Skip to main content

ဘလောဂ်တစ္ဆေခြောက်ခံရခြင်း။

ဟိုတနေ့ညက ကျမ တော်တော်မောပန်းစွာနဲ့ အိပ်ပျော်သွားပါတယ်။ လူပန်း၊ စိတ်ပန်းနဲ့ပေါ့။ ရာသီအပြောင်းအလဲဖြစ်နေလို့ မိသားစုတွင်းမှာလည်း နေထိုင်မကောင်းတွေဖြစ်၊ ဘေးပတ်ဝန်းကျင်က ကြားရတဲ့ သတင်းတွေကလည်း သတင်းကောင်းတွေက ခပ်နည်းနည်းရယ်။ မီဒီယာတွေထဲက နိုင်ငံတကာသတင်းတွေ ကြည့်လိုက်.. စီးပွားရေး crisis တွေက ပိုဆိုးသထက်ဆိုးလာ.. ရာဇ၀တ်မှုတွေ များပြားလာ.. အလုပ်လက်မဲ့တွေ ဒုက္ခရောက်ကြနဲ့...။ မြန်မာပြည် သတင်းတွေမှာရော.... မြန်မာ့အလင်းတို့ ကြေးမုံတို့ပဲ ဖတ်ဖြစ်တော့ ငတို့ ဗမာပြည်ကြီးကတော့ အေးချမ်းသာယာလျှက်ပါပဲ.. ပုံမှန်အတိုင်း အေးဆေးပါပဲ။

ဟိုတွေးသည်တွေးနဲ့ ကျမလည်း မှေးကနဲ အိပ်ပျော်သွားပါတယ်။
ကျမတို့ ငယ်ငယ်တုန်းကတော့ ထမင်းစေ့တွေ တက်နင်းမိရင် ထမင်းလုံးတစ္ဆေခြောက်တယ်လို့ လူကြီးတွေက ပြောလေ့ရှိကြတယ်။ ကျမလည်း ဘလော့ဂ်နဲ့ ပတ်သက်ပြီး မက်ဖြစ်သွားတော့ ....

+++++++++++++

အသံတွေကြားလို့ ကျမလန့်နိုးသွားရတယ်(လို့ ထင်လိုက်တာပေါ့)။ ကြည့်လိုက်တော့ ကျမကို လာခေါ်တာ..တဲ့။ ထူးဆန်းတာ တစ်ခုက စိတ်ထဲမှာ သိနေသလိုပဲ..။ ဘာဖြစ်လို့လဲ ဆိုတော့ ကဗျာရေးလို့တဲ့။ ၆၅၂ ဆိုတဲ့ ကဗျာဆိုပဲ။ ကျမ စဉ်းစားရတော့ တော်တော်ကြပ်နေတယ်။ ရီလည်း ရီချင်တယ်။ ငါ ကဗျာဆရာမ မှမဟုတ်တာပဲ။ နောက်ပြီး အဲဒီ ဂဏန်းတွေနဲ့ ကဗျာ... နှစ်လုံး၊ သုံးလုံးရော.. အောင်ဘာလေထီရော.. စိတ်မ၀င်စားပါတဲ့ဟာ... ဒါပေမယ့် အဲဒီဂဏန်းတွေတော့ ရင်းနှီးနေသလိုလို။

အံမယ်..ကျမ တုန်လှုပ်မနေတာကိုပဲ ကိုယ့်ဖာသာကိုယ် ပြန်အံ့သြနေတယ်.. ဒီကိစ္စက သမားရိုးကျ ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ သဘောမျိုးလို့ ခံစားနေရတာပါ။ ဒါပေမယ့် အင်း.. တခုခုတော့ မှားနေပြီ။ ငါ ကဗျာကို ရေးတောင် မရေးရသေးဘူး။ တခုခုရေးချင်စိတ်တွေတော့ ဖြစ်နေတုန်းပဲ ရှိသေးတာလေ...။ ဘာဖြစ်လို့ပါလိမ့်..။ ကျမ သူ့ လှမ်းပြောလိုက်တယ်...။ မှားနေပြီ ထင်တယ်။ ကျမ အဲဒီကဗျာ ရေးမလို့ စိတ်ကူးရုံပဲ ရှိသေးတာ.. ဆိုပြန်တော့... ခင်ဗျားမှာ ဘလော့ဂ်တစ်ခု လုပ်ထားတာ ရှိတယ်မဟုတ်လားတဲ့။ ဟုတ်ကဲ့။ ဖတ်သွားပါဦးလား ဆိုပြီး ကျမတောင် stand-by ဖြစ်နေတဲ့ ကွန်ပြူတာဆီ လက်လှမ်းလိုက်တော့မလို့။ စိတ်ကူးတာက ဂျီတော့ခ်ကနေ အမွန်ကို ရတနာသိုက် စကားဝှက်နဲ့ လှမ်းအကြောင်းကြားမလို့ပေါ့လေ။ (ဟဲဟဲ.. အိပ်မက်ထဲဆိုတော့ ဖြစ်ချင်သလို ဖြစ်နေတော့တာပေါ့..။ )

ဒါပေမယ့် သူက လည်တယ်...။ အဲဒီ ဘလော့ဂ်စပေါ့တွေဆီ ခင်ဗျားဘယ်လိုသွားသလဲလို့ မေးပါတယ်။ ကျမလည်း ဒါမျိုးဆို ဝေမျှမယ်ပေါ့...အော်.. ရှင်တို့လည်း ကျော် ကြည့်ချင်လို့လား။ ကျမ proxy site လိပ်စာ တချို့ ချရေးပေးလိုက်တယ်။ ဒါပေမယ့် ultrasurf ကိုတော့ ချန်ထားခဲ့တယ်။ စိတ်ထဲကလည်း .. ဘယ်ရမလဲ ကြိမ်းဝါးနေမိသေး။ အဟေး ဟေး။

အဲဒီမှာတင်...အဲဒီ site တွေက ခင်ဗျားတို့လို တိုင်းသူပြည်သားတွေနဲ့ မသင့်တော်လို့ တားမြစ်ပိတ်ပင်ထားရတာ၊ ပိတ်ထားတယ်ဆိုကတည်းက မသွားရဘူးဆိုတာ နားမလည်ဘူးလား တဲ့။ ကျမလည်း ခေါင်းကုတ်လိုက်မိတယ်..။ ဟုတ်ကဲ့...ကျမလည်း အဲဒါကို နားမလည်နိုင်ဘူးဖြစ်နေတာ။ ပြေးခုန်ပစ်ပြိုင်ပွဲတွေမှာ အတားအဆီးတွေခံထားတာ ရပ်စေချင်လို့မှ မဟုတ်တာပဲ။ အဲဒါကို မထိအောင် ခုန်ကျော်လွှားသွားနိုင်တဲ့ သူက winner လေ....။ အဲဒီလိုမျိုးပေါ့။ ရှင်တို့က ကျမတို့ကို ဘယ်လောက်ကျော်လွှားနိုင်သလဲလို့ သိချင်လို့ မဟုတ်လား။ တကယ်တမ်း မသွားစေချင်လောက်အောင် တားမြစ်ပိတ်ပင်ထားလောက်စရာ ဘာတွေများ ရှိလို့ပါလိမ့်... ကျမဖြင့် ရှာမတွေ.ပေါင်...လို့။

ကိုယ်စိတ်ဝင်စားတဲ့ ရသ စာလေးတွေ.. တရားဓမ္မလေးတွေ ဖတ်နာရအောင်.(ဒါကတော့ ကြားကောင်းအောင်ပြောလိုက်တာ) ...နောက်ပြီး ကျမလည်း အယ်ဒီတာတွေ ရှိနေတဲ့ မဂ္ဂဇင်းတွေမှာဆို စာရေးဆရာမဖြစ်ဖို့ အရည်အချင်းမရှိလေတော့ ကိုယ်ပိုင်ဘလော့ဂ်ပေါ်မှာ ကိုယ်ပိုင်စာရေးဆရာမလေး ဖြစ်ချင်လို့ ဘလော့ဂ်လေးတစ်ခု လုပ်ထားတာပါလို့။

ကျမ ရှည်ရှည်ဝေးဝေးရှင်းပြနေတာကို စိတ်မရှည်တဲ့ ဟန်နဲ့... အိုဗျာ... ကျွန်တော့်ကို ဘာမှ ပြောမနေနဲ့။ ဘလော့ (blog) ဆိုရင်တော့ ဘလော့ (block) ရမှာပဲတဲ့။ ကျမနားထဲမှာတော့ ဘလော့ ဘလော့ ဘလော့နဲ့ မိုးသံတွေလိုလို.. အဲယားကွန်းက ရေတွေကျနေတဲ့ အသံတွေလို ကြားနေရတာပါပဲ။ မျက်လုံးထဲမှာလည်း ဘလော့တုံးကြီးတွေကို ကျော်လွှားနေတဲ့ အိုလံပစ်အားကစားသမားတွေ မြင်နေလို့။ အင်း..

စိတ်ထဲမှာတော့ တော်တော်အိုက်စ ပြုနေပါပြီ။ ငါတော့ မှားပြီ လို့အခါခါရွတ်...။ အို..အသင်လောက..လို့ပဲ ကြွေးကြော်ရမလား..သည်ဒွန္နယာပေါ်မှာ.. လို့ပဲ ရေရွတ်ရတော့မလား။ သစ္စာဆိုဖို့ကလည်း ... အင်း .. ခိုးကြောင်ကျော်ခွ ဘလော့ဂါဆိုတော့ သီလကလည်း မစင်ကြယ်... အာလာဒင် မီးခွက်လေးကိုတောင် သတိရမိလိုက်သေး။ ခက်တာက တီချယ်ဒေါ်အယ်နီဖွား ဆယ်တန်းနှစ်တုန်းက ဆုချထားတဲ့ ရေနံဆီမီးခွက်လေးတောင် ဘယ်ရောက်နေမှန်းမသိ။ မျက်စိထဲ အင်္ကျီအနီဝတ်ဘောလုံးသမားကိုလည်း မြင်ယောင်ရင်း.... ။ ကိုသန်းလှိုင်ရဲ့ အနှစ်နှစ်ဆယ်တေး တပုဒ်ကို ဆွေးဆွေးမြေ့မြေ့ ဆိုနေသံလည်း ကြားနေရတယ်။ ဒီလောက် စိတ်အိုက်နေတဲ့ ကြားထဲကကို... လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က အနှစ်နှစ်ဆယ်တေးဆိုတာ အခုတော့ အနှစ်လေးဆယ်တေး ဖြစ်ရမှာပေါ့လို့ တွေးမိနေသေး....။ တင်ဇာမော်လားမသိ.. ဆိုနေတဲ့ ဘာမဆို ဖြစ်နိုင်တယ် တဲ့... ဘာတွေလဲ.. မြတ်စွာဘုရား....။

++++++++
မေမေ.. မေမေ... ရေသောက်ချင်တယ်.... မေမေ မီးမီး ရေသောက်ချင်လို့......
အသံက ဝေးနေရာကနေ တဖြည်းဖြည်း နီးကပ် ပီပြင်လာတယ်။ သမီးငယ် အသံ....။ နှုတ်က အသံပြန်ပြုမိလိုက်ရင်း...။
အင်း.. ဘာလဲ သမီး။
မေမေ.. မီးမီး ရေဆာလို့....
သမီးအသံ သေချာတာနဲ့.... ကမန်းကတန်း လူးလဲ ပြီး မြန်မြန် ထလိုက်ရတယ်... တော်ကြာ ပြန်အိပ်ပျော်သွားမှဖြင့်.. ခုနအိပ်မက် အခန်းဆက်..ထပ်မက်နေရင် ပြဿနာ.... သမီးငယ်ကို ရေမပေးခင်.. အရင် ရေတစ်ခွက်ကို တဂွတ်ဂွတ်နဲ့ သောက်ပစ်လိုက်ရတယ်။
အမလေး.. လေး .... ငါ့သမီးလေး နှိုးပေလို့ပေါ့.........။

Comments

ThuHninSee said…
သျှီရဲ့ ဂန္ဒာရီ..သီချင်းလေးလိုပေါ့။

:P
:P said…
ဘာမဆိုဖြစ်နိုင်တယ် တဲ့လား
ဒီပို့စ်လေး အရမ်းကြိုက်တယ်
သက်ဝေ said…
ရည်ရည်လည်လည်မိုက်တယ်ကွာ...
ဘာမဆို ဖြစ်နိုင်တယ် တဲ့လာ...
အတူတူလက်ချင်း ခိုင်ခိုင်မြဲမြဲတွဲလို့  ကြိုးစားကြတာပေါ့နော်...
Sonata Cantata said…
ကျမ နားလည်တဲ့ ဘလော့ဂါ ရေးတဲ့ tg ရေ..တစ္ဆေခြောက်ခံလိုက်ရတော့...
ပိုနားလည်သွားတယ်
ကျေးဇူး tg
PAUK said…
မသိဂီ င်္..
ဖတ်သွားပါတယ်...

ဘာမဆို ဖြစ်နိုင်ပါတယ်....
tg.nwai said…
>မွန်ပြောမှ မြန်မာအမ်ပီသရီးသွားပြီးသျှီရဲ့ဂန္ဓာရီသွားနားထောင်လိုက်ရတယ်..:)
>sin dan lar ရေ.. ကျေးဇူးပါ။
>သက်ဝေရေ.. ဟုတ်.. အတူတူ လက်ချင်းတွဲလို့ပေါ့...
>သီတာရေ.. အဲဒီအတိုင်းပါပဲ.. :P
>ပေါက်ရေ.. လာဖတ်တဲ.အတွက် ကျေးဇူး...

Popular posts from this blog

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...

သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)

ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...

အဝေးမြင် အနီးမှုန်....(နောက်ဆုံး)

အနီးမှုန်.. “မောင် ဒီနေ့ meeting ရှိုလို့နောက်ကျမယ်နော်…သီရိ..” “အော်…ဟုတ်.. သီရိလည်း ခိုင် ရန်ကုန်ရောက်တုန်း အိမ်လာလည်မယ် ဆိုလို့ စောင့်နေတာ… ဘယ်မှာလုပ်မှာလဲ.. meeting က..” “ ရုံးမှာပဲသီရိရေ.. နိုင်ငံခြားသားတွေပါမယ်.. ပြီးရင်တော့ တခုခုလိုက်ကျွေးရမှာပေါ့..” “ ဘယ်ဆိုင်မှာလဲ..မောင်..” “ အနီးအနားက အေးအေးဆေးဆေးဆိုင်မျိုးပဲ ဖြစ်မှာပါ.. ဒါလည်း မသေချာသေးပါဘူး… ကိုယ် ဖုန်းဆက်မယ်လေ..” “ ဟုတ်… အပြန်ကျ ခေါက်ဆွဲကြော်ဝယ်လာခဲ့နော်မောင်..ကလေးတွေ စားဖို့..” “ အင်း..အင်း..ဟုတ်ပြီ..ဒါပဲနော်” ခိုင့်ကို အိမ်ပြန်ပို့ပေးပြီးအပြန် စင်တင်တေးဂီတရှိသည့် ဆိုင်တစ်ဆိုင်ရှေ့မှာ သူမရဲ့မောင့်ကားကို လှမ်းတွေ့လိုက်သည်။ သူမ အဲဒီဆိုင်အပြင်ဘက်ရောက်နေမှန်း မောင်သိရင် အံ့အားသင့်သွားစေချင်သည်။ နောက်ချင်စိတ်ဖြင့် ဆိုင်အပြင်ဘက်မှာ ကားရပ်ပြီး သူမ မောင့်ဖုန်းကို လှမ်းခေါ်လိုက်သည်။ ချက်ချင်း မကိုင်သေး။ တော်နေကြာမှ ဟဲလို..ထူးသံကြားသည်…။ “မောင်..ဘယ်မှာလဲဟင်” “ ဧည့်သည်တွေကို ထမင်းလိုက်ကျွေးနေတယ် သီရိ” သူမ မောင့်ကို ဆိုင်အပြင်ဘက် လှမ်းထွက်လာတာမြင်လိုက်ရသည်.. “ဘယ်ဆိုင်မှာလဲ ..မောင်ရဲ့” “ အဲ..မီလျံကွိုင်မှာ….” “ သီချင်းသံတွေ ကြားနေ...