Skip to main content

အမေ့အိမ်နှင့် အတွေးစ များ...။

ဒီလထဲမှာ ကျမရဲ့ ချစ်သော မောင်ငယ်နဲ့ မိသားစု ရန်ကုန်ကို အကြောင်းကိစ္စတခုကြောင့် ဆယ်ရက်တိတိ ရောက်လာခဲ့ပါတယ်။
သူ့မိသားစုဆိုတာက သူ့မဟေသီနဲ့ သားတော်မောင် အခါလည်သားအရွယ် အမွှာညီနောင် နှစ်ယောက်ရယ်..ပေါင်း လေးယောက်ရယ်ပါ။ ကျမတို့လည်း နီးမှ သိရလို့ ပြင်ဆင်ချိန် သိပ်မရလိုက်ပါဘူး။  ကိုယ့်မိဘအိမ်ပြန်လာတာပေမယ့် အခြေအနေတွေက ပြောင်းလဲသွားခဲ့ပြီဆိုတာကို သူ ဒီရောက်မှ သဘောပေါက်သွားပါတယ်။ မီးပျက်ပြီး ပူအိုက်နေတဲ့ အချိန်တွေမှာ ရေပြောင်း မြေပြောင်းမို့ ကလေးတွေ နေလို့ ဘယ်လိုမှ  အဆင်မပြေတာနဲ့ တရက်သာ အိမ်မှာ နေနိုင်ပြီး ဟိုတယ်ပြောင်းရပါတော့တယ်။ ပြောင်းဖို့ကိုလည်း ကျမကပဲ အကြံပေးခဲ့ပါတယ်။

အဲဒီမှာတင် ကျမလည်း ကျမတို့ရဲ့  ငယ်ဘ၀လေးကို ပြန်သတိရမိလိုက်ပါတယ်..။ ဘာတွေ ကွာခြားကုန်ကြပြီလဲ ဆိုတာကိုပါ။

ကျမတို့ ငယ်စဉ်က အဖိုးအဖွားတွေဆီ သွားရတာ ပျော်ရွှင်နေတာပါပဲ။ ဖေဖေ့ရဲ့ မိဘများက မန္တလေးတိုင်းက မြို့လေးတမြို့မှာ နေကြပါတယ်။ နွေရာသီ  မောင်နှမတွေ စုံကြရင် သူတို့နေတဲ့ အဲဒီအိမ်ကျဉ်းကျဉ်းလေးထဲမှာ ခြင်ထောင်တွေကို တန်းစီထောင်ပြီး အိပ်ကြရပါတယ်။ အိပ်ခန်းထဲက ကုတင်တွေပေါ်မှာတောင် လူပြည့်ကုန်လို့  နွေဆို အပြင်က ကွပ်ပျစ်ပေါ်မှာ လေတဖြူးဖြူးနဲ့ အိပ်ရတာ  ပျော်စရာ တယ်ကောင်းပါပဲ။ ကောင်းကင်ကြီးကို မော့ကြည့်ရင်း ဗျိုင်းဖြူဖြူတွေပျံနေတာကိုလည်း မြင်ရတယ်.. ကြယ်မြင်လမြင် ကောင်းကင်ကြီးကလည်း ကျယ်မှ ကျယ်...။ ဖေဖေ  ရောက်နေတယ်ဆို.. လာလည်ကြတဲ့ ဆွေမျိုး အပေါင်းအသင်းတွေကလည်း တယောက်ပြီးတယောက် .. သားသမီးတွေကို ခေါ် ခေါ်  မိတ်ဆက်ပေးလွန်းလို့ ပြုံးပြရတာတောင် ပါးညောင်းရတဲ့အထိ :)  ညဘက်ဆို အဖွားရဲ့ အစီအစဉ်နဲ့ အကြော်စုံတို့ ရေမုန့်တို့ ဒေသအစားအစာတွေကို စားရတာလည်း မြိန်ရေယှက်ရေ.. လောက်တယ်ရယ် မရှိပါဘူး။ (အဲဒီတုန်းက မီးလာသလား မီးပျက်သလားဆိုတာတော့ သတိမထားမိပေမယ့် အဲဒါကို အဆင်မပြေမှုတခု အဖြစ်နဲ့  မှတ်မိမနေခဲ့ပါဘူး)

ညနေခင်း ထမင်းစားပြီး ဆိုရင်တော့ အဒေါ်တွေက စာအုပ်ကြမ်းပိုးတွေဖြစ်တဲ့ ကျမတို့ မောင်နှမတွေကို စာအုပ်အငှားဆိုင် ခေါ်သွားရပါတယ်။  ကိုယ်လိုချင်တဲ့ စာအုပ်တွေကို တရက်စာငှားပြီး အိမ်ပြန်.. လမ်းမှာ ကြံရည်တွေ ဘာတွေ ၀ယ်တိုက်ပါသေးတယ်..။ ဈေးနေ့ဆိုရင် စုံတဲ့ သူတို့မြို့ဈေးက အိမ်နဲ့ နှစ်အိမ်ကျော်လောက်ဆိုတော့ .. အားရင် ဈေးလိုက်သွားပြီး မုန့်တွေ ၀ယ်စားကြပါသေးတယ်။ စနေ တနင်္ဂနွေ အားလပ်ရက်ဆိုရင်တော့ စက်ဘီးတွေနဲ့ မြို့နားတ၀ိုက်က အသိ စပျစ်ခြံတွေဆီ လျှောက်လည် စပျစ်သီးတွေ ၀ယ်ကြနဲ့.. ပျော်စရာ သိပ်ကောင်းပေါ့။ အဲဒီတုန်းက ရေရှားတော့ ရေစည်ဝယ်ရတာကိုး။ နောက် သူတို့ဆီက ရေက ရေစေးဆိုတော့ ချော်ကျိကျိနဲ့။ ဖုန်ထူထူ..နေပူပူမှာ.. ခြင်က ပေါသေး။ ရေစေးနဲ့ လျှော်ဖွတ်ထားတဲ့ ဘာအနံ့မှန်းမသိတဲ့ ချည်ထည်စောင်တွေခြုံပြီးတော့လေ။ အဲဒီမှာ ပျော်သလားမေးရင် ကိုယ်ကြီးပြင်းနေထိုင်ခဲ့တဲ့ အရပ်မဟုတ်လေတော့  မတွယ်တာလှတာတော့  အမှန်ပါပဲ။ ဒါပေမယ့် အဖိုးအဖွား ဆွေမျိုးအသိုင်းအ၀ိုင်းတွေနဲ့ နေရတဲ့ အဲဒီအချိန်လေးမှာတော့ တကယ့်ကို ပျော်ခဲ့ပါတယ်။ 

လွန်ခဲ့တဲ့ ၃-နှစ်လောက်က ကျမတို့  မိသားစု အလုပ်ကိစ္စနဲ့ မေမြို့ကိုသွားရင်း အမျိုးသားရဲ့ ဇာတိ မန္တလေးကို ၀င်ပါတယ်။ အစကတော့ သူက သူ့မိခင်ရှိတဲ့ သူတို့ ငယ်ငယ်က နေခဲ့တဲ့ နေရာလေးမှာ တည်းစေချင်တဲ့ ပုံပါပဲ။ ဟိုလည်း ရောက်ရော.. အမျိုးသားရဲ့ အမ မိသားစု လေးယောက်ရယ် သူ့မိခင်ရယ် ရှိတဲ့ အိမ်လေးက သူတို့ ပစ္စည်းတွေနဲ့ကို ပြည့်ကြပ်နေပါပြီ။ ဧည့်သည် မိသားစုအတွက် နေရာမပေးနိုင်တော့ပါဘူး။ အရင်တုန်းက မိတ်ဆွေအပေါင်းအသင်း မောင်နမတွေ မိသားစုလိုက် တည်းခိုနိုင်ခဲ့တဲ့ အိမ်လေး.. အခုတော့ ဘာဖြစ်လို့ ကျဉ်းသွားရပါလိမ့်..တဲ့။ အရင်က တီဗွီမရှိဘူး၊ ကွန်ပျူတာမရှိဘူး။ အခုလို ခေတ်ပေါ် အသုံးအဆောင်တွေ မရှိဘူးလေ။  နောက်ဆုံးတော့ အိမ်ရှင်ကိုလည်း အလုပ်မရှုပ်ရလေအောင်.. ဧည့်သည်ကလည်း အရှုပ်ထုပ် မဖြစ်ရလေအောင် .. ဟိုတယ်မှာပဲ  အေးအေးဆေးဆေး လွတ်လွတ်လပ်လပ် သွားတည်းရပါတော့တယ်။ တယောက်ချင်းဆို ပြဿနာမဟုတ်ပေမယ့် မိသားစုတွေနဲ့ဆို အဆင်မပြေတော့ပါဘူး။ ဒါကတော့ တခြားရွေးစရာ ရှိနေသေးရင်ပေါ့။ ရွေးချယ်စရာ မရှိတော့ရင်လည်း မဖြစ်မနေရင်ဆိုင်ရမှာပေါ့လေ။ 

စဉ်းစားနေမိတာပါ.. နောင်ဆို နေရပ်ပြန်လာတယ်ဆိုတာ ဟိုတယ်မှာပဲ တည်း၊ မိဘဆီ ဧည့်သွားဧည့်လာ.. အဲဒီလိုတွေများ  ဖြစ်တော့မလားလို့ပါ..  နောက်ပြီး ဒီအရပ်မှာ မွေးဖွားကြီးပြင်းလာတာ  မဟုတ်တဲ့ ကလေးတွေအတွက် ဒီအရပ်ဟာ တွယ်တာစရာ  မဖြစ်ရင်တောင် ဆွေမျိုးအသိုင်းအ၀ိုင်းတွေနဲ့ ပျော်စရာကောင်းတဲ့ အရိပ်လေး ဖြစ်နေစေချင်တာပါ။ 

Comments

MANORHARY said…
ဟုတ်တယ် မသိဂီ င်္ ဆိုတာလွဲရင်
ဘာပြောရမှန်းမသိတော့ပါဘူး
ကိုယ်လည်း အဲလိုလေးတွေတွေးမိလို့
စဉ်းစားနေတာ ရေးဖြစ်လိမ့်မယ်ထင်ပါတယ်
မတက်ဂ်ပဲ ရေးသောစာပေါ့..း)
ThuHninSee said…
မောင်ဝမ်းကွဲလေးတွေလဲ အဖိုးအဖွားအိမ်ပြန်ရတာ သိပ်မပျော်တော့ဘူး
ုခြင်ကိုက်၊မီးပျက်၊လူတွေရှုပ်လွန်းလို့တဲ့။ ပြီးတော့ သွားလည်တဲ့အိမ်တိုင်းလိုလိုက
ကော်ဖီတိုက်တာကို သူတို့မှာ အထူးအဆန်းနဲ့စိတ်တွေညစ်နေကြတယ်။
သူတို့က ကော်ဖီမကြိုက်ကြဘူးလေ။
Khine Mye Thu said…
This comment has been removed by the author.
မ ရေ... မ ရေးထားတာလေးဖတ်ပြီး ကျွန်မတို့ ငယ်ငယ် နွေကျောင်းပိတ်ရက် အဖိုးအဖွားဆီ ပြန်လည်တဲ့အခါ ခံစားရတဲ့ ပျော်ရွှင်နွေးထွေးခြင်းတွေကို ပြန်ခံစားလိုက်ရတယ်... သားလေး ငယ်ငယ် အိမ်ပြန်တော့ city martက ရေသန့် ပုလင်းတွေ ၀ယ်တိုက်လို့  ဖေနဲ့ မေက ဆူသေးတယ်... ခုတော့ သားက တဖြေးဖြေးနဲ့ နေသားကျသွားတာ စိတ်ကူးပေါက်တိုင်း မြန်မာပြည်ပြန်မယ်ချည်း ပြောနေလို့ တော်သေးတယ် ဆိုရမယ် မ ရေ...
Moe Cho Thinn said…
မေတ္တာရှိရာမှာသာ နေချင်ပါတယ် မမရယ်။
ငယ်ငယ်တုန်းက အဖိုးအဖွားတွေဆီ သွားလည်ရင် ပျော်တာပါပဲ။ မီးပျက်တာ မပျက်တာလည်း ဂရုမထားမိပါဘူး။ TV .Computer ဆိုတာတွေမှ မရှိသေးတာ။ ရေဒီယိုကို ဓာတ်ခဲနဲ့ဖွင့် နားထောင်ကြရုံပဲ။
မမ tg ရေ

သားလေးချန်းချင်ခေတ်ရောက်ရင် ဘယ်လိုလာမလဲ မသိဘူး။

သူ့ကို မြန်မာပြည်ကို ချစ်စေချင်တယ်။ ဆွေမျိုးတွေကို တွယ်တာစေချင်တယ်။

လောလောဆယ် ဘယ်မှာ သူ့ကို ကြီးပြင်းစေရမလဲဆိုတာ မဆုံးဖြတ်ရသေးဘူး။

ခင်မင်စွာဖြင့်
သီဟသစ်
ဘာပြောရမလဲ သိဂီ င်္ရယ်....
လို့သာ ပြောနိုင်ပါတော့တယ်.....
PAUK said…
အဆင်မပြေတာလဲ မပြေတာပေါ့...
ဒီမြေ ..ဒီရေကို မမေ့စေချင်ဘူးး..
မီယာ said…
ပြန်တိုင်း စိတ်နှစ်ခွ ဖြစ်တယ် ဘယ်မှာ တည်းရမလဲ ဆိုတာလေ။ အခြေအနေတွေ ပြောင်းကုန်တာတော့ အမှန်ပဲနော်။ ငယ်ငယ်တုန်းက ဘာမှ နားမလည်တဲ့ ဘ၀ပဲ ကောင်းပါတယ် (စိုင်းထီးဆိုင်သီချင်းထဲကလိုပေါ့)
ကျမရဲ့ချစ်သော မောင်ငယ်လေးအကြောင်းဖတ်သွားပါတယ်။
ဟဲ ဟဲ...း)
Sonata Cantata said…
ပြင်ဆင်ချိန် မရတာရယ်၊ ကလေးတွေက ငယ်သေးတာရယ်ကြောင့် ဖြစ်မှာပါ အမရယ်
သိပ်လည်း တွေးမပူပါနဲ့
Anonymous said…
touching story , thanks

Popular posts from this blog

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...

သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)

ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...

အဝေးမြင် အနီးမှုန်....(နောက်ဆုံး)

အနီးမှုန်.. “မောင် ဒီနေ့ meeting ရှိုလို့နောက်ကျမယ်နော်…သီရိ..” “အော်…ဟုတ်.. သီရိလည်း ခိုင် ရန်ကုန်ရောက်တုန်း အိမ်လာလည်မယ် ဆိုလို့ စောင့်နေတာ… ဘယ်မှာလုပ်မှာလဲ.. meeting က..” “ ရုံးမှာပဲသီရိရေ.. နိုင်ငံခြားသားတွေပါမယ်.. ပြီးရင်တော့ တခုခုလိုက်ကျွေးရမှာပေါ့..” “ ဘယ်ဆိုင်မှာလဲ..မောင်..” “ အနီးအနားက အေးအေးဆေးဆေးဆိုင်မျိုးပဲ ဖြစ်မှာပါ.. ဒါလည်း မသေချာသေးပါဘူး… ကိုယ် ဖုန်းဆက်မယ်လေ..” “ ဟုတ်… အပြန်ကျ ခေါက်ဆွဲကြော်ဝယ်လာခဲ့နော်မောင်..ကလေးတွေ စားဖို့..” “ အင်း..အင်း..ဟုတ်ပြီ..ဒါပဲနော်” ခိုင့်ကို အိမ်ပြန်ပို့ပေးပြီးအပြန် စင်တင်တေးဂီတရှိသည့် ဆိုင်တစ်ဆိုင်ရှေ့မှာ သူမရဲ့မောင့်ကားကို လှမ်းတွေ့လိုက်သည်။ သူမ အဲဒီဆိုင်အပြင်ဘက်ရောက်နေမှန်း မောင်သိရင် အံ့အားသင့်သွားစေချင်သည်။ နောက်ချင်စိတ်ဖြင့် ဆိုင်အပြင်ဘက်မှာ ကားရပ်ပြီး သူမ မောင့်ဖုန်းကို လှမ်းခေါ်လိုက်သည်။ ချက်ချင်း မကိုင်သေး။ တော်နေကြာမှ ဟဲလို..ထူးသံကြားသည်…။ “မောင်..ဘယ်မှာလဲဟင်” “ ဧည့်သည်တွေကို ထမင်းလိုက်ကျွေးနေတယ် သီရိ” သူမ မောင့်ကို ဆိုင်အပြင်ဘက် လှမ်းထွက်လာတာမြင်လိုက်ရသည်.. “ဘယ်ဆိုင်မှာလဲ ..မောင်ရဲ့” “ အဲ..မီလျံကွိုင်မှာ….” “ သီချင်းသံတွေ ကြားနေ...