Skip to main content

ကဲ..မောင်း.. မြန်မြန်သာမောင်း (နောက်ဆက်တွဲ)

အားလုံးပဲ တောင်းပန်ပါတယ်..။
ကျမ  ပို့စ်တင်တာ  အဆင်မပြေလို့ပါ။ 
ဘယ်လိုမှ တင်မရဘူး။  ပီဒီအက်ဖ်လည်း  တင်မရ။  ပုံတွေလည်း  upload  လုပ်မရ။ cbox တွေထဲလည်း ရေးမရ..။
ခုတခါ မေးလ်နဲ့  text  အနေနဲ့ပဲ တင်လိုက်ပါတယ်။



ကဲ… မောင်း.. မြန်မြန်သာမောင်း


မောင်ကိုကို  (အမရပူရ)  ရေးသားသည်။


 

ကျွန်တော်  စာမူပို့လျှင်  ဖက်စ်နှင့် ပို့သည်။ တယ်လီဖုန်းလိုင်းကို သုံး၍  အီလက်  ထရောနစ် စနစ်ဖြင့်  ကျွန်တော့်စာမူကို ဂျာနယ်တိုက်သို့ ပို့လိုက်သည်။  စက်ထဲသို့  စာမူကို  ထိုးထည့်လိုက်ရုံပင်။  ဟိုဘက်က လက်ခံသည့်စက်မှ ကျွန်တော့်စာမူ ပြန်ထွက်လာ၏။ ကျွန်တော့် အတွေးနှင့် ကျွန်တော့် တင်ပြပုံကို အယ်ဒီတာတွေက  ချက်ချက် ၀ိုင်းဖတ်  ချက်ချင်း ပိုင်းဖြတ်လို့ရသည်။

အမြန်ချောပို့က တစ်ည၊ နှစ်ည  အိပ်ပျော်  နေဦးမည်။ ဖက်စ်ကတော့  အခု  ချက်ချင်း  ရောက်သွားသည်။  ကျွန်တော် နေသာထိုင်သာ ရှိသွား၏။  ကျွန်တော်က မြန်တာ ကြိုက်သည်။

"မြန်ဆန်ခြင်း" သည်  ကျွန်တော်တို့  ခေတ်၏ အင်ဂျင် ဖြစ်သည်။

ကျွန်တော်သည် မှန်လုံအဲကွန်းပါ Express ကားကြီးဖြင့်  ရန်ကုန်မြို့သို့ ရောက်လာ၏။

ကျွန်တော်က ဓမ္မစေတီလမ်းက ဟိုတယ် သေးသေးလေး တစ်ခုမှာ  တည်းခိုသည်။  မနက်ခင်းပိုင်း  လမ်းလျှောက် ထွက်၏။  လမ်းလျှောက် ထွက်ရင်း ဟိုတယ် တစ်ခုကို မော့ကြည့်မိ၏။ Holiday Inn Express  ဆိုပါလား။

ကျွန်တော် လမ်းဆက်လျှောက်သည်။ Pizza Hut Express  ဆိုသော  ဆိုင်တစ်ဆိုင်ကို တွေ့၏။ ကျွန်တော်  ပီဇာစားကြည့်မည်ဟု  ၀င်ထိုင်သည်။ ပီဇာက  ကျွန်တော့်ရှေ့ကို ခပ်မြန်မြန်ရောက်လာ၏။

Express  ပီသသည်။ ၀က်အူချောင်း၊  ၀က်ပေါင်ခြောက်၊ မှို  အဆာသွတ် ထားသည်။  အပေါ်ယံလွှာမှာ ခရမ်းချဉ်သီး  အကွင်းလိုက် ကပ်တင်ထား၏။  အီတာလျှံ  ပီဇာ။  ကျွန်တော့်ရှေ့ ခပ်မြန်မြန်ရောက်ချလာသည့် ပီဇာကို  ကျွန်တော်ကလည်း ခပ်သုတ်သုတ်  အုပ်ထည့်လိုက်၏။

ကျွန်တော်  လမ်းဆက်လျှောက်သည်။ မိုးရနံ့ကို ရှုရှိုက်မိ၏။ Express  Store ဟု  စာတန်း ထိုးထားသည့် စတိုးဆိုင်ထဲ ၀င်သည်။  အသွက်ရေး  အမြန်ရေး  မင်စိုဘောပင် အကောင်းစား တစ်ချောင်း  ၀ယ်၏။  ကျွန်တော်က စာကို အမြန်  ရေးတတ်၏။ Instant ကော်ဖီထုပ်ကြီး  တစ်ထုပ်  ၀ယ်သည်။  ဘာမှမလို။ ချက်ချင်းဖျော်  ချက်ချင်းသောက် အမြန်ကော်ဖီ။

Photo Express  ဆိုသည့်ဆိုင်မှာ  ၀င်သည်။  ပတ်စ်ပို့ ဓာတ်ပုံ လိုနေသည်။ အမြန်ရိုက် ချက်ချင်းရ။  အဲသည်  အနားမှာ Scan  အမြန် ဖတ်သည်။  ပီကာဆို၏ ပုံနှိပ်ပန်းချီ စာအုပ် တစ်အုပ်ကို  သူငယ်ချင်းထံမှ  ငှားထားသည်။ လိုချင်သည့် ပုံတွေ  Scan  ဖတ်ခိုင်းလိုက်သည်။ပီကာဆို၏  ပန်းချီကားတွေက  ဓာတ်ပုံလေးတွေ အဖြစ် ထွက် လာသည်။ ခေတ်ကြီးက  ဆန်းပြားစွာ  တိုးတက်တော့  ရန်ကုန်မြို့မှာ  ကျွန်တော်တို့  ပျော်ရွှင် ကြသည်။

ဟော  တွေ့ပြန်ပြီ။  ဗီနိုင်း  အမြန်ထုတ်ပေးသည် တဲ့။ ကျွန်တော့်  စာအုပ်အဖုံးကို ဗီနိုင်း  ဆိုက်ကြီးတွေ ထုတ်လိုက်သည်။  ပညာရွှေတောင်နှင့် စာပေလောက စာအုပ် အရောင်းဆိုင်တွေမှာ  အမြန်ချိတ်ဆွဲခိုင်းရမည်။  (အပျော်ဖတ်၊  အမြန်ဖတ် မဟုတ်သော ရသစာပေမှာ အမြန်  မရောင်းရမှန်း  စိမ်ပြီးစောင့်ပြီး ရောင်းရမှန်း  ကျွန်တော်  သိပါသည်။)

ကျွန်တော် လမ်းဆက်လျှောက်သည်။

လမ်းဘေးက ညောင်မုတ်ဆိတ်ပင်ကြီး တစ်ပင်အောက်မှာ ဆိုင်းဘုတ် တစ်ခုကို တွေ့သည်။ သင်၏ Portrait  ကို ရေဆေးဖြင့် အမြန် ရေးဆွဲပေးနေပြီ။  ကျွန်တော်  စူးစမ်းကြည့်၏။ မင်းဝေအောင် မဟုတ်၊ မောင်ညိုဝင်း မဟုတ်၊  ၀သုန် မဟုတ်။ ထို့ကြောင့်  ကျွန်ုပ် နောက်ဆုတ်ခဲ့သည်။

လျင်မြန်ခြင်းသည် သေခြင်း၏  ဆန့်ကျင်ဘက်  ဖြစ်သည်။  မမြန်ရင် သေပြီ။  မြန်ဆန်မှုသည်  လျှပ်စစ် အလင်းရောင်လို ကြည်လင်၏။ အိုလံပစ်ပွဲတော်မှာ အပြေးသမားတွေ အမြန်ပြေးကြ၏။  ကမ္ဘာ့ ဘောလုံးပွဲတွေမှာ  ဘောလုံးသမားတွေ မြန်မြန် ပေးကြသည်။  ခြေထောက်ထဲမှာ  ဘောလုံးကို ကြာကြာ မထားတော့။  ပေးသည်။  ပြေးသည်။  ကစ်သည်။ မြန်မြန်။  မမြန်လျှင် ခံရပြီသာမှတ်။

ကျွန်တော်တို့ ရန်ကုန်  ရွှေမြို့တော်မှာ အားလုံး မြန်မြန်  လမ်းလျှောက်ကြသည်။ လုံးချင်း  ၀တ္ထုတွေ အမြန် ရောင်းကြသည်။ ၃၁  လမ်းနှင့်  ၃၂  လမ်းမှာ  စာအုပ်တွေ အမြန် ရောင်းကြသည်။ ၃၄ လမ်းမှာ  Express  ဗွီဒီယို ထုတ်လုပ်ရေး  ရှိသည်။ ဇာတ်ကားတွေ အမြန် ထုတ်ကြသည်။ ဇာတ်ညွှန်းကို ရိုက်ကွင်းပေါ်မှာ အမြန် ရေးသည်။  မင်းသားက တစ်နေရာ ကူးရမှာမို့  ဒါရိုက်တာက အမြန် ရိုက်သည်။ ပြီးတော့ နယ်ကို အမြန် ဖြန့်သည်။

တွေးရင်း  လမ်းလျှောက်၊  လမ်းလျှောက်ရင်း တွေး၊ ကျွန်တော် ခဏတဖြုတ် နားဦးမည်။ လမ်းဘေးက ကဖေးဆိုင်  တစ်ဆိုင်သို့  ၀င်၏။ ကျွန်တော် ကြိုက်သော Expresso ကော်ဖီ မှာသောက်သည်။  ကော်ဖီဆိုလျှင် ခါးခါးမှ ကျွန်တော် ကြိုက်၏။ ကဖေးဆိုင်မှာ စားစရာတွေလည်း ရသည်။  Restaurant  Express  ဟု  ဆိုင်ကို  ကမ္ပည်း တင်ထား၏။ သြော်  နေရာတကာမှာ Express  နဲ့ မလွတ်ကင်းပါလား။

ဆိုင်နံရံပေါ်မှာ Spray-gun နှင့် အသွက်ရေးထားသော စာတန်း တစ်ခုကို  ကျွန်တော် ဖတ်ကြည့်လိုက်မိ၏။

High  speed is the  high  concept of  our  times.

ကျွန်တော်တို့ ခေတ်၏ အထက်တန်းကျကျ အယူအဆမှာ  high speed ဖြစ်နေပေါ့။

လူတွေက အတိုကောက် တွေလည်း အတော် ပြောကြသည်။  သုတေသနနှင့်  ဖွံ့ဖြိုးရေး  (research and development)  ကို  R  and D  ဟု  သုံးကြသည်။ ဥရောပ  ငွေကြေးစနစ် (European Currency  Unit) ကို  ECU ဟု ခေါ်ကြသည်။ ကိုယ်ခံအားကျဆင်းသည့် ရောဂါ  (Acquired Immune  Deficiency  Syndrome)  ကို AIDS ဟု ပြောဆို သုံးနှုန်းကြသည်။

ထိုသို့ပင်  WHO

ထိုသို့ပင် ATM

ထိုသို့ပင် DNA 

အမြန်ခေါ်ကြသည်။ အတိုခေါ်ကြသည်။

ထို့နောက် Sound bite (မိန့်ခွန်းကောက်နှုတ်ချက်) တွေလည်း သုံးလိုက်ကြတာ  နိုင်ငံတကာ ရုပ်မြင်သံကြား တွေပေါ်မှာ ၀ီခေါ်လို့။

သို့သော် မြန်ဆန်မှုကို ဝေဖန်သည့်  အသံအချို့ကိုလည်း ကျွန်တော် ကြားရသည်။

ချစ်သူ  နှစ်ဦး  ခပ်မြန်မြန် ချစ်သွားလို့  ရသလား။  မြန်မြန်ချစ်၊ မြန်မြန်လက်ထပ်၊ မြန်မြန်  ကွာရှင်း လိုက်တာမျိုးလည်း ရှိ၏။ လက်ထပ်ခြင်းတွင် တစ်ဦးနှင့်  တစ်ဦး  နားလည်အောင် အချိန်ယူတာ  မြန်မာတို့၏ ထုံးစံ။  ထို အချိန်ယူခြင်းသည်  မမှားနိုင်ပါ။  သို့မဟုတ်  အမှား နည်းမည်။

အမြန်ဆိုတာ ဒီဂရီမြင့်လေ မေ့ပျောက်သွားတာလည်း  မြန်လေဟု ပြောသူက  ပြောသည်။

မြန်ဆန်မှုသည် "တိမ်" သည်။  မြန်ဆန်မှုသည် "နက်ရှိုင်းမှု" ၏  ဆန့်ကျင်ဘက်ဟု  ပြောသူက ပြော၏။

Restaurant  Express  က  အထွက်မှာ  ကျွန်တော့် ကိုယ်ပေါ်သို့ ရန်ကုန်မိုးက ကျရောက်လာ၏။ ခပ်မြန်မြန်  ရွာချလိုက်သော မိုး။ ခပ်မြန်မြန်  တိတ်သွား၏။ မိုးပြေးက ပလက်ဖောင်းပေါ်မှာ ရေတွေ အငွေ့ပြန်သွားသည်။

မြန်ဆန်မှုသည် "တိမ်" ၏။  မနက်ရှိုင်း  ဟူသည် မိုးပြေးနှင့် ပတ်သက် နေသလား။ ကျွန်တော်  တွေး၏။  အခုစို၊  အခုခြောက်သွား၊  ရေမတင်ခဲ့။

ဖြည်းဆေးနှေးကွေးခြင်း  (Slowness)  သည်  သေချာ စဉ်းစား ဆင်ခြင်ခြင်း (deliberation) ဖြစ်သည်ဟု ပြောသူက ပြောသည်။ စပိဒ်ခရေစီ (Speed-crazy)  ခေတ်ကြီးမှာ  " မင်း မြန်မြန် သွားရင် နေရာအမှားမှာ  ဆုံးခန်းတိုင်မှာပဲ" ဟု  ပြောသူကလည်း ပြော၏။

ကျွန်တော်က  အမြန် အလင်းရောင်ခေတ်ထဲမှာ ပျော်ရွှင် ကျေနပ်နေ၏။ ကျွန်တော်  လမ်းမြန်မြန် လျှောက်တာ များလာပြီ။   Taxi Express ဆိုသည့်  တက္ကစီ  အမြန်  တစ်စီးကို  အမြန်တား၊  အမြန်တံခါးဖွင့်၊ အမြန်ခုန်တက်၊ အမြန် တံခါးပိတ်ပြီး "  ကဲ - မောင်း အမြန်သာ မောင်း   ပြန်ဖို့ အရေးကြီးတယ်"  ဟု  ပြောလိုက်သော်လည်း "ဘယ်ကို မောင်းရမှာလဲ"  ဟု  မပြောမိပါ။ 


 

(အတွဲ  ၂၀၊ အမှတ် ၃၉၆ (၉- ၁၅၊၁၊၂၀၀၉)  ထုတ်  မြန်မာတိုင်း(မ်)  မှ  ကူးယူဖော်ပြပါသည်)



--
Theingi Nwai
tg.nwai@gmail.com

Comments

:P said…
ဖတ်သွားပါပြီ မတီဂျီ
Anonymous said…
မဆင်ထုံတို့ကတော့ အမြဲသူချည်းဦးဦးသွားတယ် ဟွင်း..
ဖတ်လို့ကောင်းတယ်အန်တီtg ရေးတဲ့သူရဲ့ ရည်ရွယ်ချက်လေးသိပ်ကောင်းတာပဲ။ အားကျလိုက်တာ။း)
Sonata Cantata said…
tg ရေ တနေ့တနေ့ အိမ်က ကလေးလေးနှစ်ကောင်ကို မြန်မြန် မြန်မြန်နဲ့ မောင်းနေတာ ဒီစာလေးဖတ်မိလို့ အရှိန်တောင် နည်းနည်းသတ်မိသွားတယ်...ကျွိ
စာလေးကိုသဘောကျလိုက်တာ။
ခုမှပဲကိုယ့်ကိုယ်ကိုလဲ သတိထားမိတယ်။

Popular posts from this blog

မနေ့က ဘာရယ်မဟုတ် တီဗွီရှေ့ ထိုင်ရင်း Sister's keeper ဆိုတဲ့ ရုပ်ရှင်လေး ကြည့်မိခဲ့တယ်။ ကင်ဆာဝေဒနာသည် သမီးကြီးအတွက် မိသားစုဝင်တွေ အားလုံး ကူညီပေးဆပ်ခဲ့ကြပုံတွေ.. မိခင်တယောက်အနေနဲ့ သမီးအသက်ကို ဆွဲဆန့်ဖို့ပဲ မျှော်လင့်ချက်တွေနဲ့ တခြား ဘယ်သူ့က်ုမှ ဘယ်အရာက်ုမှ ထည့်မတွက်တော့တဲ့ ပြင်းပြထက်သန်တဲ့ ဆန္ဒ... နောက်ဆုံး ကာယကံရှင် သမီးက သူ့တွက် ထိခိုက်ပေးဆပ်ခဲ့ကြတဲ့ မိသားစုတွေအပေါ် ကျေးဇူးတင်အားနာရင်း သူ့ကို လွှတ်ပေးလိုက်ဖို့သာ တောင်းဆိုလာတော့တယ်.. ဆက်စပ်ရင်း ပုံ့လေးကို သတိရမိတယ်... ဘဝတွေ..... ဒီနေ့မနက် သမီးသူငယ်ချင်းရဲ့ အမေ အသုဘ လိုက်ပို့ဖြစ်တယ်။ သိပ်ထက်မြက် ဖြတ်လတ် သွက်လက်တဲ့လအမျိုးသမီးပေါ့... အနာဂတ်ကောင်းတွေ (သူ့အတွက်သာမက) အသိုင်းအဝိုင်းကိုပါ မျှဝေမြှင့်တင်ပေးနေတဲ့ အမျိုးသမီး... ကလေးတွေနဲ့ ပတ်သက်ပြီး မျက်မှန်းတန်း သိကြရုံဆိုပေမယ့် သူ့ရဲ့ ထက်မြက်သွက်လက်တာတွေကို သဘောကျ အားကျခဲ့တယ်... inner က လာတဲ့ စိတ်အားတက်ကြွ ယုံကြည်လှုပ်ရှားမှုတွေ....  သာယာလှပတဲ့ မိသားစုဘဝလေးရယ်...အဲဒီလိုပဲ ကြည့်နေရင်းနဲ့ သမီးငယ်က သူ့သူငယ်ချင်းမေမေမှာ အဆုတ်ကင်ဆာဖြစ်နေတယ်ဆိုတဲ့ သတင်းကြားတော့ ... ကိုယ် သိခဲ့တဲ့ ကျန်းမာရေးလိုက်...

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။

အမှတ်တရ...

၁၉၈၈-ခုနှစ်ရဲ့ မတ်လ ၁၁-ရက်နေ့... အဲဒီနေ့က ကြို့ကုန်းက ရန်ကုန် စက်မှုတက္ကသိုလ်ဝင်းထဲမှာ  စည်ကားနေကြတယ်လေ..။ စုပေါင်း သွေးလှူပွဲ ရှိတာကိုး။ ကျောင်းသူ ကျောင်းသားတွေလည်း စိတ်အားထက်သန်စွာ ကိုယ့်သွေးတွေကို ပေးလှူခဲ့ကြတယ်..။  (အဲဒီနေ့ သွေးလှူပွဲကတော့ ၀မ်းမြောက်စွာနဲ့ပေါ့...) ကျမလည်း သွေးလှူဖို့ ရည်စူးထားခဲ့လို့  အဲဒီ အလှူပွဲ ၀င်နွှဲခွင့်ကြုံခဲ့သေးပါတယ်.... အဲဒါ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်များတောင် ဖြစ်မလားမသိ...။ ပြီးတော့ သွေးလှူရှင်တံဆိပ်လေးတစ်ခုရယ်.. သွေးလှူမှတ်တမ်းကဒ်လေးရယ်.. ကြက်ဥပြုတ်လေး တစ်လုံးရတာတော့ မှတ်မိနေခဲ့တယ်...။ ပြီးတော့ အဲဒီ သွေးလှူရှင်တံဆိပ်ကလေးကို တစုံတယောက်ကို မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့လိုက်တယ်... အဲဒီနေ့က သူ့ မွေးနေ့ပါ.....။ သူ့မွေးနေ့မှာ ကိုယ်ရည်စူးလှူဖြစ်ခဲ့တဲ့ သွေးအလှူဟာ  လိုအပ်နေတဲ့ တစ်စုံတစ်ယောက်အတွက် အထောက်အကူဖြစ်ခဲ့ရင်.. သူရော ကိုယ့်အတွက်ပါ မွန်မြတ်တဲ့ အလှူဖြစ်စေဖို့ပါ...။ သွေးလှူပြီးပြီးချင်းပဲ  ရန်ကုန်ကနေ  မိဘတွေရှိတဲ့ ပဲခူးကို လိုင်းကားနဲ့ ပြန်လာတော့ ခေါင်းတွေ  တအားမူးနေလို့ မရပ်နိုင်ပဲ အတူလိုက်လာတဲ့ သူငယ်ချင်းရဲ့ လက်ကိ...