Skip to main content
နိုဝင်ဘာ-၇-ရက်။
ဒီနေ့ ရွေးကောက်ပွဲ ကျင်းပမယ့် ရက်ကို မန္တလေးအက်ဖ်အမ် နားထောင်နေရင်း သတင်းမှာ ကြားလိုက်ရပါတယ်။ နိုဝင်ဘာလ ၇-ရက်နေ့၊ တနင်္ဂနွေနေ့..တဲ့။ အဲ..၂၀၁၀ ထဲမှာပေါ့။
သူများတွေတော့ မသိပါဘူး...။ ကျမကတော့ နိုင်ငံရေးဆိုတာနဲ့တော်တော်ဝေးပါတယ်။ ဘယ်အချိန် မီးလာမလဲ၊ ဘယ်အချိန် ရေတင်ရင် ကောင်းမလဲ၊ ကိုယ့်အရေးနဲ့ ကိုယ် လုံးလည်ချာရင်း တိုင်းပြည်မှာ ဘာတွေဖြစ်လို့ ဖြစ်နေတယ်ဆိုတာကို စိတ်မဝင်စားဖြစ်ပါဘူး။ အဲ... ကြိုးတန်းလျှောက်နေတဲ့ ခရုငယ်လို ပြုတ်ကျလိုက် ပြန်လျှောက်လိုက်နဲ့ သွားနေတဲ့ အင်တာနက်ကွန်နက်ရှင်ကို စိတ်ရှည်လက်ရှည် ရံဖန်ရံခါ သုံးမိနေလို့သာ...ကြားလိုက်ရတယ် ဆိုရုံလောက်ပါပဲ...။ သေသေချာချာတော့ လာမရှင်းပြပါနဲ့လေ...
ဖြစ်စေချင်တာကတော့ ကျမတို့ တိုင်းပြည်လေး အေးချမ်းသာယာဖို့နဲ့ လူတွေဒီထက် ပိုပြီး ပင်ပန်းဆင်းရဲခြင်းတွေကနေ နည်းနည်းလောက်ဖြစ်ဖြစ် သက်သာရာရစေချင်တာပါပဲ။
လူဆိုတာ ခက်သားကလားနော်... တခုခုဆို အတိတ်ကိုပဲ ပြန်သတိရတတ်ကြတာလေ... အခုလည်းကြည့်.... ပါတီတွေ အသံကြားတော့ ဘာမှမဖြစ်သလိုနဲ့ ...ဟော.. ရွေးကောက်ပွဲလည်း ဆိုရော.... တကယ်ပါ။ တသက်မှာ တခါပဲ မဲပေးဖူးခဲ့တာကိုး။ အဲဒီတခါကလည်း တကယ့်ကို မှတ်မှတ်ရရ နဲ့ မျှော်လင့်ချက်တွေ များစွာ.. များစွာ.....။
ကြာခဲ့ပါပြီ... လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်...... ကျမရဲ့ မွေးနေ့ကျော်ပြီး နှစ်ရက်မှာလေ...။ ကိုယ်တွေကလည်း တခါဖူးမှ အသက်မပြည့်သေးလို့ မဲပေးတယ်ဆိုတာနဲ့ မကြုံဖူးဘူးလေ။ ငယ်ငယ်က မျက်စေ့အောက်မှာ မြင်တွေ့ခဲ့ဖူးတဲ့ မဲရုံကို တာဝန်အရ မဲသွားပေးကြတဲ့ လူတွေနဲ့ ကွဲပြားစွာ အားတက်သရော အင်တိုက်အားတိုက် မဲရုံကို သွားခဲ့ကြတာ။ ကျမတို့ရဲ့ မဲရုံက အိမ်နဲ့ မျက်စောင်းထိုးမှာ ဆိုတော့ သေချာ မကြည့်လည်း မြင်နေရတာပေါ့။ အသက်အရွယ်ကြီးရင့်နေတဲ့ အမယ်ကြီးတေ တချို့ကတောင် လူတွေတွဲပြီး သူတို့ ချစ်တဲ့ " ကောင်မလေး" ကို လာမဲပေးတာဆိုပဲ။ ကျမတို့ မိသားစုဝင်အချင်းချင်းကတော့ ဘယ်သူ့ကို မဲပေးသလဲဆိုတာ မေးနေစရာ မလိုအောင် ဧည့်ခန်းမှာ ချိတ်ထားတာက ခမောက်....။
ညဖက်ရောက်တော့ ရေဒီယိုဖွင့်ပြီး မဲဆန္ဒနယ်မြေအလိုက် မဲစာရင်းတွေ ကြေငြာတာကို ပျော်ပျော်ပါးပါး နားထောင်၊ ဟေး ကနဲ လိုက်အော်ကြရင်း အနိုင်ရတဲ့ နယ်မြေတွေကို လိုက်မှတ်၊ နောက်တနေ့ စာရင်းတွေကို ကွန်ပျူတာကနေ ပရင့်အောက်ထုတ်ပြီး စုခဲ့ဖူးပါရဲ့။ ပြည်သူတွေရဲ့ စစ်မှန်တဲ့ ဆန္ဒမဲတွေ တချိန်တခါက....ပြောင်းလဲမှု တစုံတခုကို ငတ်မွတ်တောင့်တ မျှော်လင့်ချက်များစွာနဲ့.......။ ဟုတ်ပါတယ်... ပြည်သူတွေက နိုင်ငံရေးဆိုတာ နားလည်ချင်မှ နားလည်မှာပါ။ ဒါပေမယ့် သူတို့ လိုချင်တာတော့ သူတို့ သိကြပါတယ်လေ.... ပေါက်မယ့် ဆုမဲထဲမှာ သူတို့လိုချင်တာ ပါ မပါတော့ မသိဘူးပေါ့။
ဘာရယ်မဟုတ်ပါဘူး... အမှတ်ရသွားလို့ပါ....။
Comments
သက်ဝေ said…
"တသက်မှာ တခါပဲ မဲပေးခဲ့ဖူးတာ..."
"အဲဒီတုန်းက မျှော်လင့်ချက်တွေ များစွာနဲ့..."
အဲဒီအချိန်တွေ အဲဒီမြင်ကွင်းတွေကို ပြန်သတိရသွားတယ်...း((
Anonymous said…
အဲဒီတုန်းက အပြုံးပန်းတို့ အတော်ငယ်သေးတယ်၊
ကြက်ခြေနီဝတ်စုံနဲ့ မဲရုံတွေမှာ အကူလုပ်တာပေါ့၊ မြင်ကွင်းတွေက မူံရည်ေ၀၀ါးနေခဲ့ပြီ။
ရေးထားပုံလေးဖတ်ပြီး စိတ်ထဲ မကောင်းဘူး။
ဟုတ်ပါတယ်..
အဓိက လိုချင်တာ အဲဒါလောက်လေးပါပဲဗျာ...
်နိုဝင်ဘာ၇ရက်မှာ မျှော်လင့်ချက်မရှိဘူးလို့သိပေမဲ့။်နိုဝင်ဘာ၁၃ရက်လေးတော့ မျှော်လင့်ချင်သေးတယ်။
စူး said…
တသက်မှာတခါပဲမဲပေးခဲ့ဘူးတယ်.. အဲ့တုန်းက၂၀၀၇ ခုနှစ်ကပေါ့..လုံးဝ မထောက်ခံဘူးဆိုတာကို ငွေကုန်ခံပီး ကိုယ်နေတဲ့မြို့ကနေအဝေးကြီးကို သွားပီးတော့ကိုပေးခဲ့တာ။ ဘ၀မှာတခါပါပဲ။ နောင်လည်း ဘယ်တော့မှ မဲပေးဖြစ်မယ်မထင်တော့ပါဘူး။
အမတို့အဲ့အချိန်မဲပေးတုန်းကလည်း ကျနော်တို့မိသားစုလဲ အဲဒီဖက်ပါပဲ။ ကျနော်လဲ မဲပေးချင်လိုက်တာလို့ ခဏခဏပြောခဲ့မိတယ်။ အသက်ကမပြည့်တော့ မပေးလိုက်ရဘူး အဲ့တုန်းက..မဲအများဆုံးရသူကိုကြေငြာတော့ လူတိုင်းနီးပါးပျော်ကြတာ မှတ်မိနေပါရဲ့.. အခုတော့..ကျနော်ထင်တယ် အချိန်ကစကားပြောသွားပီဆိုတော့ ဘယ်သူမဲများများ ..ပြည်သူတွေကတော့ စိတ်မ၀င်စားတော့ဘူးလို့ထင်တယ်။
Popular posts from this blog
ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။
သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...
သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)
ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...
တို့များလည်း က ဖူးပါတယ်..
 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။