Skip to main content

ပန်းကြာဝတ်မှုန်နှင့် ကျမ...

 

အခုတလော ကျမလည်း ဟိုယောင်သည်ယောင်နဲ့...။ ဘလော့ဂ်တွေလည်း မလည်နိုင်... ကိုယ်လည်း နှစ်ကူးစရာ မရှိပေမယ့်  လုပ်စရာတွေကလည်း အများသား။ ကိုယ့်တာဝန်ဝတ္တရားတွေအပြင် ဘလော့ဂ်လည်ခြင်း စာအုပ်များဖတ်ခြင်းတွေကိုလည်း ကိုယ့်အိပ်ချိန် နားချိန်တွေထဲက ဖဲ့ယူနေရတာ... လူလည်း တော်တန်ရုံနဲ့တောင်  အားအင်ကုန်လွယ်နေပြန်ပါတယ်။

ပို့စ်အသစ်ကလည်း ဟိုဟာရေးရကောင်းနိုးနိုး သည်ဟာရေးရကောင်းနိုနိုးနဲ့...ဘာမှလည်း မရေးဖြစ်ပြန်... သူများတွေ စာတွေဖတ်ရတာတော့ တော်တော် အရသာ ရှိသား။ ဟိုတလောက အိမ်က ကလေးတွေ အဖေ ခရီးသွားတုန်း ကျမလည်း ကလေးတွေ ကျောင်းပို့ပြီး ဟိုဝင်သည်ပတ်နဲ့ လွတ်လပ်ရေးရနေတော့... ၀ယ်ဖြစ်ခဲ့တာတွေကလည်း...။ အင်း... စာအုပ်တွေချည်းပါပဲ။ အဲဒီထဲကမှ... ဆရာမ ခင်ခင်ထူးရဲ့ ပန်းကြာဝတ်မှုန်ဆိုတာကတော့   စာမျက်နှာ ခြောက်ရာနီးပါး ရှိတဲ့  လုံးချင်းဝတ္ထုရှည်ကြီးပါပဲ။ တကယ်တမ်း ကိုယ့်မှာ အဲဒီလောက် အချိန်တွေ အားမနေပေမယ့် ဆရာမရဲ့ အညာအခန်းဆက် လက်ရာတွေကို သဘောကျထားတော့ မန္တလေးတက္ကသိုလ်နောက်ခံ ၀တ္ထုဖြစ်နေတာရယ်နဲ့... ၀ယ်လာဖြစ်ခဲ့တယ်။ 

မြန်မာဝတ္ထုတွေကိုဆို တထိုင်တည်း ဖတ်တဲ့ အကျင့်ရှိတော့ အဲဒီဝတ္ထုကို ဖတ်ဖို့  တညတော့ အချိန်ပေးလိုက်ရတယ်... မီးမမှန်တဲ့ညတွေမို့ အင်ဗာတာမီးအကုန်... ယူပီအက်စ်ကမီးအကုန်... နောက်ဆုံးတော့ ဖယောင်းတိုင်မီးထွန်းပြီး ကြိုးစားပမ်းစား  ဖတ်ဖြစ်ခဲ့ပါတယ်။ စာရေးသူကိုယ်တိုင်က သည်စာကို အနှစ်နှစ်အလလ က  မျိုသိပ်ခဲ့ရပြီး တတ်စွမ်းသမျှ ဖန်တီးခဲ့ခြင်းဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ စာရေးသူတစ်ယောက်အတွက်တော့  ထွက်လာသမျှ စာလုံးလေးတွေဟာ ကမာကောင်ထဲက ပုလဲတွေပါပဲဆိုတာ ကျမ လေးစားစွာ နားလည်ပါတယ်။

တခါတလေကျတော့လည်း ကိုယ်မှန်းထားသလောက် မရတဲ့  အခါမျိုးတွေမှာ.... ရေချိန်မကိုက်ဘူးဆိုတာ ..ဒီလိုမျိုးများလားလို့ တွေးနေမိပြန်တယ်...။ ဆရာကြီး ဇ၀နရဲ့ ကောလိပ်ကျောင်းသားကို ပြန်ရှာရဦးမယ်.. တက္ကသိုလ်ဘုန်းနိုင်ရဲ့ ခိုင်လည်း ပြန်မဖတ်ဖြစ်တာ ကြာပြီ။ ဆရာငြိမ်းကျော်ရဲ့ စာအုပ်ဟောင်းလေးတွေလည်း  စာအုပ်ဘီရိုထဲကထုတ်ပြီး လေသလပ်ရဦးမယ်... လွယ်လွယ်ကူကူ လက်တကမ်းမှာပဲ ရှိနေတဲ့ အသည်းပန်းမှာ ဆူးတွေနဲ့ရယ် ကရော.. အရင်တုန်းကလို ဖတ်လို့ကောင်းဦးမှာပဲလား။ ကွယ်လွန်သွားရှာတဲ့ ဆရာမ၀င်းဝင်းလတ်ရဲ့ အချစ်၏ နောက်ဆက်တွဲ ကိုလည်း လွမ်းမိသေးတော့တယ်....။

Comments

ကျွန်တော်ကတော့ ၀တ္ထုကို တထိုင်တည်း မဖတ်တတ်ဘူး
ခွဲဖတ်ရတာပိုကြိုက်တယ် ဒါကြောင့်လဲ မှတ်မိတဲ့
ဝတ္ထုရှားတယ် အရမ်းရှည်ရင် မဖတ်ဖြစ်တော့ဘူး
အခုတော့ ဘလော့က ကဗျာတွေ ၀တ္ထုလေးတွေ
ဖတ်ရတာ ပိုနှစ်သက်တယ်
ရသစုံပေးလို့လေ
မီယာ said…
ဝတ္ထုတွေ ရရင် တထိုင်တည်း ဖတ်ရမှ... မီးမှန်ရင်တော့ ပိုအရသာရှိတာပေါ့လေ။ အသည်းပန်းမှာ ဆူးတွေနဲ့ရယ် ကို အရမ်းကြိုက်တဲ့ အန်တီ တစ်ယောက်ရှိတယ်.. သူဖတ်ခိုင်းလို့ ဖတ်ဖြစ်တာ။ အချစ်၏ နောက်ဆက်တွဲ ကိုတော့ အပြီးထိ မဖတ်လိုက်ရဘူး.. နောက်တခေါက် ရန်ကုန်ပြန်မှ ရှာဝယ်ဦးမယ်။
MANORHARY said…
စာအုပ်တစ်အုပ်ကိုတစ်ထိုင်တည်းထိုင်ဖတ်ရမှ
အရသာရှိတယ်လို့ထင်တတ်တာ...စာအုပ်တွေ
အကြောင်းတော့ထပ်တောင်မပြောရဲအောင်ပါပဲ
လို့..ပြောရမလိုဖြစ်နေတယ်...း)တက်ဘုန်းကြီး
လုပ်လိုက်တာလေ...း)
khin oo may said…
ဟိုတုံးက ဝတ်ထု အရမ်းဖတ်တယ်။ အခုဘလော့ အရမ်းဖတ်တယ်။
:P said…
စာအုပ်တွေကို ထမင်းမစား၊ရေမသောက်ပဲ တထိုင်တည်း ဖတ်ပစ်မိလို့ ဆက်တိုက်ရမယ့် အချိန်တစ်ခုထားပြီး ဖတ်ရပါတယ်..။ အသည်းပန်းမှာ ဆူးတွေနဲ့ရယ်က လုံးချင်းမတွေ့လို့ ပေဖူးလွှာစာအုပ်အဟောင်းတွေ တစ်ပုံလိုက်ကြီးချပြီး အခန်းဆက်ကို ဆက်တိုက်ပြန်ဖတ်ခဲ့ရတာ....။
အော်.. ဟော်... ပျောက်နေပါတယ်အောက်မေ့တာ ၀တ္ထုတွေနဲ့ငြိမ့်နေတာကိုး...။
ပန်းကြာဝတ်မှုံကောင်းလား မ… ကောင်းရင် အိမ်ကို မှာလိုက်ဦးမယ်… ဆရာမရဲ့ မအိမ်ကံကတော့ တကယ့် ဇာတ်ရှိန်တက်နေပြီ… ပြီးရင် လုံးချင်းထွက်မယ်ထင်တယ်… အဲဒီလို ၀တ္တုလေးနဲ့ ကွေးတဲ့ ဘ၀လေးလွမ်းလိုက်တာ… တရုတ်နှစ်ကူး ၄ ရက်က ဘယ်လိုကုန်လိုက်မှန်းကို မသိဘူး… ဘလော့ကြွေးတွေတောင် တော်တော်တင်နေပြီ…
ဇနိ said…
ပန်းကြာဝတ်မှုန်ဖတ်ချင်လိုက်တာ။ မဖတ်ဖူးပါ အမရေ။
နိနိ
Anonymous said…
ဟုတ်တယ် ဒေါ်ဒေါ်နိလိုပဲသားလည်း။ အားလုံးဖတ်ချင်တယ်။
Taungoo said…
ကျောက်မြောင်းဖက်နဲ့ နီးရင်တော့ သီတာလမ်းအလယ်ပိုင်းလောက်မှာ “အာရုဏ်ဦး” ဆိုတဲ့ စာအုပ်အငှားဆိုင်တစ်ဆိုင်ရှိတယ် အမ။ ဆိုင်ကြီးပဲ။
အဲဒီမှာ အတော်ကို စာအုပ်တွေစုံတယ်။ုံပြန်ဖတ်ချင်တဲ့စာအုပ်မျိုးဆို သွားမွှေလိုက်ရင် ဂွပ်ကနဲ တွေ့တာပဲ။ မတွေ့ရင်လည်း မေးကြည့်လို့ရတယ်။ ကျောက်မြောင်းသားတွေအတွက်တော့ စာကြည့်တိုက်တစ်ခုလိုပါပဲ။
Thant said…
စာအုပ်ဖတ်တာ ဘယ်လောက်ဝါသနာကြီးလဲဆိုရင် စာအုပ်ဆိုင်တောင် ဖွင့်လိုက်ရတဲ့အထိပဲး)
မိုးအေးအေးမှာ ကွေးပြီး စာအုပ်ဖတ်ခဲ့တဲ့အချိန်ကို ပြန်သတိရမိတယ် ။ အိပ်ဖို့မေ့ ၊ စားဖို့မေ့နဲ့ ။
အခုတော့ ....
အလုပ်လုပ်လဲ ဒီကွန်ပျူတာနဲ့ ၊ ဘလော့ဖတ်လဲ ဒီကွန်ပျူတာနဲ့ ၊ စာအုပ်ဖတ်လဲ ဒီကွန်ပျူတာနဲ့ ( e-books တွေပဲဖတ်ရတာကိုး......) ဟင်း........
PAUK said…
မသီဂီ င်္..
ပန်းကြာဝတ်မှုန်ကို အမျိုးတစ်ယောက်ဆီက တိုလာတယ်..
မဖတ်ရသေးဘူး...
မသီဂီ င်္ကိုလည်း ၂၅နေ့ကတည်းက...
သစ်တောကျောင်းမှာသွားမေးရတာ အမော..
အဆောင် ၁ရော...အဆောင်၂ပါ..
ကျောင်းဆင်းပွဲက ၂ရက်နေ့ဆို

Popular posts from this blog

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...

သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)

ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...

အဝေးမြင် အနီးမှုန်....(နောက်ဆုံး)

အနီးမှုန်.. “မောင် ဒီနေ့ meeting ရှိုလို့နောက်ကျမယ်နော်…သီရိ..” “အော်…ဟုတ်.. သီရိလည်း ခိုင် ရန်ကုန်ရောက်တုန်း အိမ်လာလည်မယ် ဆိုလို့ စောင့်နေတာ… ဘယ်မှာလုပ်မှာလဲ.. meeting က..” “ ရုံးမှာပဲသီရိရေ.. နိုင်ငံခြားသားတွေပါမယ်.. ပြီးရင်တော့ တခုခုလိုက်ကျွေးရမှာပေါ့..” “ ဘယ်ဆိုင်မှာလဲ..မောင်..” “ အနီးအနားက အေးအေးဆေးဆေးဆိုင်မျိုးပဲ ဖြစ်မှာပါ.. ဒါလည်း မသေချာသေးပါဘူး… ကိုယ် ဖုန်းဆက်မယ်လေ..” “ ဟုတ်… အပြန်ကျ ခေါက်ဆွဲကြော်ဝယ်လာခဲ့နော်မောင်..ကလေးတွေ စားဖို့..” “ အင်း..အင်း..ဟုတ်ပြီ..ဒါပဲနော်” ခိုင့်ကို အိမ်ပြန်ပို့ပေးပြီးအပြန် စင်တင်တေးဂီတရှိသည့် ဆိုင်တစ်ဆိုင်ရှေ့မှာ သူမရဲ့မောင့်ကားကို လှမ်းတွေ့လိုက်သည်။ သူမ အဲဒီဆိုင်အပြင်ဘက်ရောက်နေမှန်း မောင်သိရင် အံ့အားသင့်သွားစေချင်သည်။ နောက်ချင်စိတ်ဖြင့် ဆိုင်အပြင်ဘက်မှာ ကားရပ်ပြီး သူမ မောင့်ဖုန်းကို လှမ်းခေါ်လိုက်သည်။ ချက်ချင်း မကိုင်သေး။ တော်နေကြာမှ ဟဲလို..ထူးသံကြားသည်…။ “မောင်..ဘယ်မှာလဲဟင်” “ ဧည့်သည်တွေကို ထမင်းလိုက်ကျွေးနေတယ် သီရိ” သူမ မောင့်ကို ဆိုင်အပြင်ဘက် လှမ်းထွက်လာတာမြင်လိုက်ရသည်.. “ဘယ်ဆိုင်မှာလဲ ..မောင်ရဲ့” “ အဲ..မီလျံကွိုင်မှာ….” “ သီချင်းသံတွေ ကြားနေ...