Skip to main content

သားငယ်တို. ကျောင်းပျော်ပွဲရွှင်ပွဲသို့...။

ဒီနေ့ နေ့လည်မှာတော့ ဆိုရှယ်မမတို့.. အဲလေ.. မဟုတ်သေးပါဘူး.. ဆူညံပူညံမိသားစုတို့ တတွေ.. သားငယ်ရဲ့ကျောင်းက fun fair ရှိရာကို ချီတက်သွားကြပါတယ်။ သမီးငယ်တို့ကျောင်းက Banyan Tree Library မှာ စာဖတ်ပွဲက နေ့လည် ၁၁-နာရီကနေ မွန်းလွဲ တစ်နာရီအထိ ကျင်းပမယ် ပြောလို့ သမီးငယ်က လိုင်ဘရေရီမှာ စာသွားဖတ်ဖို့ ပူဆာခဲ့ပါတယ်။ သားငယ်ရဲ့ ကျောင်းကတော့ စောစီးစွာ သိထားပြီးသားဖြစ်လို့ နေ့လည် ၁ နာရီကနေ ညနေ ၅ နာရီအထိ ကို အစီအစဉ်ဆွဲပြီးသား ဖြစ်နေပါတယ်။ ဒီတော့ သမီးငယ်ကို ချော့မော့ပြီး နောက်တစ်ခါမှ လိုက်ပို့ပေးမယ်လို့ ပြောထားခဲ့ရတာပေါ့။
သူတို့တွေ အဖေကလည်း မနက်ပိုင်း အလုပ်တွေရှုပ်နေလို့ ရောက်လာတော့ မွန်းလွဲ နှစ်နာရီနီးပါး။ ကျမကလည်း ကလေးတွေ စားသောက်ဖို့ စီစဉ်အပြီး ပြုတ်လိုက် ပြတ်လိုက် ဖြစ်နေတဲ့ အင်တာနက်နဲ့ နပမ်းလုံးပြီး ပို့စ်တွေ တင်ဖို့ ကြိုးစားနေလေတော့ အဆင်သင့်မဖြစ်သေး။ သူပြန်လာတော့မှ  ကမန်းကတန်း ရေမိုးချိုးပြီး အပြေးအလွှားသွားရပါတယ်... ရောက်တော့ သုံးနာရီကျော်နေပြီ။

ကျောင်းထဲကို အ၀င် entrance ticket ဖြတ်အပြီး သီချင်းသံတွေ စ ကြားနေရပါပြီ။ ကလေးကျောင်းဆိုတော့ ကလေးတွေ အကြိုက် အဆိုတော်တွေ များမယ် ထင်ပါရဲ.။ ကျမတို့ရောက်တော့ သမီးငယ်တို့ ကြိုက်တဲ့ သီချင်းလေး.... “ ဒီကောင်မလေးကတော့ အောက်သက်ကြေတယ်....”  ဆိုနေတာက အဆိုတော် ဟဲလေး။ 
အောက်ဘက် အားကစားရုံထဲမှာ ဆိုင်လေးတွေ တန်းစီလို့..။ ကျမတို့တွေလည်း ဘာစားရရင်ကောင်းမလဲ ဟိုငေး သည်ငေးလုပ်နေတုန်း.....။ ကျမတို့နဲ့ တစ်နှစ်တည်း ကျောင်းရောက်ခဲ့တဲ့ သူငယ်ချင်း အမ တစ်ယောက်ကို တွေ.လိုက်ပါတယ်။ သူနဲ့က ကျမ သားငယ်ကျောင်းမှာ ဆုံဖူးပေမယ့် သူက ကျမကို မမှတ်မိတော့ ထုံးစံအတိုင်း ကျမလည်း ဆိတ်ဆိတ်နေလိုက်တာကိုး။ အခုတော့ ရုပ်သိပ်မပြောင်းတဲ့ အမျိုးသားနဲ့ ကျမကို တတွဲတည်းတွေ.တော့ မှတ်မိသွားတယ် ထင်ပါရဲ.။ သူဖွင့်ထားတဲ့ ရခိုင်မုန့်တီနဲ့ ကျောက်ကျောမဲ အအေးရောင်းတဲ့ booth ကို လာခဲ့ဖို့ ခေါ်ပါတယ်။ 

တကယ် စားကောင်းတဲ့ ရခိုင်မုန့်တီ အရည်ပါပဲ။ အပျော်ရောင်းတာဆိုတော့ ဈေးကလည်းသက်သာ၊ စားလို့လည်း သန့်။ ကျမလည်း ခေါင်းမဖော်နိုင်ပဲ အရသာရှိလှတဲ့ ရခိုင်မုန့်တီကို ငုံ့ပြီးလွေးလိုက်တာ ဓာတ်ပုံရိုက်ထားဖို့တောင် မေ့သွားပါတယ်။ စားသောက်ပြီး သူ့ကိုနှုတ်ဆက်ပြီး ဟိုဟိုသည်သည် လျှောက်ကြည့်ကြပါတယ်။

ဆိုင်တွေကတော့ မျိုးစုံပါပဲ။ နီပေါက ကုလားမုန့်တွေလည်းပါရဲ့။ ကြက်ကြော်တို့၊ စမူဆာကြော်၊ ကော်ပြန့်လိပ်ကြော်၊ မုန့်တီ၊ မြီးရှည်၊ အ၀တ်အထည်တွေ၊ လက်ကောက် ပုတီး၊ အရုပ်မျိုးစုံ၊ face- painting တို့။ palmist ပါပါသေးရဲ့။ တစ်နေရာမှာတော့ ကယ်ရီကေချားဆွဲနေတာကို သဘောကျလို့ သမီးငယ်ကလည်း သူ့ပုံလေးလိုချင်တယ်တဲ့။ မေးကြည့်တော့ tokenက ၄၀ ပြည့်နေပြီ။ ဆွဲတဲ့သူကလည်း လက်အံသေလို့ အယောက်လေးဆယ်ပဲ လက်ခံပါရစေ ဆိုတာနဲ့ သမီးငယ်ကို ချော့မော့ပြီး အဲဒီနေရာက အမြန်ခွာခဲ့ရပါတယ်။ဟိုဟာသည်ဟာလေး ၀ယ်စားလိုက်ပြီး ခဏနေတော့ သီချင်းဆိုဖို့ အလှည့်ကျတာက ရဲလေး။ သားငယ်နဲ့ သမီးငယ်က နှင်းဆီပန်းပွင့်လေးတွေကိုင်ပြီး သွားပေးကြပါတယ်။
နောက်ဆုံးပိတ်တစ်ယောက်ကတော့ အခုခေတ် ကလေးတွေ အကြိုက်ဆုံး အဆိုတော်.. စိုင်းစိုင်းဆိုတော့ ကလေးတွေက ယောက်ယက်ကို ခတ်ကုန်တာပါပဲ..။ ပန်းရောင်းတဲ့ သူတွေကလည်း ရှုပ်ရှက်ခတ်လို့ပေါ့။ စိုင်းစိုင်းကိုတော့ သားကြီးရော..သားငယ်နဲ့သမီးရော ပန်းတွေ သွားပေးကြပါတယ်။ ကျမကလည်း ကင်မရာကို လုံးဝကြီးကို မေ့ထားခဲ့မိတော့ ပုံကောင်းကောင်းလေးတွေ မရလိုက်ပါဘူး။

raffles တွေမှာ ကံမပါတဲ့ ကျမတို့တော့ သူများတွေ ပေါက်တဲ့ ဆုမဲကြီးတွေကို သွားရည်ကျရင်း ငါးနာရီထိုးခါနီးတော့ သားငယ်အတန်းပိုင်ဆရာမနဲ့ ကျောင်းအုပ်ဆရာမကြီးကို နှုတ်ဆက်ရင်း အိမ်ပြန်လာခဲ့ပါတော့တယ်။ မျက်စိထဲမှာတော့ တခြားဆုကြီးတွေ မမြင်မိပဲ microwave oven ကိုသာ မြင်ယောင်ရင်း... အင်း.. ပေါက်လိုက်လို့ကတော့ အသစ်တစ်ခု မ၀ယ်ရတော့ဘူးပေါ့လို့ မချင့်မရဲ လောဘတွေးလေးတွေ ပွားများရင်းပေါ့...။

Comments

Popular posts from this blog

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...

သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)

ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။