Skip to main content

သီတင်းကျွတ် အမှတ်တရများ...

သီတင်းကျွတ်ပြီ.......။

ငယ်ငယ်တုန်းကတော့ သီတင်းကျွတ်ရင် မီးထွန်းဖို့.. မီးရှုးမီးပန်းလွှတ်ဖို့ပဲ သိခဲ့တာပေါ့။ မှတ်မှတ်ရရ တစ်ခုသော သီတင်းကျွတ်မှာ အိမ်နားက ဘုန်းကြီးကျောင်းကို ညနေ တရားနာဖို့ မိသားစုတွေ သွားကြပါတယ်။ ညဘက် မှောင်ကြီးထဲမှာ နတ်သားတွေက မီးပုံးလေးတွေ ကိုင်ပြီး ထွက်လာတော့ တအံ့တသြနဲ့.. နတ်သားတွေကို မျက်ဝါးထင်ထင် မြင်ရလို့လေ..။ အဟုတ်ကြီး အောက်မေ့နေခဲ့တာပေါ့။

နောက် ကျမတို့ ငယ်ငယ်က နယ်တွေမှာ သီတင်းကျွတ်ရတာဆိုတော့ နယ်ဓလေ့လေးတွေလည်း ကြုံခဲ့ရဖူးတယ်။ ညဖက်ဆို သူများတွေအိမ်တွေ လမ်းတွေမှာ မီးပုံးမျိုးစုံကို စိတ်ဝင်တစား လိုက်ကြည့်ရတာကိုက သီတင်းကျွတ်ပွဲတော်ရဲ့ ပျော်ရွှင်မှု အရသာတမျိုးပေါ့။ မိဘတွေနဲ့ လိုက်ပြီး လူကြီးမိဘတွေကို လိုက်ကန်တော့တော့ လျှောက်လည်ရတာကိုး။ သဘောကျတာပေါ့။ ပြန်ရတဲ့ မုန့်ဘိုးကလေးတွေကိုလည်း သဘောကျမှာပေါ့လေ။

လွိုင်ကော်လို နယ်မြို့လေး ရောက်ပြန်တော့လည်း ကျမတို့ ဖေဖေက လူကြီးပေါ့..။ ဒီတော့ သူတို့ကို လာကန်တော့ကြတာကလည်း သူတို့ နယ်ဓလေ့လေးတွေကလည်း ချစ်စရာလေးတွေ..။ နောက်ပိုင်း ဖေဖေတို့ အသက်ပိုကြီးလာတော့ (အဲ.. ရာထူးပိုကြီးလာတော့)..ကန်တော့တဲ့ ပစ္စည်းတွေလည်း ပိုတန်ဖိုးရှိကောင်း ရှိလာပေမယ့်.. .အဲဒီအချိန်တုန်းကလို ဖြူစင် သန့်ရှင်း ပြီး ချစ်စရာကောင်းချင်မှ ကောင်းနေမှာပေါ့လေ.. ။

ကျမတို့လည်း သီတင်းကျွတ်လပြည့်နေ့ဆို မောင်နှမတွေ ပြန်စုပြီး မိဘတွေကို ကန်တော့ကြ။ ပြီး ကြီးစဉ် ငယ်လိုက် ကန်တော့ရတော့ ကိုယ့်ကို ကန်တော့ရတဲ့ မောင်လေးကို ဟန်ကြီးပန်ကြီးနဲ့ ဆုပေးရတာကလည်း အရသာကိုး။ ဟဲဟဲ... နောက်ဆုံးကျတော့ မေမေကပဲ မုန့်ဘိုးတွေ သူသိမ်းထားပေးမယ် ဆိုပြီး စာရင်းပဲ ကျန်တော့တာပါပဲ..။ 

အရွယ်ရောက်လာပြန်တော့ သီတင်းကျွတ်ပြီဆိုတာက နောက်အဓိပ္ပာယ်တမျိုး ထွက်လာပြန်တယ်။ အပျိုကြီး လူပျိုကြီးတွေကို ၀ါကျွတ်ပြီနော် လို့ ပြောရင်ကို မကြိုက်ချင်ကြတော့ဘူးလေ။ အတွဲရှိတဲ့သူတွေကလည်း သီတင်းကျွတ်ပြီလို့ သူများတွေက ကျီစယ်ရင်ပဲ မလုံမလဲ...။ ကိုယ့်တာဝန်ပဲ မကျေသလိုလို... အိမ်စာမပြီးသေးတဲ့ ကျောင်းသားလေးလိုလို...။  တော်သေးတာပေါ့။ ကျမတို့ခေတ်ရောက်တော့ အိမ်ထောင်ပြုတာ နောက်ကျလာလို့ ...။ ကိုယ်အိမ်ထောင်ပြုဖြစ်တာကလည်း သူငယ်ချင်းတွေထဲမှာဆို  အစောဆုံးမဟုတ်တောင် နောက်မကျတော့ အဲဒီလို အစ အနောက် မခံလိုက်ရဘူး။ 

နောက် သီတင်းကျွတ်နဲ့ ပတ်သက်ပြီး ရှိသေးတယ် အမှတ်တရလေးတစ်ခု.....

အဲဒီအချိန်က ကျမတို့ ဘန်ကောက်မှာ... “လူချမ်းသာ”ဆိုတဲ့ ရပ်ကွက်ထဲက Townhouse လေးမှာ ငှားနေတုန်းကပေါ့။  ရပ်ကွက်ထဲက လူတွေကလည်း ကိုယ့်အိမ်ရှေ.မှာ မီးရှုးမီးပန်းလွှတ်တဲ့သူတွေက လွှတ်၊ ဗျောက်အိုးဖောက်တဲ့ သူတွေက ဖောက်ပေါ့၊ တချို့ကလည်း အပြင်ထွက်ပြီး သူများတွေ လုပ်နေတာ မော့ကြည့်ကြပေါ့လေ..။  ကျမ သားကြီးက တစ်နှစ်သားအရွယ်... ၀ရန်တာ ထွက်ပြီး မီးရှုး မီးပန်းတွေ ကလေးကို လွှတ်ပြသလိုလိုနဲ့ လူကြီးတွေ ဆော့နေကြတာပေါ့။ 

မီးရှုး မီးပန်းတွေ လွှတ်တုန်းကတော့ အဆင်ပြေလို့။ အဲ.. ရှုးဒိုင်းဆိုပြီး ထွက်သွားတဲ့ ဟာကြီး (ဘာခေါ်သလဲမသိ) ကို အမျိုးသားက မီးလေးတို့ပြီး လွှတ်လိုက်ပါလေရော.. ဟာ..အဲဒီဟာကြီးက အပေါ်မတက်ပဲ အိမ်ရှေ.မျက်စောင်းထိုး နှစ်အိမ်ကျော် အိမ်ထဲကို ၀င်သွားပါလေရော...။ ဖြစ်ချင်တော့ အဲဒီအိမ်ထဲမှာလည်း သားအမိချင်း စကားများနေကြတာလား မသိပါဘူး။ အဲဒီအိမ်က လူရဲ. ခြေထောက်ကြား ၀င်သွားတာ.. အဲဒီလူကလည်း ခြေထောက်ကြီး မြှောက်ပြီး အော်တာပေါ့.. အလိုင်ဝါး... အလိုင်ဝါး နဲ့... (ယိုးဒယားလိုပြောတာ.. မြန်မာလိုဆို.. ဘာတုန်းကွာ..ဘာတုန်းကွာ.. လို့ ဘာသာပြန်ရမယ်ထင်တယ်)..  

ရပ်ကွက်ထဲမှာလည်း ကျမတို့ ဒီဘက်နားက အိမ်နဲ့လည်း ရန်စ ရှိတယ် တူပါရဲ.။ အဲဒီအိမ်ကလူတွေကလည်း အပြင်ထွက် ဆော့နေကြတာကိုး။ အဲဒီမှာတင် အဲဒီလူက ခြံတံခါးဖွင့်ပြီး အပြင်ထွက်ပြီး အော်တော့တာပဲ။  သူတို့နဲ့ မတည့်တဲ့ အိမ်က သူတို့ကို ရန်စတယ် ထင်လို့လား မသိပါဘူး။ ကျမလည်း အထဲဝင်ရမလိုလို... အပြင်ပဲထွက်ရတော့ မလိုလိုဖြစ်နေပြီ။ 
 
ကျမ အမျိုးသားက အပေါ်ကနေ မျက်နှာလေး အသေးဆုံးလေးနဲ့ “ နောင်.. နောင်.. ခေါတို့...” လို့ လှမ်းပြောလိုက်တော့ အဲဒီလူက အပေါ်လှမ်းကြည့်ပြီး နဲနဲတော့ ကြောင်သွားတယ်။ ပြောတော့ ပြောနေသေးတယ်.. အလိုင်ဝါး တဲ့။ ကျမ အမျိုးသားကလည်း သူမတောက်တခေါက် ယိုးဒယားလိုရော.. အင်္ဂလိပ်လိုရော.. တောင်းပန်လိုက်မှ.. ဘာမှ မပြောပဲ အထဲဝင်သွားတော့တယ်။ နောက်တော့ ကျမတို့လည်း ကုပ်ကုပ်ကလေး ကိုယ့်အိမ်ထဲ ပြန်ဝင်လာကြရတော့တာပေါ့။

အခုချိန်ထိ လင်မယားနှစ်ယောက်သား သီတင်းကျွတ် မီးရှုးမီးပန်း ဗျောက်အိုးတွေ ဖောက်သံကြားရင်.. သတိတရ အဲဒီ အလိုင်ဝါး ကို ပြောပြီး ရယ်ကြရတုန်း၊ အမှတ်ရသေးတုန်းပါပဲ... ကံကောင်းလို့ အဆဲမခံလိုက်ရတာ.. အဆင်မသင့်ရင် အိမ်ကို ခဲပေါက်ခံထိမှာလေ...။

Comments

ThuHninSee said…
ဟဲဟဲ..အလိုင်ဝါး။
မ ရေ… မ တို့ အဖြစ်လေးက တကယ့်မမေ့နိုင်စရာ အမှတ်တရပါပဲ… မ တို့ သူငယ်ချင်း တယောက်တော့ ဒီနှစ်သီတင်းကျွတ်လဲ အဲလို အမေးခံရတုန်း သိလား.. ရှုးတိုးတိုး… ကြားသွားရင် အဆူခံရလိမ့်မယ်…
tg.nwai said…
အဲဒီ အလိုင်ဝါး ဆိုရင် ရင်တုံတုန်း အမွန်ရေ...

တန်ခူးရေ..မမေ့နိုင်စရာဆိုပေမယ့် တကယ့်ဗရုတ်သုက္ခပါ..
ဟုတ်လား.. တို့တွေ batch မှာ အမေးခံတဲ့သူတွေ များတယ်.. သူတို့ကတော့ ခုလောလောဆယ် စင်ပေါ် ရောက်နေတာပေါ့.. လွတ်လပ်စွာ စိတ်သွားတိုင်း ကိုယ်ပါနိုင်တုန်းလေ...

Popular posts from this blog

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...

သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)

ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...

အဝေးမြင် အနီးမှုန်....(နောက်ဆုံး)

အနီးမှုန်.. “မောင် ဒီနေ့ meeting ရှိုလို့နောက်ကျမယ်နော်…သီရိ..” “အော်…ဟုတ်.. သီရိလည်း ခိုင် ရန်ကုန်ရောက်တုန်း အိမ်လာလည်မယ် ဆိုလို့ စောင့်နေတာ… ဘယ်မှာလုပ်မှာလဲ.. meeting က..” “ ရုံးမှာပဲသီရိရေ.. နိုင်ငံခြားသားတွေပါမယ်.. ပြီးရင်တော့ တခုခုလိုက်ကျွေးရမှာပေါ့..” “ ဘယ်ဆိုင်မှာလဲ..မောင်..” “ အနီးအနားက အေးအေးဆေးဆေးဆိုင်မျိုးပဲ ဖြစ်မှာပါ.. ဒါလည်း မသေချာသေးပါဘူး… ကိုယ် ဖုန်းဆက်မယ်လေ..” “ ဟုတ်… အပြန်ကျ ခေါက်ဆွဲကြော်ဝယ်လာခဲ့နော်မောင်..ကလေးတွေ စားဖို့..” “ အင်း..အင်း..ဟုတ်ပြီ..ဒါပဲနော်” ခိုင့်ကို အိမ်ပြန်ပို့ပေးပြီးအပြန် စင်တင်တေးဂီတရှိသည့် ဆိုင်တစ်ဆိုင်ရှေ့မှာ သူမရဲ့မောင့်ကားကို လှမ်းတွေ့လိုက်သည်။ သူမ အဲဒီဆိုင်အပြင်ဘက်ရောက်နေမှန်း မောင်သိရင် အံ့အားသင့်သွားစေချင်သည်။ နောက်ချင်စိတ်ဖြင့် ဆိုင်အပြင်ဘက်မှာ ကားရပ်ပြီး သူမ မောင့်ဖုန်းကို လှမ်းခေါ်လိုက်သည်။ ချက်ချင်း မကိုင်သေး။ တော်နေကြာမှ ဟဲလို..ထူးသံကြားသည်…။ “မောင်..ဘယ်မှာလဲဟင်” “ ဧည့်သည်တွေကို ထမင်းလိုက်ကျွေးနေတယ် သီရိ” သူမ မောင့်ကို ဆိုင်အပြင်ဘက် လှမ်းထွက်လာတာမြင်လိုက်ရသည်.. “ဘယ်ဆိုင်မှာလဲ ..မောင်ရဲ့” “ အဲ..မီလျံကွိုင်မှာ….” “ သီချင်းသံတွေ ကြားနေ...