Skip to main content

ဘဏ်သို့ တစ်ခေါက်....

မနေ့က ပုဂ္ဂလိကဘဏ်တစ်ခုကို ရောက်သွားခဲ့ပါတယ်။   


ဘဏ်ထဲမှာ လူခပ်ပါးပါးဆိုတော့ အရင်လို ကားပေါ်ကနေ စောင့်မနေတော့ပဲ အထဲဝင် စပ်စုကြည့်ဖို့ စိတ်ကူးရတာနဲ့ အထဲကို သူနဲ့ အတူ လိုက်ဝင်ခဲ့ပါတယ်။ မှန်နံရံတွေရဲ့ အပြင်ကနေ mask ကိုယ်စီနဲ့ ဘဏ်ဝန်ထမ်းတွေ တွေ့တော့ တယ်ဟုတ်နေပါလားပေါ့။ တွေးရင်းနဲ့ လှမ်းလာတာ အပေါက်၀ ရောက်တော့ ငွေစက္ကူအဟောင်းတွေရဲ့ အနံ့အသက်တွေက ဆီးကြိုနှုတ်ဆက်လိုက်တော့မှ  အဲဒီက  ဝန်ထမ်းတွေရဲ့ ကျန်းမာရေးဆိုတာ ခေါင်းထဲ ပြေးဝင်လာရပါတယ်။ မြန်မာပြည်က လက်ရှိသုံးစွဲလည်ပတ်နေတဲ့ ငွေစက္ကူတွေမှာ နှစ်ရာကျပ်တန်တွေလောက်အထိက ဟောင်းနွမ်းစုတ်ပြတ်နေတာတွေကို လူတွေက လက်ခံနေကြရပါတယ်။ အရင်ကလို ဟောင်းနေလို့ ပြန်လဲပေးပါ ပြောလို့ မရတော့တာ၊ မပြောကြတော့တာ  ကြာပါပြီ။

တခြားဘဏ်တွေတော့ မသိပါဘူး.. အဲဒီဘဏ်ကတော့ တစ်ပတ်ကို ကျပ်သိန်းတစ်ရာပဲ လက်ခံပေးပါတယ်။  ပြန်ထုတ်တာက ပမာဏများရင်တော့ ကြိုပြောထားရပါတယ်။ နောက်ပြီး အရင်ကလို သုံးလ တကြိမ် အတိုးပေးမှာ မဟုတ်တော့ပဲ ခြောက်လ တကြိမ်သာ အတိုးပေးမယ် ဆိုတဲ့ စာကပ်ထားတာကိုလည်း တွေ့ခဲ့ရပါတယ်။ ကြည့်ရတာ ဘဏ်တိုးနဲ့ ထိုင်စားနေတဲ့လူတွေရဲ့ ဒဏ် မခံနိုင်တော့ဘူး ထင်ရဲ့။ ဝင်လာတဲ့ လူတွေကလည်း ပိုက်ဆံအဟောင်းထုပ်လေးတွေ အထုပ်ကြီးတွေနဲ့ ဝင်လာလိုက် ထွက်သွားလိုက်နဲ့ပါပဲ.... လူတွေ အိတ်တွေ ပိုဖောင်းလာတာ ပိုချမ်းသာလာတာလား၊ ငွေစက္ကူတွေကပဲ ပိုပွလာတာလားတော့ ကျမလည်း မတွေးတတ်ပါဘူးလေ.. 

ငွေရေစက်ကတော့ တပြိုင်နက်တည်း အလုပ်နှစ်ခု ပြီးနေပါတယ်။  အလွှာပေါင်းစုံထဲ ဖြတ်သန်းရင်း လူတန်းစားမျိုးစုံရဲ့ ပင်ပန်းနွမ်းလျတဲ့ သက်ပြင်းရှိုက်သံတွေနဲ့ ပေကျံစွန်းထင်းလာတဲ့ အငွေ့အသက် အမှုံအမွှားတချို့ကို တတ်နိုင်သလောက် ခါချပေးနေသလိုလို...။ ဟိုငေး ဟိုတွေးလုပ်နေတုန်းမှာပဲ အပေါ်ထပ် ရုံးခန်းက ကျလာတဲ့ ကြိုးတချောင်းကို သတိထားမိပါတယ်... paper clip ညှပ်ထားတဲ့ အဲဒီကြိုးမှာ ချက်လက်မှတ်တချို့နဲ့ စာရွက်စာတမ်းတချို့ကို ဘဏ်က စာရေးမလေးက ညှပ်ပေးလိုက်ပါတယ်။ အပေါ်ကို မော့ကြည့်ပြီး အချက်ပေးလိုက်တော့ အပေါ်က ဆွဲတင်သွားပါလေရော... ကဲ.. ဘယ်လောက် မြန်ဆန်တိကျပြီး ရိုးစင်းလိုက်သလဲနော်... ။ 



ဘဏ်စာရင်းစာအုပ်မှာ update လုပ်ပြီးတော့ အမျိုးသားက စာအုပ်ကို လာပြန်ပေးပါတယ်။ သူကတော့ လုပ်လက်စ သူ့ကိစ္စကို အပြီးသတ်နေတုန်း ကျမလည်း လက်ထဲ ရောက်လာတဲ့ စာအုပ်ကို လှန်လှောကြည့်မိပါတယ်။ အင်း.. ဒါ ဟိုတပတ်တုန်းက ထုတ်ထားတာ... အဲ.. နောက် နှစ်ခုက ဘာပါလိမ့်... သေချာတာက အဲဒီနောက်ပိုင်း ကျမ ဘာမှ အသွင်းအထုတ် မလုပ်ဖြစ်တာ... ပြန်စစ်ကြည့်တော့ ကျမ ထုတ်တဲ့နေ့မှာပဲ အစွန်းထွက်လေးသာ ကျန်ပြီး အထွက်စာရင်းပြနေတယ်.. ပြီး အခုနကမှ အဲဒီ့ ပမာဏကို ပြန်အသွင်းပြနေပြန်ရော... ကျမလည်း ဇဝေဇဝါနဲ့ စာအုပ်ကိုင်ပြီး သူ့ကို ကြည့်တော့ ဘာဖြစ်လို့လဲတဲ့... ကျမ ထင်တာက (ဟဲဟဲ) သူ ကျမ မသိအောင်များ ထုတ်ထားလေသလားပေါ့လေ... (ကြည့်စမ်းပါဦး.. ဘယ်လောက် ချစ်ဖို့ကောင်းတဲ့ မိန်းမ ပါလဲနော်... တကယ်ဆို သူက အဲဒီလို လုပ်လေ့လုပ်ထ ရှိသူတယောက် မဟုတ်ပါပဲနဲ့ .. သူလည်း စာအုပ်ကြည့်ပြီး ဘယ်လိုဖြစ်တာပါလိမ့် ဆိုပြီး အထဲ ပြန်ဝင်သွားပါလေရော..  


မိနစ်နှစ်ဆယ်လောက်ကြာပြီးမှ သူ ပြန်ထွက်လာတော့ system error ကြောင့်ပါဆိုပြီး မန်နေဂျာကိုယ်တိုင် တောင်းပန်လိုက်ပါသတဲ့.. အဲဒီ transaction နှစ်ခုစလုံးကိုလည်း ပြန်ဖျက်ပေးလိုက်ပါတယ်။ မြတ်စွာဘုရား.. အဲဒီလိုသာ error ပေါ်နေရင်... withdraw ပဲ လုပ်သွားပြီး ပြန်မထည့်ခဲ့ရင်... စာရင်းထဲက ရှိစုမဲ့စုလေး ကုန်ရတော့မယ့် ကိန်းပါလား။ အတိုးတွက်တော့ရော.. အဲဒီ transaction ကို ဘယ်လို တွက်မှာလဲ... မှားတာကလည်း အစွန်းထွက်လေးပဲ ချန်ထားခဲ့ရလောက်အောင် တိတိကျကျကြီး။ ဘာတွေမှန်း မသိပေမယ့် မချင့်မရဲဖြစ်တဲ့ စိတ်တွေနဲ့ သံသယစိတ်တွေ ပိုမို ကြီးထွားလာရတော့ အမှန်ပါပဲ။


ဟိုတနေ့ကလဲ အမျိုးသားက တခြား ပုဂ္ဂလိကဘဏ် တခုမှာ ငွေသွားထုတ်တော့ ထူးထူးခြားခြား ငါးထောင်တန်နှစ်ရွက် သီးသန့်ပါလာခဲ့ပါတယ်။ အဲဒီငါးထောင်တန်ကို သုံးခါနီး သေသေချာချာကြည့်တော့ မှ အစွန်းတစ်ဖက်မှာ ထောင့်တန်းပြဲနေလိုက်တာ.. နှစ်ရွက်စလုံးပါပဲ.. သားရေကွင်းနဲ့ စည်းထားတဲ့ အထုပ်ထဲက  ဆွဲထုတ်လိုက်ရင်း ပြဲသွားတဲ့ ပုံစံမျိုးပါပဲ... စက္ကူကပဲ ပါးလွန်းနေသလား၊ သုံးတဲ့သူကပဲ ပစ်စလက်ခတ် ကိုင်တွယ်လိုက်သလားတော့ မပြောတတ်ပါဘူးလေ.. ခေါက်ပြီး ထိုးထည့်ထားတဲ့ ငါးထောင်တန်နှစ်ရွက်ကို သေသေချာချာ မစစ်ဆေးပဲ ယူလာခဲ့တဲ့ အမျိုးသားကတော့ သူ့ပိုက်ဆံကို ဘယ်နေရာမှာများ သုံးလို့ရမလဲဆိုတာ လေ့လာနေဆဲ။ ဘဏ်က ထုတ်တဲ့ တချို့ တချို့တွေထဲက အစိမ်းရောင်ချင်းဆင်တဲ့ ၂၀-တန်နဲ့ ထောင်တန်နဲ့ ရောနေတဲ့ အကြောင်းတို့၊ ဘဏ်စည်းတွေထဲကနေ သုံးလေးရွက် လျော့နေတာတို့တွေကတော့ ရိုးတောင်နေပြီလို့ ပြောရမလိုပါပဲ။ ဘဏ်တစ်ခုက ငွေထုတ်ပြီး တခြားဘဏ်မှာ ပြန်သွင်းတဲ့ အခါ ကိုယ့်ဘက်က မစိုက်ရတာ မရှိသလောက်...။ 

ကျမတို့ဆီမှာ ကွန်ပလိန်းတက်တဲ့ အလေ့အထ တော်တော်လေး နည်းပါတယ်... တော်တန်ရုံဆို လက်ခံလိုက်၊ ဖြည့်တွေးပေးလိုက်နဲ့ နေတတ်ကြတာလေ...။ နောက်တခုက ကွန်ပလိန်းဆိုရင် ပြဿနာပဲ၊ လို့ နားလည်နေကြတဲ့ အထဲ... ဂျာအေး သူ့အမေရိုက်တဲ့ ဇာတ်လမ်းထဲ ဝင်မိသွားရင် အချိန်ကုန် လူပင်ပန်း မထူးတဲ့ ဇာတ်လမ်းတွေနဲ့ Treasure Hunt Games လိုပဲ လက်ညှိုးညွှန်ရာ လိုက်ရင်း နောက်ဆုံး လက်ညှိုးကတော့ ကိုယ့်ဆီမှာပဲ အဆုံးသတ်တတ်ကြတာကလား။ အဲဒီတော့လည်း ဒီ “မီးစင်ကြည့်က” လမ်းစဉ်ကပဲ အသင့်တော်ဆုံး ဖြစ်နေသလား ... ။

ဒီလိုပါပဲလေ.. တွေ့ကြုံဖြစ်ပျက်ခဲ့တာလေးတွေ မှတ်တမ်းတင်ထားရင်း ဘာပဲဖြစ်ဖြစ် သတိလေးနဲ့ ပြန်စစ်ဆေးဖို့ ကိုယ့်ကိုကိုယ်ရော.. သူများတွေကိုပါ အသိပေးချင်ရုံ သက်သက်ပါ...။

နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်...။ 

Comments

မြန်မာပြည်ပြန်ရင် သတိထားရမဲ့အချက်တွေ အသိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သူငယ်ချင်းရေ။ ဒီလိုပို့စ်တွေများများရေးပေးနော်။

"ဘဏ်တစ်ခုက ငွေထုတ်ပြီး တခြားဘဏ်မှာ ပြန်သွင်းတဲ့ အခါ ကိုယ့်ဘက်က မစိုက်ရတာ မရှိသလောက်" ဆို "အတိုး"မရတဲ့အပြင် "အလျှော"့ရတာပေါ့နော်။
Sonata Cantata said…
tk နဲ့ tg ရေ
ဘဏ်ကလည်း အလျှော့တွက် ရှိသဟ
kay said…
အမရယ်..ဘာပြောရမှန်းတောင် မသိတော့ဝူး...ဟူး...

နေအုံး..အဲကြိုးလေးက.ဘာရောင်လေးလဲ.. ကြိုးနီ စနစ် ရဲ့ နောက်ပေါ် တာ ထင်တယ်.

နှစ်သစ် နှုတ်ခွန်းလဲ တခါ တည်း ဒီမှာပဲ ဆက် လိုက်ပါရစေ.. နော်..
မမ tg ရေ

ဘဏ်တွေက အဲလိုပဲလားဗျာ
ကျွန်တော်တို့တွေလဲ ခံရပါတွေများလို့ အံတိုနေကြပြီလားမသိ

ခန္တီ ဆိုတာ ခံဖူးမှ တည်တာ ဆိုပဲ

ဒီနိုင်ငံမှာတော့ Complain လုပ်နေခြင်းဟာ တစ်ခုခုလုပ်နေတာကို ပြတာဆိုပဲဗျ.


ခင်မင်စွာဖြင့်
သီဟသစ်
Anonymous said…
ဟုတ်သလား အန်တီ။ ကိုယ့်နိုင်ငံကဘဏ်တွေ အဲ့ဒီလောက်ဆိုးနေမှန်း ခုမှသိတယ်။
မယ်သိင်္ဂီရေ..ဒီလိုကမောက်ကမလေးတွေ..အပြင်မှာနေတဲ့သူတွေသိရအောင် များများရေးတင်ပေးပါဦး..ဒို့ရွာအကြောင်းကတော့ထူးထွေတည့်အံ့ရာသော်ချည့်ပါလားနော်....
Anonymous said…
ကွန်ပလိမ့် မတက်ချင်ပဲ
ရင်ထဲမှာတော့
ဝေဒနာတွေ စုစုလာကြတာ
အပေါ်ကပြောသလို တို့ရွာကလူတွေပေါ့ အမရယ်။
သက်ဝေ said…
သိင်္ဂီရေ...
ဘာမှမပြောတတ်လို့ တိတ်တိတ်လေးပဲ ဖတ်မှတ်ပြီး ပြန်သွားပါတယ်...
အော... ဒါမျိုးတွေလဲ ဖြစ်တတ်ပါကလားလို့...း))

မတွေ့တာကြာလို့ သတိရနေတာ...း))
Moe Cho Thinn said…
ဝေဒနာတွေ မြိုချရတာ အကျင့်ပါနေပြီ ထင်ပါရဲ့ မမရယ်..
PAUK said…
ဘဏ်တွေနဲ့ အဆက်စပ်မရှိပါဘူး။။
အခုလိုသိရတဲ့အတွက် ကျေးဇူးပါ။။
မနှစ်က သူငယ်ချင်းတယောက်က ဘဏ်ထုတ်တွေ အဲဒီလိုလျော့တတ်တဲ့အကြောင်းပြောတော့ အတော်အံ့သြမိတာ… ခု မ ရဲ့ transactionပြဿနာက တကယ့်ကြောက်စရာနော်… မ ရေ နောက်ဆို အ၀င်အထွက်ကို သတိထားသာ ကြည့်ပေတော့… မ တို့ မိသားစုလေး နှစ်သစ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေလို့ …
Me said…
MEB ကပိုဆိုးပါတယ် TG ရေ.... ရုံးကိစ္စမို့ မသွားမဖြစ်လို့သွားရရင်လည်း အမြဲပဲ စိတ်တိုရတယ်...customer ကိုဂရုမစိုက်တာရော..ဟိုဟိုဒီဒီ တောင်းတာရော..အထုပ်မှာငွေလျော့တာရော စုံလို့ပါပဲ.... တစ်နေ့တစ်ခေါက်သာသွားရရင် သွေးတိုးရောဂါရနိုင်တယ်...
မီယာ said…
မသိင်္ဂီ စာတွေ ပြန်ဖတ်ရလို့ ၀မ်းသာလိုက်တာ။ ပြန်သာ မစစ်မိရင် ဒုက္ခနော်... ဒီမှာတော့ ထစ်ခနဲဆို ကော်ပလိန့် နေကြလို့
Ma Mon said…
Very interesting.........
Thank a lot...
Unknown said…
Myar ...Nyit ya tat htal mar..a dar tway lal par tal..Pyan lar yin money ma kaing ya tat yait thar mar twar nay mal TG yay..
လေးမီ said…
tg, KN က အရမ်းစိစပ်တယ် လား၊ နင့်အရေး အသား မှာတွေ့ ရတာ လေ။ သတိထား ပါ..ရုံးတွေကတော့ လိုက်သတ် ဘဲ. မေးကြပါ ငြိမ်မနေပါနဲ့။
Moe Cho Thinn said…
မမ
ပျောက်နေတယ်။ နေကောင်းရဲ့လား။ အဆင်ပြေရဲ့လား။ အလုပ်ရှုပ်နေလား။ အရှုပ် လုပ်နေလား။
သတိရလို့ လိုက်လာတယ်။
ချစ်သော
ချိုသင်း
အမလဲဘလော့မလည် မရေးတာ ကြာပြီ။
ခုမှ ပြန်လှည့်လာတယ် ဆိုပါတော့ သိဂီ င်္ရယ်... ဖတ်ရဖတ်ရတာတွေလဲ များများလာ
သည်းခံရတာတွေလဲ များများလာတဲ့ ဘ၀ပါလားနော်..
မသိင်္ဂီ
ရန်ကုန်က လူတွေက သောင်းချီကိုင်တာ
ဒီမှာတော့ တပတ်ကို ဆယ်ဂဏန်းဘဲ သုံးနိုင်သေးတယ်း-) နို့ ဆီတဗူး ၁.၂၀ပေါင်တဲ့

Popular posts from this blog

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...

သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)

ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...

အဝေးမြင် အနီးမှုန်....(နောက်ဆုံး)

အနီးမှုန်.. “မောင် ဒီနေ့ meeting ရှိုလို့နောက်ကျမယ်နော်…သီရိ..” “အော်…ဟုတ်.. သီရိလည်း ခိုင် ရန်ကုန်ရောက်တုန်း အိမ်လာလည်မယ် ဆိုလို့ စောင့်နေတာ… ဘယ်မှာလုပ်မှာလဲ.. meeting က..” “ ရုံးမှာပဲသီရိရေ.. နိုင်ငံခြားသားတွေပါမယ်.. ပြီးရင်တော့ တခုခုလိုက်ကျွေးရမှာပေါ့..” “ ဘယ်ဆိုင်မှာလဲ..မောင်..” “ အနီးအနားက အေးအေးဆေးဆေးဆိုင်မျိုးပဲ ဖြစ်မှာပါ.. ဒါလည်း မသေချာသေးပါဘူး… ကိုယ် ဖုန်းဆက်မယ်လေ..” “ ဟုတ်… အပြန်ကျ ခေါက်ဆွဲကြော်ဝယ်လာခဲ့နော်မောင်..ကလေးတွေ စားဖို့..” “ အင်း..အင်း..ဟုတ်ပြီ..ဒါပဲနော်” ခိုင့်ကို အိမ်ပြန်ပို့ပေးပြီးအပြန် စင်တင်တေးဂီတရှိသည့် ဆိုင်တစ်ဆိုင်ရှေ့မှာ သူမရဲ့မောင့်ကားကို လှမ်းတွေ့လိုက်သည်။ သူမ အဲဒီဆိုင်အပြင်ဘက်ရောက်နေမှန်း မောင်သိရင် အံ့အားသင့်သွားစေချင်သည်။ နောက်ချင်စိတ်ဖြင့် ဆိုင်အပြင်ဘက်မှာ ကားရပ်ပြီး သူမ မောင့်ဖုန်းကို လှမ်းခေါ်လိုက်သည်။ ချက်ချင်း မကိုင်သေး။ တော်နေကြာမှ ဟဲလို..ထူးသံကြားသည်…။ “မောင်..ဘယ်မှာလဲဟင်” “ ဧည့်သည်တွေကို ထမင်းလိုက်ကျွေးနေတယ် သီရိ” သူမ မောင့်ကို ဆိုင်အပြင်ဘက် လှမ်းထွက်လာတာမြင်လိုက်ရသည်.. “ဘယ်ဆိုင်မှာလဲ ..မောင်ရဲ့” “ အဲ..မီလျံကွိုင်မှာ….” “ သီချင်းသံတွေ ကြားနေ...