Skip to main content

ရွှေ့ပြောင်းအိပ်မက် (အောင်ဝေး)

ရွှေ့ပြောင်းအိပ်မက်
အောင်ဝေး
နိုဝင်ဘာ ၄၊ ၂၀၀၈

ဧရာဝတီမှ မစ္စစ္စပီသို့ 
ငမိုးရိပ်မှ မစ်ရှီဂန်သို့ ။

မုဆိုးတွေ စည်းပျက်တော့
ယာခရိုးက
ချိုးလင်းပြာ ငှက်ကလေးလည်း
လွတ်ရာပြေးရတာပေါ့။

တရားမမျှတတဲ့အခါ
ဘ၀ဟာမလုံခြုံပါဘူး။

ရွှေဝါရောင် ညညတွေမှာ
ခဏခဏပြောင်းပြောင်းအိပ်ရတဲ့
ပုန်းခိုကျင်းကလေးတွေ။

ပြေးနေတဲ့ လူရဲ့စိတ်ဟာ
လေးလံလွန်းလှပါရဲ့။

အိပ်မက်ကို မစွန့် လွတ်နိုင်ဘူး
သွားလေရာ
အပင်ပန်းခံ လွယ်လွယ်သွားရတယ်။

ခုလည်းပဲ
ကိုယ့်ဝပ်ကျင်းကလေးထဲကိုယ်
ကိုယ့်အိပ်မက်နဲ့ ကိုယ်။

မပျော်ပါဘူး
တတိယနိုင်ငံဆိုတာ
ပထမနိုင်ငံမှမဟုတ်တာ။ ။

အောင်ဝေး
(အောက်တိုဘာ ၁၀ - ၂၀၀၈)


(နိုဝင်ဘာလ ၄ ရက်၊ ၂၀၀၈ မိုးမခ မှ ကူးယူဖော်ပြပါသည်)

Comments

ThuHninSee said…
ကောင်းလိုက်တဲ့ကဗျာ။ ကျေးဇူးပဲအစ်မ။
PAUK said…
ဒီကဗျာလေးကိုကြိုက်တယ်..
ကိုယ့်ဝပ်ကျင်းလေးထဲကိုယ်...ကိုယ့်အိပ်မက်နဲ့ကိုယ်....တဲ့