Skip to main content

(တင်တင့် ၏ ပြဇာတ်) ဒီမိုကရေစီ

၁၉၃၅ ခုနှစ်၊ ဇန်န၀ါရီလ ကြီးပွားရေးမဂ္ဂဇင်းမှာ  “တင်တင့်” ကလောင်အမည်နဲ့ ရေးသားခဲ့တဲ့ သိပ္ပံမောင်ဝရဲ့  ပြဇာတ်တပုဒ်ပါ။  အဲဒီခေတ်ရဲ့ အခြေအနေကို သိမြင်ခွင့်ရစေနိုင်တာအပြင်  လက်ရှိ  အခြေအနေနဲ့ နှိုင်းယှဉ်ကြည့်ရင်လည်း သဘောကျစရာပဲဖြစ်နေလို့  ကျမရဲ့ မှတ်စုစာအုပ်လေးထဲမှာ ထည့်သွင်းဖော်ပြပါရစေ...။
 

ဒီမိုကရေစီ

အခန်း ၁

(  နုံချာသော အိမ်ကလေး တအိမ်တွင် ပက်လက်ကုလားထိုင်ပေါ်၌ ထိုင်ကာ  ဆေးပြင်းလိပ် တလိပ်ကို ဖွာလျက်နေသော သူမှာ အသက်လေးဆယ်ခန့်  ရှိလေသည်။ အ၀တ်အစား ခပ်နွမ်းနွမ်းနှင့် တစ်ခုခုကို စဉ်းစားနေစေ။ အချိန်ကား ညနေ ၅ နာရီခန့်၊ အခြား အသက်လေးဆယ်ခန့်ရှိ လူ ခပ်နုံနုံ တစ်ယောက် ၀င်လာစေ။  )

ဦးဘိုးမောင်။   ။ အောင်မယ် တယ်စဉ်းစားချက် ကောင်းပါကလား၊ ဘာများ  စဉ်းစားနေသလဲဗျာ ကိုသာအောင်။

ဦးသာအောင်။   ။ သြော် ကိုဘိုးမောင်လား၊ ၀င်ပါ ၀င်ပါ၊  လာဗျာ ၊ ဒီနားမှာ  ထိုင်ပါ၊  (  အနားရှိ ကုလားထိုင်  အလွတ်တစ်ခုကို  ထိုးပေးစေ၊)

မောင်။    ။  အင်း.. ဘာများ စဉ်းစားခန်း ထုတ်နေသလဲ၊ ထမင်းစားပြီးပြီလား။

အောင်။     ။ အခုပဲ စားပြီးတယ်၊ ထမင်းစားပြီးတာနဲ့  ဆေးလိပ်ဖွာရင်း ဟိုအကြောင်း ဒီအကြောင်း ဆိုသလို စဉ်းစားနေတာပဲ။

မောင်။    ။ ဘာများ  စဉ်းစားနေသလဲဗျာ။ ကျွန်တော်တို့ကော မသိရဘူးလား။ ထီထိုးတာ  ပေါက်ရင်  ဘုရားတည်ဖို့၊ ရှင်ပြုဖို့၊ မော်တော်ကား ၀ယ်ဖို့တွေကို စဉ်းစားပြီး လေထဲမှာ  တိုက်အိမ်ဆောက်နေတာလားဗျ။

အောင်။    ။ ဟာ  ကျွန်တော် ထီလည်း  မထိုးပါဘူး။ ထီထိုးဖို့လည်း ၀ါသနာ မပါဘူး။ စဉ်းစားနေတာကတော့ ငွေကြေး  ကျပ်တည်းတဲ့ အခါမှာ မြန်မာတွေ ပွဲလမ်းသဘင် သိပ်ပြီး လုပ်တဲ့ အကြောင်းတွေပဲဗျ။

မောင်။     ။ အောင်မာ ခင်ဗျားလည်း ၀ံသာနု ဆရာကြီး ဖြစ်မှန်းမသိ ဖြစ်နေပါပကော။ ဒါတွေ ထားလိုက်ပါဦးဗျာ။ ကျွန်တော်တို့ အခု အရေးကြီးနေတာတွေကိုတော့ ခင်ဗျား  မစဉ်းစားမိဘူးလား။

အောင်။    ။ ဘာများ  ခင်ဗျားက အရေးကြီးတာ တွေ့ခဲ့လို့လဲ။ ဟို ဂျူဘလီဟောက အလှပြိုင်ပွဲအကြောင်း ပြောမလို့လား။

မောင်။   ။ ဟာ  ဒီအသက် ဒီအရွယ်နဲ့ ဒီအကြောင်းတွေ တွေးဖို့ မဟုတ်ပါဘူး။  ဒါထက်  အရေးကြီးတဲ့ အကြောင်းဗျ။

အောင်။    ။  ကိုင်း  ဆိုဗျာ၊ ဘာအကြောင်းလဲ။

မောင်။     ။ အခု ရွေးကောက်ပွဲအကြောင်း ခင်ဗျား မကြားသေးဘူးလား.

အောင်။   ။ ကြားသားပေါ့၊  အဲဒါ ဘာဖြစ်သလဲ။

မောင်။   ။ ဘာဖြစ်ရမလဲဗျ။ အဲဒီရွေးကောက်ပွဲမှာ  ခင်ဗျားက ၀ါသလား၊ ပြာသလား။

အောင်။     ။ ကျွန်တော်လား၊  ၀ါလည်း မ၀ါဘူး၊  ပြာလည်း  မပြာဘူး၊ မည်းသဗျ။

မောင်။    ။ ခင်ဗျားအပြောမှဖြင့် ဘောက်ချည်းပဲကိုး၊ အတည်ပြောစမ်းပါ။ အ၀ါနဲ့ အပြာ နှစ်ဦးတည်း အရွေးခံတာဟာ ခင်ဗျားက မည်းတယ်ဆိုတော့ မခက်ဘူးလား

အောင်။   ။ ကျွန်တော်က မည်းလို့ မည်းတယ် ပြောတာပါ။

မောင်    ။ ဟာ  ဒီလို မပြောနဲ့လေဗျာ၊ ရွေးကောက်ပွဲနေ့ကျရင် ဘယ်သူ့အတွက် မဲပေးမယ် ကြံသလဲ ဆိုဗျာ။

အောင်။    ။ ပိုက်ဆံများများပေးတဲ့ဘက်ကို မဲပေးမှာပေါ့။

မောင်။   ။ ဟာ ခင်ဗျားဟာ တရားလမ်းအတိုင်း မကျပါဘူးဗျာ၊ ရွေးကောက်ပွဲမှာ ပိုက်ဆံပေးရတယ်လို့၊ ခင်ဗျားနှယ် ခက်ရာမကော။

အောင်။    ။ ဘာလို့ ခက်ရမှာတုံး။ အလကား အလုပ်ပျက် အကိုင်ပျက် မော်တော်ကားခ  အကုန်ခံပြီး ဆန္ဒမဲ သွားပေးရမှာလားဗျ။

မောင်။   ။  မော်တော်ကားတော့ အလကား စီးရမှာပေါ့ဗျာ။

အောင်။     ။ မော်တော်ကား အလကား  စီးရတာတော့ ဟုတ်ပါရဲ့။ ကျွန်တော် အလုပ်ပျက်တဲ့အတွက်  ခင်ဗျား အပြာတို့ အ၀ါတို့က လာပြီးတော့ ပိုက်ဆံပေးမတဲ့လား။

မောင်။   ။ ဟာ... ခင်ဗျားတစ်ယောက်လည်း  ခွ  ချည်း ပြောတော့တာပဲ။ အခု  ဒီမိုကရေစီခေတ်ကြီးအတွင်းမှာ နေရင်၊ ဒီလိုပဲ တာဝန်သိတတ်တဲ့ ပြည်သူ ပြည်သား မှန်ရင် ဆန္ဒ ပေးရသဗျ။ ဒီတော့မှ ကိုယ်ကြိုက်တဲ့ လူတွေကို ရတော့မပေါ့။

အောင်။    ။ ကောင်းပါပြီ။ ကိုယ်ကြိုက်တဲ့ လူတွေကို ရတော့ ဘာကျေးဇူး ရမလဲဗျ။

မောင်။      ။ ကိုယ်ကြိုက်တဲ့ လူကိုရတော့ တိုင်းပြည်အကျိုးကို  ဆောင်တာပေါ့။

အောင်။   ။ ခင်ဗျားတစ်ယောက်လည်း ဒီမိုကရေစီခေတ်ထဲမှာ နေလာလိုက်တာ ဆယ်နှစ်တောင် ကျော်ပြီ။ အခုတောင် လူဝါးမ၀သေးဘူးလားဗျ။

မောင်။     ။ ဟာ  ခင်ဗျား ဘယ့်နှယ်ပြောတာလဲ။

အောင်။  ။ ဘယ့်နှယ် ပြောရမှာတုံး။ ကျွန်တော်တို့ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကျော်က ရွေးကောက်လိုက်တဲ့ လူတွေဟာ  ဘယ်လောက်များသလဲ။  ဘယ်သူ  တစ်ယောက် ကျွန်တော်တို့  အကျိုးကို ဟုတ်ဟုတ်ဟတ်ဟတ် ဆောင်ရွက်သလဲဗျ။ ရွေးကောက်ပွဲ  မလုပ်ခင်ကတော့ ကျွန်တော်  ဘာလုပ်မယ်၊ ကျွန်တော် ဘယ်လို ဆောင်ရွက်မယ်နဲ့ ဟောလိုက်ကြတာ နားကွဲလုမတတ်ပဲ။ တော်တော်ကြာ ရွေးကောက်တင်မြှောက်လိုက်ပြီလားဆို ဘာတစ်ခုမှ မလုပ်တော့ဘူး။ ဒီတော့ ဘယ်သူ့စကားကို ယုံရမလဲဗျ။ ဒီလို မယုံရမယ့် အတူ ကိုယ့်အကျိုးရှိတာ ကိုယ်လုပ်ရလိမ့်မယ်ဗျ။ ငွေအများဆုံး ပေးနိုင်တဲ့သူအတွက် မဲပေးမယ်။  ကျွန်တော်တို့ ငွေရပြီးရင် သူတို့ ဘာပဲလုပ်လုပ် ကိစ္စမရှိဘူးဗျ။ သူတို့ကလည်း သူတို့အကျိုးကို ရှာ၊  ကျွန်တော်တို့ကလည်း ကျွန်တော်တို့အကျိုးကို ရှာရမဗျ။ ပိုက်ဆံရှားတဲ့ ခေတ်ကြီးထဲမှာ အကျိုးရှိတဲ့ အလုပ်ကိုမှ ရှာပြီး လုပ်ရတယ်။ ကိုင်း  သဘောကျရဲ့လား။

မောင်။    ။ မဟုတ်သေးပါဘူး။ ခင်ဗျား စိတ်ထားတွေဟာ  ကိုယ်ကျိုးအတွက်က တယ်များနေတာကိုး။ တိုင်းပြည်အကျိုး၊ အမျိုးသားအကျိုးတို့ကိုလည်း  ကြည့်ဦးမှပေါ့။ အ၀ါက အမျိုးသားစိတ်ထား  အများကြီး ရှိတယ်ဗျ။ အပြာကတော့ ကိုယ်ကျိုးအတွက်  သက်သက်ပဲ။ အပြာလို  လူများကို ရွေးကောက်လိုက်မှဖြင့် မခက်သေးဘူးလား။

အောင်။    ။ တော်ပါဗျာ၊ အမျိုးသားစကားတွေကို ပြောပြီး တိုင်းပြည်ကို  ရောင်းစားနေတာ  ဘယ်လောက်ကြာပြီလဲ။ ခင်ဗျားတို့ ယုံချင်ယုံကြ၊ ကျွန်တော်တော့ မယုံပေါင်ဗျာ။  ကျွန်တော့်ကို  အများဆုံး ပိုက်ဆံပေးတဲ့ဘက်ကို ဆန္ဒပေးမယ်။ ဒါပဲ။ ဒီ့ပြင်နည်းနဲ့တော့ ဆွယ်လို့ ရမယ် မထင်နဲ့။

မောင်။     ။ ကိုင်းဗျာ...ကျွန်တော်ပြောတာကိုချည်းလည်း မယုံနဲ့ဦး။  တိုင်းရေးပြည်ရေ တရားဟောပွဲ ဒီည  ၈ နာရီ  အချိန် ဦးသောင်းတို့ အိမ်ရှေ့ မြေကွက်မှာ ကျင်းပမလို့တဲ့။ အ၀ါဘက်ကရော အပြာဘက်ကရော  စကားပြောမယ်။ သူတို့ စကားပြောတာကို  နားထောင်ကြည့်စမ်းပါဦး

အောင်။    ။ ဒီလို တရားဟောပွဲတွေ သွားသွားပြီး  နားထောင်ခဲ့တာ ဘယ်နှနှစ် ရှိပြီလဲဗျာ။ အလကား အချိန်ကုန်တာပဲ။ အပြောတော့ဖြင့် လွမ်းပါရဲ့၊ အလုပ်ကတော့ အလကားပဲ။  ရွေးကောက်ပွဲမှာ အောင်မြင်သွားပြီလားဆိုရင်  သူတို့ ပြောခဲ့တဲ့ စကားတွေဟာ မေ့ကုန်ကြတာပဲဗျ။ ဒီတော့ အချိန်အကုန်မခံတော့ဘူး။ အိမ်မှာပဲ စီးပွားရေးတို့ ဘာတို့ ညာတို့ကို လုပ်နေတော့မယ်။

မောင်။    ။  ခင်ဗျား  တယ်ခေါင်းမာတဲ့  လူပဲ။ ပြန်ဦးမယ်ဗျာ။

အောင်။   ။ ပြန်ပါဦး၊ ကျွန်တော်ကတော့ ခေါင်းမာနေပြီ။  ခေါင်းပျော့တဲ့ လူတွေသာ ကြိုးစားကြပါတော့။ ဆယ်နှစ်ကျော်ကျော်  သူတို့အကြောင်းတွေကို သိရင် ခေါင်းမမာဘဲ နေပါတော့မလားဗျာ။

မောင်။    ။ ကိုင်း သွားပြီ။

အောင်။   ။ ပြန်ဦးတော့ ကိုခေါင်းပျော့ရေ့။

(ကိုဘိုးမောင် ထွက်သွားစေ။)

(အခန်း ၂၊ ၃၊  ၄၊  ၅ တို့ကို  ဆက်လက်ဖော်ပြသွားပါမည်...)

Comments

စူး said…
အမရေ... တအားကြိုက်လို့ ကျနော်လဲကူးပီး ဘလော့မှာတင်မယ်နော်..

ဟီးး.. ဂွတ်၏။
စူး said…
အမ..အားလုံးပီးမှပဲ တင်တော့မယ်နော်..

မြတ်နိုး
ကောင်းလိုက်တာ..း) ၂၊၃၊၄၊၅၊တွေကိုမျှော်နေမယ်နော်။
မယ်သိင်္ဂီရေ..ငယ်ငယ်ကလဲ ကြိုက်လွန်းလို့ခနခနဖတ်မိတယ်..ခုလဲ ညည်းဆီတော့ခနခနရောက်တော့မယ်..
sansantin said…
Strong heads know the reality
မနေနိုင်တော့ဘူး တင်တော့မယ်... ကြိုက်လွန်းလို့..ခဏခဏဖတ်ဖြစ်တယ်
Moe Cho Thinn said…
ခေါင်းပျော့တဲ့သူတွေကလဲ အများသားလား မမရဲ့။
စာမရေးလို့ လွမ်းနေတာ..။ ဒီလိုမျိုးလေး လုပ်စမ်းပါ။ :))

ပုံ

ခေါင်းကို လေတိုက်ရင်တောင် ထန် ထန် နဲ့ မြည်နေသူ
kay said…
မ..ရေ.. ဆက်ရန် တွေ မြန်မြန်လုပ်လေ..။
ရက်သိပ်မကျန်တော့ဘူး..း)
kilo said…
အား ပေး ၍ လာ ဖတ်သွားပါသည်။။

Popular posts from this blog

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...

သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)

ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...

အဝေးမြင် အနီးမှုန်....(နောက်ဆုံး)

အနီးမှုန်.. “မောင် ဒီနေ့ meeting ရှိုလို့နောက်ကျမယ်နော်…သီရိ..” “အော်…ဟုတ်.. သီရိလည်း ခိုင် ရန်ကုန်ရောက်တုန်း အိမ်လာလည်မယ် ဆိုလို့ စောင့်နေတာ… ဘယ်မှာလုပ်မှာလဲ.. meeting က..” “ ရုံးမှာပဲသီရိရေ.. နိုင်ငံခြားသားတွေပါမယ်.. ပြီးရင်တော့ တခုခုလိုက်ကျွေးရမှာပေါ့..” “ ဘယ်ဆိုင်မှာလဲ..မောင်..” “ အနီးအနားက အေးအေးဆေးဆေးဆိုင်မျိုးပဲ ဖြစ်မှာပါ.. ဒါလည်း မသေချာသေးပါဘူး… ကိုယ် ဖုန်းဆက်မယ်လေ..” “ ဟုတ်… အပြန်ကျ ခေါက်ဆွဲကြော်ဝယ်လာခဲ့နော်မောင်..ကလေးတွေ စားဖို့..” “ အင်း..အင်း..ဟုတ်ပြီ..ဒါပဲနော်” ခိုင့်ကို အိမ်ပြန်ပို့ပေးပြီးအပြန် စင်တင်တေးဂီတရှိသည့် ဆိုင်တစ်ဆိုင်ရှေ့မှာ သူမရဲ့မောင့်ကားကို လှမ်းတွေ့လိုက်သည်။ သူမ အဲဒီဆိုင်အပြင်ဘက်ရောက်နေမှန်း မောင်သိရင် အံ့အားသင့်သွားစေချင်သည်။ နောက်ချင်စိတ်ဖြင့် ဆိုင်အပြင်ဘက်မှာ ကားရပ်ပြီး သူမ မောင့်ဖုန်းကို လှမ်းခေါ်လိုက်သည်။ ချက်ချင်း မကိုင်သေး။ တော်နေကြာမှ ဟဲလို..ထူးသံကြားသည်…။ “မောင်..ဘယ်မှာလဲဟင်” “ ဧည့်သည်တွေကို ထမင်းလိုက်ကျွေးနေတယ် သီရိ” သူမ မောင့်ကို ဆိုင်အပြင်ဘက် လှမ်းထွက်လာတာမြင်လိုက်ရသည်.. “ဘယ်ဆိုင်မှာလဲ ..မောင်ရဲ့” “ အဲ..မီလျံကွိုင်မှာ….” “ သီချင်းသံတွေ ကြားနေ...