင်း..ဟုတ်ပြီ..ဒါပဲနော်” ခိုင့်ကို အိမ်ပြန်ပို့ပေးပြီးအပြန် စင်တင်တေးဂီတရှိသည့် ဆိုင်တစ်ဆိုင်ရှေ့မှာ သူမရဲ့မောင့်ကားကို လှမ်းတွေ့လိုက်သည်။ သူမ အဲဒီဆိုင်အပြင်ဘက်ရောက်နေမှန်း မောင်သိရင် အံ့အားသင့်သွားစေချင်သည်။ နောက်ချင်စိတ်ဖြင့် ဆိုင်အပြင်ဘက်မှာ ကားရပ်ပြီး သူမ မောင့်ဖုန်းကို လှမ်းခေါ်လိုက်သည်။ ချက်ချင်း မကိုင်သေး။ တော်နေကြာမှ ဟဲလို..ထူးသံကြားသည်…။ “မောင်..ဘယ်မှာလဲဟင်” “ ဧည့်သည်တွေကို ထမင်းလိုက်ကျွေးနေတယ် သီရိ” သူမ မောင့်ကို ဆိုင်အပြင်ဘက် လှမ်းထွက်လာတာမြင်လိုက်ရသည်.. “ဘယ်ဆိုင်မှာလဲ ..မောင်ရဲ့” “ အဲ..မီလျံကွိုင်မှာ….” “ သီချင်းသံတွေ ကြားနေ...