Skip to main content

အခြေခံ ဗုဒ္ဓအယူအဆများ။

(ခေတ်အမြင် ဗုဒ္ဓဘာသာဆိုင်ရာ အမေးအဖြေများ- ဒေါက်တာသိန်းလွင်- မှ)

(ဒီနေ့ တော်သလင်းလပြည့်နေ့အတွက် ဒေါက်တာသိန်းလွင် ဘာသာပြန်ခဲ့တဲ့ “ ခေတ်အမြင် ဗုဒ္ဓဘာသာဆိုင်ရာ အမေးအဖြေများ ”  ထဲက အခြေခံဗုဒ္ဓအယူအဆများအခန်းမှ တချို့ကို ဖော်ပြလိုက်ပါတယ်ရှင်။ မူရင်းစာအုပ်မှ အချို့ကိုလည်း ရန်ကုန်မြို့ ချမ်းမြေ့ရိပ်သာ ဆရာတော် အရှင်ဇနကာဘိဝံသ ကလည်း စာအုပ်ထုတ်ဝေခဲ့ဖူးပါတယ်တဲ့။ ရိုးရိုးရှင်းရှင်းလေးမို့ ကျမလို သာမန်လူအတွက်တော့ နားလည်လွယ်လို့ပါ။ မူရင်း  စာရေးသူဖြစ်တဲ့ သြစတြေလျလူမျိုး အရှင် ဓမ္မိက ( Ven.  Shravasti Dhammika  )အင်္ဂလိပ်လို ရေးသားထားတဲ့ Good Questions, Good Answers ကို ဒေါင်းလုပ် ယူချင်ရင်တော့ ဒီမှာပါ။ )

အခြေခံ  ဗုဒ္ဓအယူအဆများ

မေး။  ဗုဒ္ဓ၏ အဓိကကျသော အဆုံးအမများကို  ပြောပြပါ။
ဖြေ။ လှည်းဘီး၊  ဘီးထောက်တို့သည်  လှည်းဝင်ရိုးအုံပေါ်တွင် တည်မှီနေကြသကဲ့သို့ ဗုဒ္ဓ၏  အဆုံးအမ အများစုသည်  သစ္စာတရားလေးပါး တွင် အခြေပြုထားပါသည်။  ထိုလေးပါးသော သစ္စာတရားတို့သည် အမြဲမှန်ကန်နေသော  သဘောရှိပြီး  ထိုမှန်ကန်သော သဘောကို နားလည်သဘောပေါက်သူသည်  မြင့်မြတ်မှန်ကန်သော သဘောတရားကို ရရှိသည့်အတွက်  မြင့်မြတ်ပြီး ရင့်ကျက်တည်ငြိမ်သည့် သဘောဆောင်ပါသည်။


မေး။  မြင့်မြတ်သည့်  ပထမဆုံးသော သစ္စာတရားကို ပြောပြပါ။
ဖြေ။  ဘ၀ဆိုသည်မှာ ဒုက္ခ ဖစ်သည် ဟု  ပထမသစ္စာတရားက  ဆိုပါသည်။  သက်ရှင်ရပ်တည်နေဖို့ လူတို့သည်  ဒုက္ခကို  ရင်ဆိုင်ကြရပါသည်။ ဒုက္ခတစ်မျိုးမျိုး  မခံစားရဘဲလျက်  သက်ရှင်နေနိုင်ဖို့ ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပါ။ ကျွန်ုပ်တို့သည် မကျန်မမာခြင်း၊ ဖျားနာခြင်း၊ ထိခိုက်နာကျင်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အိုမင်းရင့်ရော်ခြင်း၊ နောက်ဆုံးတွင်  သေဆုံးရခြင်း စသည့်  ကာယိက ဒုက္ခများ၊ အထီးကျန်၍ နေရခြင်း၊ စိတ်ပူပန်သောကရောက်ရခြင်း၊ ကြောက်ရွံ့စိုးရိမ်ရခြင်း၊  စိတ်တုန်လှုပ်ချောက်ချားရခြင်း၊  စိတ်ပျက်အားငယ်ခြင်း၊ ဒေါသထွက်ခြင်း၊ စိတ်ပင်ပန်းနွမ်းနယ်ခြင်း  စသည့်  စေတသိကဒုက္ခများကို လူ့ဘ၀တွင် ခံစားကြရသည်။  ဤဒုက္ခများကို ရှောင်၍  ရှား၍ မရနိုင်ပါ။


မေး။  ဘ၀ကို  ဒုက္ခအဖြစ် မြင်ခြင်းသည် မကောင်းမြင်ဟု မယူဆနိုင်ဘူးလား။
ဖြေ။  အဘိဓာန်တွင် မကောင်းမြင်အယူကို  “ ဖြစ်လာသမျှ  မကောင်းဖြစ်လိမ့်မည်  ဟု  စဉ်းစားတွေးခေါ်သော  အလေ့အကျင့် ဟု ဖွင့်ဆို ထားပါသည်။  တစ်ဖန် “  မကောင်းမှုသည်  ကောင်းမှုထက်  ပို၍  အစွမ်းထက်သည် ” ဟုသော  အယူအဆ ဟူ၍လည်း  အဘိဓာန်တွင် ဖွင့်ဆိုထားပါသည်။ သို့သော် ဗုဒ္ဓဘာသာသည် အထက်ပါ အဘိဓာန်ဖွင့်ဆိုချက် နှစ်ရပ်စလုံးကို ညွန်ပြခြင်းလည်း  မပြုသကဲ့သို့ပင်  ပျော်ရွှင်မှု ရှိသည်ဆိုသော  အချက်ကိုလည်း ငြင်းဆန်ခြင်း မပြုခဲ့ပါ။ သက်ရှင်နေထိုင်ခြင်းတွင်  ကာယိကဒုက္ခ၊  စေတသိက ဒုက္ခများကို မလွဲမသွေ ခံစားကြရသည်  ဟူ၍သာ ရိုးရိုးစင်းစင်း  ပြောခြင်းဖြစ်ပါသည်။ ထိုဖော်ပြချက်မှာ ရိုးစင်းမှန်ကန်သဖြင့်  မဖြစ်နိုင်ဟု  ငြင်းချက်ထုတ်၍ မရနိုင်ပါ။  များသောအားဖြင့် ဘာသာရေး  အယူအဆများတွင် အဓိက အချက်အချာကျသော အယူအဆမှာ  သက်သေအထောက်အထား ပြရန်မှာ ခက်ခဲပြီး မဖြစ်နိုင်သော  အစဉ်အလာ  ယုံကြည်ချက်များ၊  ဆန်းကျယ်သော ဒဏ္ဍာရီပုံပြင်များ၊  ယုံကြည်ချက်များသာ  ဖြစ်တတ်ကြပါသည်။  သို့သော်  ဗုဒ္ဓဘာသာသည်  မငြင်းပယ်နိုင်သော၊ သက်သေပြနိုင်သော  လက်တွေ့ အတွေ့အကြုံဖြင့် စ ပါသည်။ ထိုအတွေ့အကြုံမှာ လူတိုင်းတွေ့ကြုံနေရသော အတွေ့အကြုံဖြစ်ပြီး  လူတိုင်းကျော်လွှားရန်  ကြိုးစားအားထုတ်နေသော အတွေ့အကြုံ ဖြစ်ပေသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာသည်  တကယ်လက်တွေ့ စစ်မှန်ပြီး အားလုံးနှင့် သက်ဆိုင်သော  အဓိက သော့ချက်ဖြစ်သည့် ဒုက္ခသဘောကို  တိုက်ရိုက်ပြညွှန်းပြီး  ထိုဒုက္ခကို ကျော်လွှားသည့် နည်းလမ်းကိုလည်း  ညွှန်ပြပါသည်။




မေး။  မြင့်မြတ်သော ဒုတိယမြောက် သစ္စာတရားသည် ဘာပါလဲ။
ဖြေ။ ဒုက္ခ၏ အကြောင်းရင်းသည် သမုဒယဖြစ်သည်  ဟူသော အချက်သည်  ဒုတိယမြောက်  မှန်ကန်သော သစ္စာတရားဖြစ်ပါသည်။ စိတ်ဒုက္ခရောက်ရမှုကို သုံးသပ်ကြည့်လျှင်  လိုချင် တပ်မက်မှု သမုဒယကြောင့် ဒုက္ခဖြစ်သည် ဆိုသည်မှာ သိသာထင်ရှားလှပါသည်။ တစ်ခုခုကို လိုချင်သော တပ်မက်တွယ်တာစိတ် ဖြစ်ပြီး မရနိုင်သည့် အခါမျိုးတွင် စိတ်ဒုက္ခရောက်ရပါသည်။  တစ်ခုခုသည် မျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာသောအခါ စိတ်ပျက်အားငယ်ခြင်း ဖြစ်ရပါသည်။  တစ်စုံတစ်ယောက်က  မိမိကို နှစ်သက် သဘောကျလိုသော သဘောရှိသော်လည်း ထိုလူက မိမိကို မနှစ်သက်လျှင် စိတ်ထဲတွင် နာကျင်မှုဒုက္ခကို ခံစားရပါသည်။ ရလိုသောအရာကိုပင် ရပင်ရငြားသော်လည်း ပျော်ရွှင်မှုကိုမရဘဲ  ရှိတတ်ပါသည်။  ရသောအရာကို ကြာသောအခါ  ရိုးအီသွားပြီး  ငြီးငွေ့လာသောကြောင့် လည်းကောင်း၊ စိတ်ဝင်စားမှု လျော့ကျလာသောကြောင့်လည်းကောင်း၊  အခြားတစ်ခုခုကို ပို၍ လိုချင်တပ်မက်စိတ်ပေါ်လာသောကြောင့် လည်းကောင်း၊  ရလိုသောအရာကို ရပင်ရငြားသော်လည်း  တကယ့်ပျော်ရွှင်မှုကို  မရတတ်ကြခြင်း  ဖြစ်ပါသည်။  “မိမိလိုသော အရာ  ရရှိခြင်းသည်ပင်လျှင်  မိမိ၏ ပျော်ရွှင်မှု၊  စိတ်ချမ်းသာမှုကို  အာမခံချက် မပေးနိုင်”  ဟူသော သဘောမှာ  ဒုတိယသစ္စာတရား၏  အရှင်းဆုံးပင်ကိုသဘောပင်  ဖြစ်ပါသည်။ လိုသည်ကို ရဖို့  အစဉ်အဆက်မပြတ် ရုန်းကန်လှုပ်ရှား ကြိုးစားနေရပြီး  လိုချင်သော လောဘကိုလည်း  အမျိုးမျိုး ပြုပြင်ပြောင်းလဲနေခြင်းသည်  ဘ၀တွင် ကြုံနေရသော သဘောဖြစ်ပါသည်။ လိုချင်တပ်မက်နေမှုသည် ကျေနပ်မှုနှင့် ပျော်ရွှင်ချမ်းမြေ့မှုကို  ဆိတ်ကွယ်စေပါသည်။
 

(*** ဒီအခန်းလေး ပြီးအောင်တော့ ကျမ ဘလော့ဂ်ပေါ်မှာ ဆက်လက် ဖော်ပြသွားပါ့မယ် ****)

Comments

Anonymous said…
တန်ဖိုးရှိတဲ့စာလေးအတွက် ကျေးဇူးပါ အန်တီtg
မှတ်သားစရာတွေချည်းပဲအပြင် နားလည်လည်းလွယ်လို့ စိတ်ထဲက နက်နက်ရှိုင်းရှိုင်းဖတ်မှတ်သွားပါတယ်..

လိုချင်တပ်မက်နေမှုသည် ကျေနပ်မှုနှင့် ပျော်ရွှင်ချမ်းမြေ့မှုကို ဆိတ်ကွယ်စေပါသည်။
ကျေးဇူးကြီးပါတယ်။ ဆက်ရန်ကိုလည်းမျှော်နေမယ်နော်။
MANORHARY said…
မသိဂီ င်္ရေ ရောက်ကြောင်းပါရှင့်...
စူး said…
အမရေ..များများရေးပါ..။
စာကောင်းလေးတွေ..သေချာဖတ်သွားပါတယ်..

ဆက်ရန်လည်းမျှော်နေပါတယ်..။