Skip to main content

ဧရာဝတီလင်းပိုင်တစ်ကောင်ဖြစ်ချင်တယ်......

ဒီနေ့ နေ့လည် မျက်စေ့ရှေ့ရောက်လာတဲ့ မြန်မာတိုင်း(မ်)ကို ဟိုလှန်ဒီလှန်  လျှောက်ဖတ်ဖြစ်ပါတယ်။
မျက်နှာစာမှာ လောလောဆယ် မြန်မာပြည်မှာ ရေပန်းစားနေတဲ့ သတင်း.. အဲ.. FC... FC နဲ့ နေရာတကာ ကြားနေရတဲ့ မြန်မာနေရှင်နယ်လိဂ်က ဓာတ်ပုံကြီးတစ်ပုံ ... အင်း.. နိုင်ငံခြားသား အာဖရိကဘောလုံးအားကစားသမားတစ်ဦး စာဖတ်နေတဲ့ပုံ..... ကမ္ဘာ့အားကစား မြန်မာကို လွှမ်းစေရမည်.. အဲ.. မကြားရတာကြားလို့ လွဲသွားတာပါ.. ဆောရီး.. မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းစေဖို့.. အကြီးအကျယ်အရှိန်အဟုန်မြှင့်လုပ်ဆောင်နေတဲ့  မြန်မာဘောလုံးအားကစား.. ကောင်း၏။ ခေါင်းထဲ မတွေးပဲ ၀င်လာတဲ့ စကားလေးတစ်ခွန်း.... တူတော်မောင်  ငယ်ငယ်တုန်းက အင်တာနယ်ရှင်နယ်ကျောင်းမှာ ကျောင်းသူအသစ်လေး ရောက်လာတော့ သူ့အမေကို ပြန်သတင်းပါတာပါ.. ကလေးတွေ ထုံးစံအတိုင်း... “ မေမေ .. the new one, the black one လေးက ချောတယ် ” ...တဲ့... သဘောတွေ  ကျလို့ ။ သူက နိုင်ငံခြားရောက်နေလို့။ နေဦး.. ကျမတို့ သားလေးတွေလည်း မြန်မာပြည်မှာနေရင်းနဲ့ အဲလိုစကားမျိုးပြောနိုင်တော့မယ်။ ဘာရမလဲ...။

နောက်  ခေါင်းစဉ်တစ်ခု.. ရန်ကုန်ဈေးကွက်သို့ “  ပေါ်ဆန်း ”  ဆန် ၀င်ရောက်မှု လျော့နည်းလာ...တဲ့..။ ဒါဆို ဆန်ဈေးတွေ  တက်လာမယ်ထင်တယ်...။ ကိစ္စမရှိပါဘူး... ဆန်မရှိလည်း  ပေါင်မုန့်၊ ကိတ်မုန့်တို့  စားပါလားလို့  ပြန်ပြောမှာ  သိပြီးသား။
ပြည်တွင်းသတင်း ၃ မှာ  ဒေါ်အောင်ဆန်းစုကြည်အမှု  တတိယနေ့မြောက်ကြားနားမှုအား ပြည်တွင်း၊ ပြည်ပ သတင်းထောက်များနှင့် သံတမန်များကို တက်ရောက်ခွင့်ပြုခဲ့... ဒါကတော့  ပါရမှာပေါ့။ ခွင့်ပြုပေးထားခဲ့ရတာလေ... ပြောရမှာပေါ့....စိတ်ဝင်စားတယ်.. နေပါဦး။ ဓာတ်ပုံကတော့ ကိုကြက်တောပုံကြီးပါလား။  ရောင်စုံနဲ့  ပုံနှိပ်ထားလို့ ကိုယ်မြင်ချင်တဲ့သူများ တွေ့ရမလားအောက်မေ့တာ  စိတ်ညစ်သွား..။ တော်ပြီ.. သတင်းတွေက သိပြီးသား။

ဂျပန်နိုင်ငံသို့  အလုပ်သမားပို့ဆောင်မှု ဆိုင်းငံ့။ .. သိပ်စိတ်မ၀င်စားဘူး.. စိတ်ပိုင်းဆိုင်ရာပြုပြင်မှုကြောင့်  ယာဉ်တိုက်မှုများ ကျဆင်း... ဟုတ်တယ်.. ဒါ ဖတ်ချင်တယ်.. အခုတလော ယာဉ်တိုက်မှု ဆိုးဆိုးဝါးဝါးတွေ မြင်နေကြားနေရတာကိုး.. နောက်မှ အသေးစိတ်ဖတ်မယ်... 

အီးမေးလ် မှားယွင်းဖယ်ရှားခံရပါက မြန်မာတယ်လီပို့သို့ ဆက်သွယ်နိုင်... တဲ့။ မြတ်စွာဘုရား.. ဘာကြီးလဲ.. spam တွေကိုကာကွယ်ဖယ်ရှားတားဆီးနိုင်တဲ့ စံနစ်ကို တပ်ဆင်ထားလို့ spam အဖြစ်မှားယွင်းဖယ်ရှားခံရရင်.....ကိုယ့်စာတွေပျောက်ရင်  ဆက်သွယ်ရမယ်.. မြန်မာတယ်လီပို့ကို... တညိုးကြီးပဲ...။ 

နောက်.. မြန်မာပြည်အထက်ပိုင်း သတင်းများ... နှစ် ၁၅၀ ပြည့်အထိမ်းအမှတ်ပွဲတွေ..သတင်းတွေ ဝေေ၀ဆာဆာပါပဲ... ရန်ကုန်မြို့မှာ နာမည်ကြီးလုပ်ငန်းတချို့ မန္တလေးသို့ ကူးပြောင်းလာတဲ့... အင်း..  တို့ရန်ကုန်မြို့ကြီးလည်း ရာဇ၀င်ထဲမှာ ရန်ကုန်ကို ထားခဲ့.. ဖြစ်တော့မှာပဲ...။ 

အောက်မှာ  ကပ်ရက်သတင်းတစ်ပုဒ်...  ဧရာဝတီလင်းပိုင်တစ်ကောင် ရှော့တိုက်ဒဏ်ရာဖြင့်သေဆုံး.. တဲ့။ ကြားရတာ စိတ်မချမ်းသာပါဘူး..   ဆက်ဖတ်ရင်း “ ဧရာဝတီလင်းပိုင်တစ်ကောင်  သေတာက လူတစ်သန်းလောက် သေတာနဲ့  ညီမျှပါတယ် ” ဆိုတဲ့  တာဝန်ရှိသူတစ်ဦးက  မြန်မာတိုင်းမ်ကို ပြောသည်..ဆိုတဲ့စကားကတော့.... မြတ်စွာဘုရား...။ လူတစ်သန်း...  ကျမတို့ လူသားတွေ အဲဒီလောက်တောင် ပေါများပြီး တန်ဘိုးမဲ့နေပြီလား... လူတစ်သန်းတောင်.... နာဂစ်တုန်းက  မြန်မာပြည်သူတွေ  သိန်းနဲ့ချီ  ပျက်စီးဆုံးရှုံးခဲ့တာထက်တောင် တန်ဖိုးကြီးနေခဲ့ပြီလား။ ဘာနဲ့များ ညီမျှခြင်းချလိုက်တာပါလိမ့်နော်...  ဒီစကားမျိုး ပြောနိုင်တာ ဘယ်လို လူမျိုးပါလိမ့်.. ကျမများ နားလည်မှု လွဲလေရော့သလား..

မြန်မာပြည်သူ ပြည်သားတွေ တန်ဖိုးကြီးလာအောင် နောင် မြန်မာပြည်ကို လူအဖြစ်နဲ့  မလာတော့ပဲ..  ပိုမိုရှားပါး  အဖိုးတန်တဲ့ ဧရာဝတီလင်းပိုင် တစ်ကောင်ဖြစ်ရပါလို၏ လို့ပဲ   ဆုတောင်းရတော့ မလိုလို...

အော်.. ဧရာဝတီလင်းပိုင်တစ်ကောင်သေတာ လူတစ်သန်းလောက် သေတာနဲ့  ညီမျှပါတယ်... တဲ့...။

Comments

အင်းး ဖြစ်ရမယ်လေ...
သူ့ခမျာ လျှာများ ခလုတ်တိုက်လေသလားး ဒုက္ခ။
Taungoo said…
ဧရာဝတီလင်းပိုင်တွေ ရှားပါးတာကို ပြောချင်တာထင်ပါရဲ့။ ပြောတဲ့သူကလဲ ပေးစရာ ဥပမာ အတော်ရှားသလားမသိ။ ထည့်ရေးတဲ့ သတင်းသမားကလည်း တီးထဲ့လိုက်တာပဲ။ လုပ်ကြပါ။

အမရေ
ဒီလိုပို့စ်မျိုးလေး မှန်မှန်တင်ပါလား။ ကောင်းတယ်ဗျ။ သတင်းလေးတွေလည်း သိရတာပေါ့ဗျာ။
Sonata Cantata said…
နာ့သူငယ်ချင်းဖတ်ပြမှလည်း တို့လည်း နားကြီး မျက်စိကြီး ဖြစ်ရတော့တယ်။
Anonymous said…
အထုမှဖတ်ရဒါ.. ပြောသာပြော မင်း ဂရုမစိုက်နဲ့ (သီချင်းကိုဖျက်ဆိုတာနော် အန်တီ..း)
စူး said…
အမရယ်.. ဖတ်ရင်း မောသွားတယ်..

နှိုင်းစရာဥပမာ အဲ့လောက်တောင် ရှားသလားးး

လူကို လူလို့ တန်ဖိုးမထားတာ

ဆင်းရဲတဲ့ လူလဲ လူတွေပါပဲ အသက်နဲ့ပါ။
သူတို့လိုလူမျိုးတွေနဲ့နိုင်းတာနေမှာပေါ့။
kay said…
အမ မျက်လုံးတောင် မယုံနိုင် တော့လို့ ရေးလိုက်တဲ့..ညီမျှခြင်းကို ကြည့်ပြီး..ဦးဏှောက်တောင် အလုပ်နှေးသွားတယ်။ ဖြစ်မှ ဖြစ်ရလေ။

Lucky that this Irrawaddy dolphin might be in good hand.. but unfortunately 1 million Irrawaddians from delta were .....
သက်ဝေ said…
ဘုရားရေ...
ဒီလိုတွေတောင်ဖြစ်နေကြပြီလား...
ညီမျှခြင်း မညီမျှခြင်းဆိုတာ ဘာအဓိပ္ပါယ်လဲဆိုတာ သိကြသေးရဲ့လား လို့သာ မေးလိုက်ချင်ပါတော့တယ်...
ATN said…
သူပြောချင်တဲ့ လူတသန်းက အဘတို့ အုပ်စုကလူတွေ ဖြစ်မယ်ထင်တယ်...း)
မမTG ရေ..

ဗီဟုသုတ အဲလေ ဗဟုသုတ တွေ ရသွားတယ်..
အဲဒီလူက ဟောင်ကောင်က ဘိုးတော်ကြီးလောက် နီးနီး ဆိုးပါ့နော်...
ဒါ့ကြောင့် မသိဂီ င်္နဲ့တွေ့ချင်တာ... တိုးတိုးမေးချင်တာလေးတွေ အများကြီးးးးလို့..
နောက်တခါ ဘန်ကောက်ရောက်ရင် ဆက်သွယ်ပါနော်...
JulyDream said…
လင်းပိုင် အကောင်ရေ ရှားပါးမှုကို ဖော်ပြချင်ပုံပါပဲ။ လူတစ်သန်းနဲ့ အချိုးကျတဲ့ အကောင်ရေပဲ ရှားရှားပါးပါး ရှိတယ်လို့ ညွှန်းဆိုချင်ပေမယ့် အပြောမတတ်တော့ ဆဲသလို ဖြစ်သွားတာလို့ ရိုးသားစွာ မြင်မိပါတယ်။
အင်း .. ဒုက္ခ ဒုက္ခ .. ဘယ်လိုပါလိမ့်နော် .. ????
မသိဂီ င်္ ရေးလိုက်တော့မှပဲ သတင်းတွေက ပိုစိတ်ဝင်စားစရာ ကောင်းနေတော့တယ်။ ...စိတ်ပိုင်းဆိုင်ရာပြုပြင်မှုကြောင့် ယာဉ်တိုက်မှုများ ကျဆင်း... ဆိုတာကတော့ နားကို မလည်တော့ဘူး။
ဖတ်လို့ ကောင်းလိုက်တာ မ ရယ်… သတင်းတွေကို ပြောတာဟုတ်ဘူး… မ ရဲ့ တင်ပြပုံလေး သဘောကျလို့ … မနေ့ ကတည်းက ဖတ်ပြီးသား… ရုံးကကော်မန့် ပေးတာ မရဖြစ်နေလို့ … ဒီိပို့ စ်လေးထဲက ဧရာဝတီလင်းပိုင်အကြောင်း မနက်က ရုံးသွားရင်း အမျိုးသားကို ပြောမိသေးတယ်… ကားကောင်းကောင်းတောင် မောင်းမရတော့ဘူး…နှိုင်းယှဉ်ချက်ကို ရှော့ဖြစ်သွားတာလေ… ကြားဖူးခဲ့တဲ့ ထန်းလျက်ပင်စိုက်ဆိုတဲ့စကားကို ဒါကစံချိန်ချိုးသွားတယ်…
Moe Cho Thinn said…
ဒီလူ လူတွေကို စိတ်များ နာနေရော့သလား :)

မမ မွေးနေ့ဆိုလို့ မမသက်ဝေဆီက လိုက်လာတယ်။ ပျော်ရွှင်ချမ်းမြေ့ပြီး စိတ်ချမ်းသာစရာ သတင်းတွေသာ ကြားရ ဖတ်ရတဲ့ မွေးနေ့များ ကြုံရပါစေနော်။
ချစ်သော
ချိုသင်း
သက်ဝေ said…
သူငယ်ချင်းရေ...
မွေးနေ့လို့တွေ့ပြီးကတည်းက အပြေးတပိုင်း လာချင်တာပါ။ ရုံးမှာ တနေ့လုံး အစည်းအဝေးခန်းထဲက မထွက်ရလို့ အခု အိမ်ရောက်ရောက်ချင်း လာခဲ့ပါတယ်...။ သူငယ်ချင်းအတွက် ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေလို့ ဆုတောင်းတယ်နော်...။ ကိုယ့်ဆုတောင်းက ဒီအချိန်မှာ နဲနဲတော့ကြောင်နေမှာပါပဲ..။ ဘာပဲဖြစ်ဖြစ် ကိုယ့်မွေးနေ့မှာ ကိုယ့်ကို မွေးတဲ့ မိခင်အပါအဝင် မာတာမိခင်တွေတိုင်းရဲ့ ကြီးမားလှတဲ့ ကျေးဇူးတွေကို အောက်မေ့ရင်း... ချမ်းသာစွာ ကြိုးစားနေထိုင်ပါနော်...။

ချစ်ခင်စွာဖြင့်

သက်ဝေ
MANORHARY said…
လင်ခ့်ချိတ်ထားရက်နဲ့ ဒီပို့စ်တက်တာ ဒီနေ့မှတွေ့တယ်
သိပ်တော့မဟုတ်တော့ဘူး ဒါမျိုးတွေများနေတယ်
အင်း..ကိုယ်လည်းလင်းပိုင်ဖြစ်ချင်စိတ်
ကြိတ်မှိတ်မျိုချပြီး ပြန်သွားပါတယ်း)း)
မီယာ said…
ရန်ကုန်ရောက်တော့ မသိင်္ဂီကို ဘယ်လို ဆက်သွယ်ရမှန်း မသိလို့။ ပြည်ထောင်စု ရိပ်သာလမ်းက feel ကိုရောက်တော့ ကလေး၃ယောက်နဲ့ မမလှလှတယောက်များ ၀င်လာမလားလို့ မျှော်လင့်မိသေးတယ်။ ဧရာဝတီ လင်းပိုင်ကို စိတ်ဝင်စားတယ်။ မွေးနေ့ဆို ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ပါစေ အမ။ စာတွေလည်း အများကြီးဆက် ရေးနိုင်ပါစေ။
နောက်ဆို လူတွေ ဒီ့ထက်တောင် ဈေးပေါအုံးမလားမသိဘူးနော်...ခက်ပါ့

Popular posts from this blog

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...

သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)

ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။