Skip to main content

အဝေးမြင် အနီးမှုန်....(၁)

အဝေးမြင် (၁)

တကယ်ဆို သူမက ဘေးက ပွဲကြည့် ပရိသတ်သက်သက်..

ကောင်မလေးက ကောင်လေးကို အထင်ကြီးသည်။ ရိုးသားတည်ကြည်သည်ဟု ။ ဒါကတော့ အပြင်ပန်းအသွင်အပြင်ကို ကြည့်ရင် အဲဒီလိုပဲ ထင်ကြမှာပါ။

သူမကတော့ ငယ်သူငယ်ချင်းတွေမို့… သူသည် ရိုးသားပါသည်.. သို့သော်..ပျော်တတ်သူ.. အထူးသဖြင့် မိန်းမချောလေးတွေနှင့် ဆရာကြီးလုပ်ကာ တရင်းတနှီးနေရသည်ကို ပျော်မွေ့သဘောတွေ့တတ်သူဟု မြင်သည်။ 

ကောင်မလေးနှင့်ကတော့ သူငယ်ချင်း ကောင်လေးနဲ့ ပတ်သက်တော့မှ သူမနှင့် သိကျွမ်းရသူ။ ကောင်မလေးက ရိုးသားတည်ကြည်သည်ဟု ယုံကြည်စွာ ရွေးချယ်ထားသူသည် မမြင်မျက်ကွယ် နိုင်ငံရပ်ခြားတိုင်းတပါးမှာ လုပ်ဖော်ကိုင်ဖက်ကောင်မလေးတစ်ယောက်နှင့် ဇာတ်လမ်းတွေဖြစ်နေသည်။ သူတို့နိုင်ငံမှာတော့ မထူးဆန်းတဲ့ အတူတူနေ ဇာတ်လမ်းပေါ့။ သူမ ကောင်မလေးကို မပြောပြဖြစ်ခဲ့ပါ။ ဒါပေမယ့် ရင်ထဲမှာ မနေနိုင်လွန်းတော့ အဲဒီကောင်မလေးနဲ့လည်း သိကျွမ်းသည့် သူမရဲ့ သူငယ်ချင်းအရင်းကို ပြောပြမိသည်။ ဇာတ်သိမ်းမတော့ ကောင်မလေးနဲ့ ကောင်လေး လက်တွဲဖြုတ်ကာ သီးခြားစီ အိမ်ထောင်ပြုသွားကြသည်။ စိတ်ထဲတော့ မကောင်းလှ.. ။ တဦးချင်းစီရဲ့ အိမ်ထောင်ရေးတွေ အောင်မြင်ပျော်ရွှင်နေတာတွေ့မှ.. သက်ပြင်းချမိသည်။ ဘယ်လိုပဲဖြစ်ဖြစ် နဂိုထက်ပိုပြီး အထင်ကြီးတာလည်း မကောင်း၊ အထင်သေးတာလည်း မကောင်း။ အရှိကိုအရှိအတိုင်းလက်ခံနိုင်ဖို့ပဲ မဟုတ်လား....။


အဝေးမြင် (၂)

“ ဟင်..  ဒါ သူ့မိန်းမ ပုံမှ မဟုတ်ပဲ.. ဘယ်သူနဲ့  တွဲရိုက်ထားတာလဲ.. ဓာတ်ပုံတွေမှ အများကြီးပါလား။”
“ တိတ်တိတ်နေစမ်းပါဟာ… နင်ဝင်မပါနဲ့… သူ့မိန်းမလည်း မသိဘူး။ အခုလည်း ပြီးသွားပါပြီ။ တယောက်ထဲနေနေရတော့  သံယောဇဉ်တွေ ဘာတွေ တွယ်သွားတာနေမှာပေါ့..”
“ ဟာ.. အဲဒီလို ဖြစ်လို့ မဖြစ်ဘူးလေ..”
 “ အေးပါ..ငါသိပါတယ်။ အခု ဇာတ်လမ်းက ပြီးသွားပြီ.. ။ သူတို့အိမ်ထောင်ရေး ဘာမှ မထိခိုက်ဘူး။ နင် သူ့မိန်းမကို သွားမပြောမချင်းပေါ့…”
“ ဟင်.. သူ့မိန်းမက အညာခံနေရတာပေါ့..သူ့ကို ယုံနေတာ..”
“ တအားလျှောက်တွေးမနေနဲ့… ဒီကောင် သူ့မိန်းမကို ချစ်ပါတယ်.. နင်ယောကျာင်္းတွေ အကြောင်း ဘယ်လောက်များသိလို့လဲ…. သူ့မိန်းမကို မချစ်လို့ မဟုတ်ဘူး… အကျယ်အကျယ် မဖြစ်တာကိုပဲ ကျေးဇူးတင်။ သူတို့အိမ်ထောင်ရေး သာယာစေချင်ရင် ဒါတွေအကုန်  နင့်ခေါင်းထဲက  ထုတ်လိုက်တော့…”
“ ငါကတော့ လက်မခံနိုင်ပါဘူးဟာ..အဲဒီအယူအဆကြီး..ဒါဆို..ငါလည်း ကြံရာပါ အားပေးတဲ့သူ ဖြစ်သွားမှာပေါ့..”
“ဘာဆိုင်လဲဟာ… သူ့ကိစ္စနဲ့သူ.. စကားက မှန်တိုင်းပြောကောင်းတာမဟုတ်ဘူးလေ..ဒါမျိုးက မှန်ပေမယ့် သူရောကိုယ်ရော အကျိုးမရှိမယ့်စကားမျိုး…”
“ဟင်းးးးး”   
သက်ပြင်းချပြီး မျိုသိပ်လိုက်ရုံကလွဲလို့  သူမ လုပ်စရာ ဘာမှ မရှိ။ ဘာမှမသိရင်တော့  ဘာမှ မဖြစ်နိင်ဘူးလို့ သူတို့ပြောနေတာ ဟုတ်နေမလားပဲ။

အဝေးမြင် (၃)

“ တွေ့လိုက်လားမောင်.. ခုနက ဟိုဘက်ဝိုင်းမှာ ၀င်းထွန်းလေ… ကောင်မလေးတယောက်နဲ့ အကြည်ဆိုက်နေလိုက်တာ…”
“ ဘယ်တုန်းကလဲ သီရိရဲ့..ဘယ်မှာလဲ..”
“ ဟာ.. မောင်ကလဲ… ခုနက ကျမ သန့်စင်ခန်းသွားတော့ ဟိုနားက စားပွဲမှာ ထိုင်နေတာ..ကျမကို မြင်ရက်သားနဲ့ မမြင်ယောင်ဆောင်နေတယ်…”
“ ယုလေးမော် နဲ့ မဟုတ်ဘူးလား..”
“ နောက်မနေနဲ့မောင်…. ယုလေးကို မသိစရာလား.. မဟုတ်ပါဘူး.. ”
“ ၀င်းထွန်းရော ဟုတ်လို့လားကွာ..”
“ မောင်ရယ်.. ကျားကိုးစီး စားမကုန်တဲ့ သူ့ခန္ဓာကိုယ်နဲ့ သူရုပ်က မမှားပါဘူး၊ သေချာပါတယ်..ကျမတို့ ဒီစားပွဲမှာထိုင်နေမှန်း သူသိသွားလို့ အတွင်းဘက်ရွှေ.သွားတာနေမှာ..”
“ အော်.. အလုပ်ကိစ္စဖြစ်ချင်ဖြစ်နေမှာပါ..”
“ ရော်…အဲလိုဆိုရင် ဘာဖြစ်လို့ ကောင်မလေး ဆံပင်ကို တယုတယ သပ်ပေးနေရတာလဲ”
“ မိန်းမရယ်…လူကြီးပဲဖြစ်နေပြီ… သူတို့ကိစ္စနဲ့  သူတို့နေပါစေလား…”
“ အော်..ဒါ ရှင်တို့ ယောကျာင်္းအချင်းချင်း သိတဲ့ နားလည်မှုလား..”
“ ဟာ.. ဘာဖြစ်လို့ ကိုယ့်ဘက်လှည့်လာတာလဲ… ယုလေးမော်က ခပ်အအ ခပ်ညံ့ညံ့ မိန်းမတယောက် မဟုတ်ပါဘူး.. သူ့ယောကျာင်္းအကြောင်း ခင်ဗျားထက်ပိုသိမှာပါ… ”
သူမကတော့ သူတို့ဇနီးမောင်နှံနှင့်  ဆုံဖြစ်တိုင်း အဲဒီအဖြစ်အပျက်ကို ပြန်မြင်ယောင်ဆဲ… ယုလေးမော်က သူ့အမျိုးသား သူ့ကို အရမ်း  ဂရုစိုက်ကြောင်း ကျေကျေနပ်နပ် ပြောတိုင်းလည်း သူမ အဲဒီမြင်ကွင်းကို သတိရသွားဆဲ.. သို့ပေမယ့် ယုလေးမော် ပျော်နေသည်လေ..။ မောင်ပြောသလို ယုလေးမော် တော်သည်ပဲ။
[ ပြောစရာ နဲနဲ ကျန်နေသေးလို့နော်... :) ]

Comments

MANORHARY said…
သင်ခန်းစာတွေကလည်း လိုက်လို့မကုန်ပါလား..း)
ကိုယ်လည်းသူများကိုမညာချင် ကိုယ်လည်းအညာမခံချင် တဲ့သူအတွက်ကတော့ ခုလိုအခြေအနေမျိုးက အကောင်းဆုံးပေါ..း) နော့..ကံတရားက တစ်ခုခုတော့ မျက်နှာသာပေးပါတယ်။
Moe Cho Thinn said…
ချိုသင်းကတော့ ကိုယ့်ချစ်သူကို လုံးဝ ယုံကြည် စိတ်ချနေမိတဲ့ အမျိုးအစားထဲ ပါပါတယ် မမရယ်။ မယုံရင် အစောကြီးကတည်းက မကြိုက်ဘဲ နေမှာပဲ။

ဒါပေမဲ့ ဒီလို ယုံကြည်မှုကို အလွဲသုံးစား လုပ်တဲ့သူလို့ သိရင်တော့ သိတဲ့နေ့ကစပြီး ရင်ထဲ၊ ခေါင်းထဲက အပြီးတိုင် ထုတ်ပစ်လိုက်မိမှာပဲ။

တန်ဖိုးမရှိတဲ့လူအတွက် အချိန်ကုန် မခံနိုင်လို့ပါ။ အိမ်ထောင်ကျလို့ ကလေး ၁၀ ယောက်ရစေအုံး၊ ဒါမျိုးတော့ လုံးလုံး ခွင့်မလွှတ်ဘူး။ မလွမ်းလောက်ဘူးလေနော်..။

(ဘာမဆိုင် ညာမဆိုင် မိန်းမသားထုကြီးဖက်က ပေါက်ကွဲသွားသည်)
ThuHninSee said…
လုံးဝကြီးမယုံကြည်ပါဘူး။ ဒါပေမယ့် အဝေးမြင်၃ထဲကလိုပဲ...။
း)
အဲမမကြီးတွေ ပေါက်ကွဲသွားကြတော့ အနော်လည်းဘာပြောရမှန်းမသိ :)

ကိုယ့်စိတ်ကိုယ်ကိုတော့ ခုချိန်ထိရော နောင်ပါ ထိန်းချုပ်နိုင်အောင် ကြိုးစားမယ်လို့ စိတ်ကူးထားပါတယ်

ခင်မင်စွာဖြင့်
သီဟသစ်
အင်း...ဒါလေးဖတ်ပြီး...အိမ်ထောင်ရေးမှာဝှက်ဖဲတခုခုတော့ ရှိနေကြတာပဲလား...လို့တွေးမိသွားတယ်...
း(
အဲဒီကိစ္စတွေ မြင်နေ ကြားနေရတယ်
စိတ်ကုန်ဖို့တော်တော်ကောင်းတယ်နော်
ညီမကတော့ ဘယ်သူ့မှ ယုံလို့မရဘူး
တယောက်ယောက်ကို ယုံမှသာ လက်ထပ်ရမယ်ဆို ယောကျားတောင်ရပါ့မလားမသိ :D

Popular posts from this blog

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...

သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)

ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...

အဝေးမြင် အနီးမှုန်....(နောက်ဆုံး)

အနီးမှုန်.. “မောင် ဒီနေ့ meeting ရှိုလို့နောက်ကျမယ်နော်…သီရိ..” “အော်…ဟုတ်.. သီရိလည်း ခိုင် ရန်ကုန်ရောက်တုန်း အိမ်လာလည်မယ် ဆိုလို့ စောင့်နေတာ… ဘယ်မှာလုပ်မှာလဲ.. meeting က..” “ ရုံးမှာပဲသီရိရေ.. နိုင်ငံခြားသားတွေပါမယ်.. ပြီးရင်တော့ တခုခုလိုက်ကျွေးရမှာပေါ့..” “ ဘယ်ဆိုင်မှာလဲ..မောင်..” “ အနီးအနားက အေးအေးဆေးဆေးဆိုင်မျိုးပဲ ဖြစ်မှာပါ.. ဒါလည်း မသေချာသေးပါဘူး… ကိုယ် ဖုန်းဆက်မယ်လေ..” “ ဟုတ်… အပြန်ကျ ခေါက်ဆွဲကြော်ဝယ်လာခဲ့နော်မောင်..ကလေးတွေ စားဖို့..” “ အင်း..အင်း..ဟုတ်ပြီ..ဒါပဲနော်” ခိုင့်ကို အိမ်ပြန်ပို့ပေးပြီးအပြန် စင်တင်တေးဂီတရှိသည့် ဆိုင်တစ်ဆိုင်ရှေ့မှာ သူမရဲ့မောင့်ကားကို လှမ်းတွေ့လိုက်သည်။ သူမ အဲဒီဆိုင်အပြင်ဘက်ရောက်နေမှန်း မောင်သိရင် အံ့အားသင့်သွားစေချင်သည်။ နောက်ချင်စိတ်ဖြင့် ဆိုင်အပြင်ဘက်မှာ ကားရပ်ပြီး သူမ မောင့်ဖုန်းကို လှမ်းခေါ်လိုက်သည်။ ချက်ချင်း မကိုင်သေး။ တော်နေကြာမှ ဟဲလို..ထူးသံကြားသည်…။ “မောင်..ဘယ်မှာလဲဟင်” “ ဧည့်သည်တွေကို ထမင်းလိုက်ကျွေးနေတယ် သီရိ” သူမ မောင့်ကို ဆိုင်အပြင်ဘက် လှမ်းထွက်လာတာမြင်လိုက်ရသည်.. “ဘယ်ဆိုင်မှာလဲ ..မောင်ရဲ့” “ အဲ..မီလျံကွိုင်မှာ….” “ သီချင်းသံတွေ ကြားနေ...