Skip to main content

HAPPY 5TH BIRTHDAY, GRACE!

အမှတ်တရ မွေးနေ့လေး ဖြစ်ပါစေ.. သမီးငယ်!

၂၀၀၄ -ခုနှစ် ဇန်န၀ါရီလ ၁၉-ရက်မှာ မွေးဖွားခဲ့တာမို့ အခုဆို ငါးနှစ်တောင် ရှိသွားခဲ့ပြီပေါ့ သမီးမေးနေကျ…မီးမီးငယ်ငယ်တုန်းက အကြောင်း ပြောပြလေဆိုတဲ့ အိပ်ယာဝင်ပုံပြင်လေးကို အခုမေမေ သမီးမွေးနေ့ အမှတ်တရအဖြစ် ပြောပြမယ်နော်.. သမီးကြီးလာတဲ့အခါ.. စာဖတ်တတ်တဲ့အခါကျရင် မေမေ သမီးကို မချစ်ဘူးလို့ သံသယ၀င်လာတဲ့အခါကျရင် သည်စာလေးက သမီးမေမေရဲ့ ခံစားချက်တချို့ကို ပြောပြပါလိမ့်မယ်…

သမီးက မေမေတို့ ငါးယောက်မိသားစုထဲမှာ အငယ်ဆုံးလေး… ကိုကိုနှစ်ယောက်ပြီးမှ နောက်မှရောက်လာတဲ့ ရွှေဧည့်သည်လေးပေါ့။ ကိုကိုမိုးဟန်ကိုမွေးပြီးတဲ့နောက်တော့ နောက်ထပ်ရလာမယ့် ကလေးကို သမီးမိန်းကလေးပဲ ဖြစ်စေချင်ခဲ့တာ… ဒါပေမယ့် တောက်တောက်လို့ သမီးခေါ်တဲ့ သမီးကိုကိုလေး ရောက်လာတော့လည်း မိန်းကလေးမဖြစ်ခဲ့လို့ဆိုပြီး စိတ်မညစ်ခဲ့တာတော့ မိဘတွေရဲ့ မေတ္တာပဲ ဖြစ်မယ်ထင်တယ်နော်..။ ဒါ့အပြင် ရဲရဲတောက်လေး ၅-လသားအရွယ်မှာ သမီး မေမေ့ဗိုက်ထဲ စရောက်လာခဲ့တယ်..။ မေမေမယုံချင်လို့ သုံးလေးခါ လောက်သေချာအောင် အထပ်ထပ် စမ်းသပ်ခဲ့မိတယ်..။ ဟုတ်တယ်လေ… ကိုကိုနှစ်ယောက်စလုံးကို ဗိုက်ခွဲပြီး မွေးထားခဲ့တော့ နောက်ထပ်ကလေးတစ်ယောက်ယူဖို့ နှစ်နှစ်လောက် ခြားရမယ်ဆိုတာ..မေမေ သိခဲ့တာကိုး။

ရလာတော့လည်း မေမေလိုချင်တာ သမီးလေးတစ်ယောက်..။ ရဲရဲတောက်တုန်းက ဒီလောက်မပြင်းပြခဲ့ပေမယ့် သည်ကလေးဟာ နောက်ဆုံးပဲလို့ သိပြီးတဲ့နောက် သမီးလေးဖြစ်မှ..ဆိုပြီး မေမေရော..ဖေဖေရော အရမ်းကိုလိုချင်ခဲ့တာပေါ့…။

အယူမသည်းတတ်တဲ့ မေမေ သည်တစ်ခေါက်တော့ တကယ့်ကို ရူးတာနော်.. အရင် ကိုကိုတွေတုန်းက ၀တ်တဲ့ ကိုယ်ဝန်ဆောင်ဂါဝန်တွေ တစ်ထည်မှ မ၀တ်တော့ဘူး… ကိုယ့်အတွက်အဆင်မပြေ အချိုးမကျတဲ့ ရှပ်အင်္ကျီပွပွနဲ့ လုံချည်ကို ဗိုက်အပေါ်တက်ဝတ်တဲ့ (မေမေ မနှစ်သက်ခဲ့တဲ့ မိခင်လောင်းစတိုင်) ပုံစံနဲ့ပဲ နေလာခဲ့တာ…။ သူများတွေက ကိုယ် သားလေးလိုချင်ရင် သားယောကျာင်္းလေး မွေးတဲ့ မိခင်ဆီက ၀တ်ခဲ့တဲ့ အင်္ကျီတွေ တောင်းရမယ်ဆိုတော့…ဟုတ် ဟုတ် မဟုတ်ဟုတ်လေ… မေမေ အဲဒီအင်္ကျီတွေ ဂါဝန်တွေကို သားလေးမွေးချင်တဲ့ အသိတွေကို ပေးပစ်လိုက်တယ်။

နောက်တစ်ခါ ကလေးအထူးကုဆရာဝန်ကြီး အန်တီအိကို သွားပြတော့ သမီးလေးမွေးတဲ့ ဂါထာဆိုပြီး ပေးလိုက်တော့ မေမေလည်း ကောက်ရိုးတစ်မျှင်ရပြီဆိုပြီး အားရပါးရ ရွတ်နေခဲ့လိုက်တာ… အန်တီအိက ဆရာဝန်ကြီးပီသစွာ သူ့အညွှန်းအတိုင်းပဲ ရွတ်ဖို့ သတိပေးရတဲ့ အထိပါပဲ။

သမီးအလှည့်မှာတော့ မေမေကိုယ်ဝန် ၇-လမှာ ultrasound ရိုက်ခွင့် ကြုံခဲ့ရတယ်… အခန်းကအထွက် ပါးစပ်ကို မစေ့နိုင်လောက်အောင် ပြုံးရွှင်နေတဲ့ မေမေ့ကို ကြည့်ပြီး သမီးဖေဖေက တခါတည်း မှန်းနိုင်ခဲ့တာ သူတော်လို့ မဟုတ်ဘူးနော်.…။ မေမေအဲဒီလို ဗိုက်ထဲက ကလေးလေးက ဘာလေးမှန်း မသိခင်ထဲက သမီးဖေဖေက အိပ်မက် မက်တယ်တဲ့… မိန်းကလေးတစ်ယောက်က ဟမ်းဖုန်းနှစ်လုံးနဲ့ လာတာ ဆိုပဲ…။ မေမေကတော့ ကိုယ်ဝန်ဆောင် ကုသိုလ်ကောင်းတဲ့သူမို့… တခြားချိန်တွေထက် အဲဒီအချိန်တွေမှာ စားတိုင်းကောင်း၊ အိပ်တိုင်းပျော်၊ တစ်သားမွေး တစ်သွေးလှတော့ မဟုတ်ဘူး.. တစ်သားဆောင် တသွေးပြောင်တဲ့ အချိန်ပေါ့.။ အဲဒါကြောင့် အိပ်မက်မက်ဖို့ အချိန်ကို မရှိခဲ့ဘူးလေ..။

သမီးလေးကိုမွေးတာတော့ သားငယ်လေးကို မွေးခဲ့တဲ့ SSC မှာပါပဲ..။ အန်တီမိုးဖြူက ကြိုတင်ပြောထားပေးလို့ ရက်ကြပ်နေတဲ့ကြားက တောက်တောက်မွေးတုန်းကလိုပဲ အခန်းကျယ်ကျယ်ရခဲ့တယ်။ ထုံးစံအတိုင်းပဲ သမီးငယ်လည်း ကိုကိုတွေလိုပဲ အသားဝါဖြစ်ခဲ့တာပဲ.. မီးပြ ခဲ့ရတာပါပဲ… ဒါပေမယ့် မိန်းကလေးမို့ သက်သာတယ်ဆိုတယ်…။ နောက်ပြီး ကိုကိုတွေနဲ့ အတူတူ.. အေဘီ-သွေးအုပ်စု မောင်နှမတွေပေါ့။

မွေးစကတည်းက မျက်တောင်နက်နက်လေးတွေပါလာခဲ့တဲ့ သမီးလေး၊ မွေးခဲ့သမျှထဲမှာတော့ နက်မှောင်တဲ့ ဆံပင်တွေ အများဆုံး သမီးငယ်က တိုက်တိုက်ဆိုင်ဆိုင် တောက်တောက်နဲ့ မွေးချိန် တူနေပါတယ်… သမီးမွေးတဲ့အချိန်မှာ ကိုကိုလေးက တစ်နှစ်နဲ့ နှစ်လရယ်… နို့မပြတ်သေးဘူး။ လမ်းမလျှောက်တတ်သေးဘူး။ ဆေးရုံမှာ သမီးမွေးတော့ ကိုကိုတွေကို ဖိုးတို့ဖွားတို့နဲ့ထားခဲ့ရတာလေ..။ သမီးမွေးပြီး သားငယ်ရောက်လာတော့ သူ့ညီမသေးသေးကွေးကွေးလေးကို ကြည့်ပြီး သဘောတွေကျလို့… အဲဒီရက်အတွင်း သူ လမ်း စ လျှောက်ခဲ့တာ..။ ဆေးရုံရောက်တော့ သမီးငယ်နဲ့အတူ ချိုချို လိုက်စို့လို့ ဆရာမတွေက သူ့ကို စ နေကြသေးတယ်လေ.. တကယ်တမ်းကျတော့ ကိုကိုလေးနဲ့ သမီးက နို့စို့ဘက်တွေပေါ့…။

အသားဝါသက်သာလာတော့ ဆရာဝန်အန်တီကြီးက (အန်တီအိ မဟုတ်ဘူးနော်) နားကြပ်နဲ့စမ်းရင်း မေမေတို့ကို လန့်ဖျပ်စေမယ့် စကားတစ်ခွန်း ပြောခဲ့တယ်… အသားဝါကတော့ စိတ်မပူရပါဘူး.. ဒါပေမယ့် အသံပိုလေး ကြားနေရတော့ နှလုံးမှာ အပေါက်ပိုလေးပါတယ်…တဲ့။

မေမေတို့မိဘတွေဆိုတာ သားလေး သမီးလေးဆိုတာထက် တကယ်တမ်းကျတော့ ကိုယ်လက်အင်္ဂါ ပြည့်စုံဖို့ကိုပဲ မမြင်ရမချင်း ဘုရားတ နေရတဲ့ သူတွေပါ။ အခုတော့ သမီးလေးက နှလုံး ပုံမှန်မဟုတ်ခဲ့လေဘူး…။

စိတ်ပူတာပေါ့ကွယ်… ညဘက် ညဘက် မေမေနဲ့ ဖေဖေသက်ပြင်းတွေချရင်း.. တွေ့သမျှ ပတ်သက်တဲ့ စာတွေလိုက်ရှာဖတ်… အင်တာနက်ထဲကနေ ရှာ…။ ကံကောင်းတာက သမီးရောဂါက အဆိုးကြီး ဟုတ်ဟန်မတူဘူး။ သူများတွေနဲ့ တန်းတူ ပြေးလွှားဆော့ကစားနိုင်တယ်…ကိုကိုတွေနဲ့ အပြိုင် အနိုင်မခံ အရှုံးမပေးစိတ်ကြီးလွန်းလို့ တားနေခဲ့ရသေးတယ်။

အန်တီအိကလည်း ဆွေမျိုးတော်စပ်နေလေတော့ သမီးကိုဆို အမြဲတမ်းမေးရှာတယ်.. ငယ်ငယ်ကတည်းက ခွဲလိုက်ရင်ကောင်းမယ်ဆိုပြီး နိုင်ငံခြားက teams တွေ လာခွဲပြီးဆို သမီးလေးကို ခွဲဖို့ စာရင်းပေးချင်တယ်..။ ခက်တာက မေမေတို့ပဲ…။ အခု သမီးရင်ဘတ်နား ကပ်နားထောင်ရင် နှလုံးခုန်သံအပြင် လေတိုးသံ ရှူးရှူးရှဲရှဲဆိုတာကြီးပါ ကြောက်စရာ ကြားနေရတာကလွဲလို့ သမီးက ပကတိ လူကောင်းတစ်ယောက်ပါပဲ…။ ဒီအတိုင်းလည်း မဖြစ်မနေမှမဟုတ်တာဆိုပြီး မေမေတို့က အဲဒီအချိန်တွေဆို ရှောင်ပြေးနေတတ်ခဲ့တယ်လေ..။ နောက်ဆုံး အန်တီအိရဲ့ လူနာကလေးလေးတစ်ယောက် ဆုံးပါးသွားတော့ အန်တီအိ တစ်ယောက် မေမေတို့ကို မတိုက်တွန်းတော့ပဲ အပြင်မှာ ထွက်ပြဖို့သာ အားပေးနေခဲ့တယ်…။

စင်ကာပူမှာ သမီးကို သွားပြပြီး ပြန်လာမှသာ..နဲနဲ စိတ်အေးရတော့တယ်… တဖြေးဖြေး တိုးလာတဲ့ လေတိုးသံကို နားထောင်ရင်း သမီး တနေ့နေ့မှာ အဲဒီအပေါက်ကလေး သူ့အလိုလို ပိတ်သွားဖို့ကိုပဲ မေမေတို့ မျှော်လင့် ဆုတောင်းနေခဲ့ရပါတာပါ။

မေမေ့သမီးလေး မလှချင် အကြောင်းရော..ပြောပြရဦးမလား…။ မေမေက အလှအပကို မမက်မော မပြင်ဆင်တတ်သလောက် သမီးလေးဟာ ငယ်ငယ်ကတည်းက အလှအပကို နားလည်ခံစားတတ်ခဲ့တယ်။ အမေဆင်ပေးတာထက် သူကြိုက်တာ သူရွေးဝတ်တတ်တယ်။ သူနဲ့ အဆင်မပြေရင် အဲဒါက ပူတယ်.. ကြီးတယ်..ချောင်တယ်.. အဆင်မပြေတဲ့အကြောင်းတွေကို သေသေချာချာ ပြောတတ်တယ်။

အမေဖြီးသင်ပေးတဲ့ ဆံပင်ကို သူကိုယ်တိုင်ဘီးတစ်ချောင်းနဲ့ မှန်ကြည့်ပြီး ပြန်ပြင်တတ်တယ်…။ (ဟုတ်တော့လည်း အဟုတ်၊ အဲဒါက ပိုလှနေတတ်တယ်) သူ့အကြိုက် ဘီးကုပ်..နားကပ်..ကလစ်မျိုးစုံကို ဆိုင်တွေရောက်တိုင်း အဲဒီနေရာကို သွားငေးတယ်.. ၀ယ်ခိုင်းတယ်…တခါကလည်း သူလိုချင်တာ ကလစ်လှလှလေး.. ဒါပေမယ့် သူက မယ်သီလရှင်လူထွက် ဆံပင်တိုလေးနဲ့ဆိုတော့ ဘေးက လူတွေပါ သူ့ကြည့်ပြီး ရယ်လိုက်ြကတာ…။ အမေက မသင့်တော်လို့ မ၀ယ်ပေးတဲ့ ဒေါက်ဖိနပ်ကို အမေမသိအောင် အဖေ့လက်ဆွဲပြီး သူလိုချင်တာ ရအောင် ၀ယ်တတ်ခဲ့တဲ့ သမီးပေါ့…

အငယ်ဆုံးဆိုတော့ အကိုတွေကို အနိုင်ယူ ဗိုလ်ကျတတ်တာတွေ..ဂျီကျတတ်တာတွေ ရှိပေမယ့် မိန်းကလေးပီသစွာ မေမေ့ကို ကူညီပေးတဲ့ တစ်ဦးတည်းသော မေမေရဲ့ ကူဖော်လောင်ဖက်လေးပါပဲ။ သူ့အားသူကိုးတတ်တဲ့သူ ..သူတောင်းနေလို့မှ မရရင်တော့ ထပ်ပြောမနေတော့ပဲ ရအောင်ယူတတ်တယ်.. သူမတတ်နိုင်ရင် သူ့အကိုလေးကို နည်းပေးလမ်းပြ ဆရာမကြီးလည်း လုပ်တတ်တဲ့ မေမေတို့ရဲ့သမီးငယ်.. အိမ့်ဆွဲလည်းလေး မဟုတ်တဲ့ အိမ့် Whistle လေးပေါ့…။

သီချင်းဆိုတာ ၀ါသနာပါ….ကဗျာရွတ်တာတွေမှာ ပျော်မွေ.တတ်တဲ့ မေဖေတို့ရဲ့ သမီးလေး… နောင်တနေ့မှာ သီချင်းတွေဆိုရင်း ဘ၀လမ်းခရီးကို လွယ်လွယ်ကူကူ လျှောက်လှမ်းကျော်ဖြတ်ရင်း ကျန်းမာရွှင်လန်းစွာနဲ့ပဲ ငယ်ငယ်တုန်းက မသိခဲ့တဲ့ တရားအရသာကို ရှာဖွေတွေ.ရှိနိုင်စေဖို့ ဆုတောင်းပေးလိုက်ပါတယ်… မေမေတို့ရဲ့အချစ်ဆုံး သမီးငယ်လေး…ကြည်လင်ထက်မြက် ခေါ် Grace လေးရေ…

Comments

သီချင်းဆိုတာ ၀ါသနာပါ….ကဗျာရွတ်တာတွေမှာ
ပျော်မွေ့တတ်တဲ့ မေဖေတို့ရဲ့ သမီးလေး…
နောင်တနေ့မှာ သီချင်းတွေဆိုရင်း ဘ၀လမ်းခရီးကို
လွယ်လွယ်ကူကူ လျှောက်လှမ်းကျော်ဖြတ်ရင်း
ကျန်းမာရွှင်လန်းစွာနဲ့ပဲ နေနိုင်ပါစေ တူမလေးရေ
အော် တူမလေးဆိုမှ ဖိုးဂျယ်တောင် ဦးဦးအရွယ်ရောက်နေ
ပြီကိုး ဦးဦးကအခုမှ ကလေးလုပ်ကောင်းတုန်း တူမလေးရဲ့
ThuHninSee said…
နာမည်ကတော့ အပျံစားပဲ။ ပျော်ရွှင်သော မွေးနေ့ဖြစ်ပါစေ
ဂရေ့စ်။ မြန်မာနာမည်လေးကို ပိုကြိုက်တယ်။
မီယာ said…
သမီးလေးရော မိဘတွေပါ ကံကောင်းလိုက်တာ။ Happy Birthday Grace ကြည်လင်ထက်မြက်!
ဇနိ said…
Happy Birthday သမီးလေး...
မေမေကလည်း သမီးကို သိပ်ချစ်တယ်..
သမီးလေး တစ်ဘဝလုံးပျော်ရွှင်ပါစေ..
Sonata Cantata said…
ဒီနေ့ အန်တီသီတာ Clementi ကျောင်းမှာ နေ့ဆွမ်းကပ်ဖို့ ဆွမ်းလှည့်ကျတယ်။ ကုသိုလ်ပြုပီး သမီးလေး ကျန်းမာ ချမ်းသာပါစေကြောင်း ဆုမွန်ကောင်း တောင်လိုက်မယ်နော်။
"HAPPY BIRTHDAY"
. said…
ဂရေ့စ်လေး မွေးနေ့..
ပျော်ရွှင်ချမ်းမြေ့ပါစေ..။ :-) ။
Moe Cho Thinn said…
သမီးချောလေး ကြည်လင်ထက်မြက် ရဲ့ မွေးနေ့မှာ ..ဒီမိဘရဲ့ မေတ္တာရနံ့နဲ့ သင်းပျံ့မွှေးထုံသော၊ လာခြင်းကောင်းသော ပန်းကလေးကို အကောင်းဆုံးတွေသာ ရရှိပါစေလို့ အံတီက ဆုတောင်းပေးလိုက်ပါတယ်နော်။
မ ရေ… ဒီနေ့ မှ ဒီပို့ စ်လေးကို ဖတ်ဖြစ်တယ်… သမီးလေးက နာမည်လေးနဲ့ လိုက်အောင် မျက်နှာလေးက ကြည်လင်ပြီး ဥာဏ်ပညာထက်မြက်မဲ့ ပုံပဲ… မ ရေ… ကျွန်မရဲ့ လုပ်ဖော်ကိုင်ဘက် သူငယ်ချင်းရဲ့ သမီးလေးလဲ အဲလို နှလုံးအပေါက်လေးပါတာ… ခုတော့ သူ့ အလိုလို ပိတ်သွားပြီ… ခုဆို ၀တုတ်နေတာပဲ… မစိုးရိမ်ပါနဲ့ မ ရေ… သမီးလေးလဲ အဲလိုသူ့ အလိုလို ပိတ်သွားမှာပါ… သမီးလေး စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ…

Popular posts from this blog

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...

သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)

ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...

အဝေးမြင် အနီးမှုန်....(နောက်ဆုံး)

အနီးမှုန်.. “မောင် ဒီနေ့ meeting ရှိုလို့နောက်ကျမယ်နော်…သီရိ..” “အော်…ဟုတ်.. သီရိလည်း ခိုင် ရန်ကုန်ရောက်တုန်း အိမ်လာလည်မယ် ဆိုလို့ စောင့်နေတာ… ဘယ်မှာလုပ်မှာလဲ.. meeting က..” “ ရုံးမှာပဲသီရိရေ.. နိုင်ငံခြားသားတွေပါမယ်.. ပြီးရင်တော့ တခုခုလိုက်ကျွေးရမှာပေါ့..” “ ဘယ်ဆိုင်မှာလဲ..မောင်..” “ အနီးအနားက အေးအေးဆေးဆေးဆိုင်မျိုးပဲ ဖြစ်မှာပါ.. ဒါလည်း မသေချာသေးပါဘူး… ကိုယ် ဖုန်းဆက်မယ်လေ..” “ ဟုတ်… အပြန်ကျ ခေါက်ဆွဲကြော်ဝယ်လာခဲ့နော်မောင်..ကလေးတွေ စားဖို့..” “ အင်း..အင်း..ဟုတ်ပြီ..ဒါပဲနော်” ခိုင့်ကို အိမ်ပြန်ပို့ပေးပြီးအပြန် စင်တင်တေးဂီတရှိသည့် ဆိုင်တစ်ဆိုင်ရှေ့မှာ သူမရဲ့မောင့်ကားကို လှမ်းတွေ့လိုက်သည်။ သူမ အဲဒီဆိုင်အပြင်ဘက်ရောက်နေမှန်း မောင်သိရင် အံ့အားသင့်သွားစေချင်သည်။ နောက်ချင်စိတ်ဖြင့် ဆိုင်အပြင်ဘက်မှာ ကားရပ်ပြီး သူမ မောင့်ဖုန်းကို လှမ်းခေါ်လိုက်သည်။ ချက်ချင်း မကိုင်သေး။ တော်နေကြာမှ ဟဲလို..ထူးသံကြားသည်…။ “မောင်..ဘယ်မှာလဲဟင်” “ ဧည့်သည်တွေကို ထမင်းလိုက်ကျွေးနေတယ် သီရိ” သူမ မောင့်ကို ဆိုင်အပြင်ဘက် လှမ်းထွက်လာတာမြင်လိုက်ရသည်.. “ဘယ်ဆိုင်မှာလဲ ..မောင်ရဲ့” “ အဲ..မီလျံကွိုင်မှာ….” “ သီချင်းသံတွေ ကြားနေ...