Skip to main content

သားကြီးဖတ်ဖို့....(၁)


 

မေလမှာ သားကြီးကို ပညာရေးလေ့ကျင့်ရေးစခန်း ပို့ခဲ့တာဆိုတော့ ... အခု သြဂုတ်လမှာ သုံးလကျော်ကျော်။  ဒီလ ၁၄ -ရက်နေ့မှာ သားကြီးက ၁၄-နှစ်တင်းတင်းပြည့်တော့မယ်။ မိသားစု မပါပဲ သားရဲ့ မွေးနေ့ကို ပထမဦးဆုံးအကြိမ် စတင် ဖြတ်သန်းရတော့မယ်....။


သားကို မိဘရင်ခွင်က ထုတ်ပြီး အဝေးက ဘော်ဒါကို ပို့တော့ ထောက်ခံတဲ့သူထက် ကန့်ကွက်ခဲ့သူတွေက များခဲ့တယ်။ သား ဖေဖေကိုယ်တိုင်က အင်တင်တင်ရယ်...။ ဘဖိုးကလည်း ဒီအကြောင်း စ ရင် လေသံ ကောင်းကောင်း မရှိလှဘူး။ မေမေလည်း ဘယ် စိတ်ကောင်းပါ့မလဲ။ သားကို အရင် မေမေတို့ စီစဉ်ထားတာကို နားလည် သဘောပေါက်အောင် ပြောပြပြီး သားကိုယ်တိုင် နားလည်လက်ခံတော့မှ ဘော်ဒါပို့ခဲ့တာပါ။ 


မေမေတို့ မိဘရင်ခွင်က ခွာတော့ ဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်တဲ့ အရွယ်.... သားကတော့ ငယ်ပါသေးတယ်လေ... ဒါပေမယ့် ဘယ်လို လုပ်မလဲကွယ်... တခါတခါ ဆုံးဖြတ်ချက်ချရတာ ကိုယ်လုပ်နိုင်တဲ့ ဘောင်ထဲမှာ အကောင်းဆုံးဖြစ်မယ်လို့ ထင်တဲ့ အရာကိုပဲ မျှော်လင့်ပြီး ရွေးချယ်ရတာမျိုးပါ။ မေမေတို့ ရွေးချယ်ခဲ့တာကလည်း ရလဒ် ကောင်းတွေ ဖြစ်ချင်မှ ဖြစ်လာမယ်...  ဒါပေမယ့် မိဘတွေရဲ့ သားသမီးတွေ အတွက် အတတ်နိုင်ဆုံး အကောင်းဆုံးကို မျှော်လင့်ပြီး ကာကွယ် စောင့်ရှောက် ချင်တဲ့ မေတ္တာကတော့  အမှန်တရားပါပဲ။


သားအဖေကတော့ မေမေ့ကို စိတ်မာတယ်လို့ ပြောတယ်။ မေမေ့ သားသမီးတွေကလည်း အဲဒီလိုပဲ ထင်နေမှာပဲ.... မေမေလည်း ရင်နဲ့လွယ် မွေးဖွားခဲ့တဲ့ မိခင်တယောက်ပဲ.... စိတ်ပူတာပေါ့ကွယ်.... သားကြီး အခုမှတွေ့တဲ့ သူစိမ်းတွေနဲ့ အဆင်ပြေအောင် ပေါင်းတတ်ပါ့မလား၊ လူအမျိုးမျိုး စိတ်အထွေထွေမို့ အုပ်စုဖွဲ့ အနိုင်ကျင့်တတ်တဲ့သူတွေနဲ့များ တွေ့နေမလား၊ ကြီးပြင်းလာကြတဲ့ နေရာဒေသတွေ ကွာခြားကြသလို ဗီဇနဲ့ အကျင့်စရိုက်တွေကလည်း တမျိုးတဘာသာစီ ဖြစ်နေမှာဆိုတော့ မတူကွဲပြားမှုတွေကြားမှာ အချိုးကျကျ လိုက်လျောညီထွေ ရှိပါ့မလား..... အစားမတော်ရင်၊ စိတ်ဖိစီးမှုတွေများလာရင် အသည်းအသန် ရင်ကြပ်တတ်သူဖြစ်လို့ မိဘ မျက်ကွယ်မှာ အဆင်ပြေပြေ နေထိုင်လို့မှ ကောင်းပါ့မလား။  စည်းကမ်းတင်းကြပ်တယ်လို့ နံမယ်ထွက်နေတဲ့ အဲဒီကျောင်းရဲ့ ဒဏ်ကို စည်းဝါးလွတ်နေလာခဲ့တဲ့ မေမေ့သား ခံနိုင်ရည်မှ ရှိပါ့မလား။ တော်ကြာ စိတ်ကျဉ်းကျပ်ပြီး ထွက်ပေါက်မှားတွေ ရှာနေမှာလား။ အဲဒီလို ပူပန်တဲ့ အခါတိုင်း မိဘတွေရဲ့ လောင်းရိပ်အောက်ကနေ လွတ်မြောက်ခွင့်မရလို့ ထိုက်သင့်သလောက် ရင့်ကျက်မလာကြတဲ့ ကလေးတွေရဲ့ အဖြစ်ကို နှလုံးသွင်းရပါတယ်။ 


သားကြီးရေ... ငယ်ငယ်က ကလေးတွေ လမ်းစမ်းလျှောက်တဲ့ အရွယ်မှာ သူတို့က နာမှာ ကြောက်တတ်ကြလို့ မိဘရဲ့လက်ကို... ဒါမှ မဟုတ် မှီတွယ် ကိုင်ထားစရာ တခုခုကို လွှတ်လိုက်ရမှာ ကြောက်ရင်းနဲ့ပဲ စမ်းလျှောက်ကြရတာပါပဲ။ လဲကျရင်း တလှမ်းလျှောက်ရင်းနဲ့ပဲ လမ်းလျှောက်တတ်သွားကြတယ်။ မိဘတွေကလည်း ကြီးကြီးမားမား အန္တရာယ်မရှိအောင် ဘေးက ကြည့်ရှုထိန်းသိမ်းပေးရင်း လွှတ်ထားလိုက်ရတာပဲ။ ဘဝဆိုတာကလည်း အဲဒီလိုပါပဲ... ကိုယ့်အားကိုယ်ကိုးရင်း မိဘနဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်း အတွေ့အကြုံတွေကနေ သင်ခန်းစာ၊ ပံ့ပိုးမှုကို လက်ဆင့်ကမ်းရင်း လျှောက်လှမ်းကြရတာမျိုး။


မနက်တိုင်း စောစောထဖို့ မနှိုးရတော့တဲ့ သားကြီးကို သတိရတယ်။ ညီလေး ညီမလေးတွေကို ထမင်းချိုင့်ပြင်ဆင်ပေးရင်း မေမေ့ကို ကူညီပေးတဲ့ သားကြီးကို သတိရတယ်။ သားကြီး ကော်ဖီ လို့ အော်လိုက်တာနဲ့ ဟုတ်ကဲ့ မေမေလို့ ပြောပြီး နာရီဝက်လောက် နေမှ ကော်ဖီဖျော်ပေးတတ်တာကိုလည်း သတိရတယ်။ အမှိုက်ပစ်ခိုင်းတိုင်း မေမေ စောင့်ပေးနော်လို့ ပြောတတ်လို့ အားမလိုအားမရဖြစ်ရင်း ဆူပူခဲ့ရတာကိုလည်း သတိရတယ်။ ကလေးနှစ်ယောက်ကိုဆိုဆုံးမတိုင်း  မြန်မာစကားကို မြန်မာလို ပြောတာ နားမလည်လို့ (တကယ်ကသူတို့လေးတွေကိုလူကြီးလို ပြောပြနေခဲ့တဲ့ မေမေ့အမှား) ပြန် ပြန်ရှင်းပြနေရတာကို မောရင်း အမေဆူတဲ့အခါတိုင်း ပုံပြောသလို စကားထောက်ရင်း နားထောင်နေတတ်တဲ့ သားကြီးကို သတိရတယ်။  အဖြူနဲ့ အစိမ်းဝတ်တဲ့ ကျောင်းသားတွေမြင်လည်း သားကြီးကို သတိရတယ်။ လှည်းတန်းက ဦးထွန်းလင်းခြံလမ်းနားရောက်လည်း မင်းကို သတိရတယ်.... သတိရနေပေမယ့် လွမ်းတော့ မနေပါဘူးလေ။ တော်ကြာ သားကြီးကပါ အိမ်ကို သတိရပြီး နေလို့ ထိုင်လို့ မကောင်းဖြစ်နေမှာစိုးလို့။


သားကြီးကို ပို့ပြီး ခဏခဏ ရောက်ဖြစ်လိမ့်မယ်လို့ ထင်ထားပေမယ့် တခါပဲ ရောက်ဖြစ်ခဲ့ပါတယ်။ အဲဒီတခါမှာတောင် တလပဲ ကြာသေး...လေသံက လူကြီးဆန်နေပြီ။ ညတိုင်းနီးပါး ရှစ်နာရီကျော်တာနဲ့ ရှိသမျှ ဖုန်းတွေက သားကြီးရဲ့ အဆောင်ဖုန်းကို call ဝင်အောင် ခေါ်နေရတာနဲ့ မအားတတ်။ တခါတခါတော့လည်း စိတ်လိုလက်ရ စကားတွေပြောတတ်ပြီး သူနဲ့ သဘောထားချင်း မတိုက်ဆိုင်တော့ရင်တော့ စကားစကို အတင်းဖြတ်။ စကားပြောတိုင်း သူ့လေသံ နားထောင်ရင်း အဆင်ပြေရဲ့လား ရင် တ မမ။


မနက်ဖြန်ဆို သားကြီး အသက် ၁၄-နှစ် ပြည့်ပြီ။ အရင်က Happy Birthday သီချင်းဆိုရင်း ဖယောင်းတိုင်မီးမှုတ်၊ ကိတ်မုန့်လှီးကြတဲ့ သားမိသားစုဝင်တွေ သားဘေးမှာ ရှိမနေခဲ့တာ သား မလွမ်းပါနဲ့။ သားဘေးမှာ ရှိနေတဲ့ သူငယ်ချင်းတွေနဲ့ မေမေတို့ ပို့လိုက်တဲ့ မုန့်တွေကို မျှဝေစားရင်း သားရဲ့ မွေးနေ့လေးကို အတူတူ ပျော်ရွှင်စွာ ကုန်ဆုံးလိုက်ပါ။

တဖြေးဖြေးနဲ့ ကိုယ့်လမ်း ကိုယ်လျှောက်ရတော့မယ့် အချိန်တွေ နီးလာပြီပေါ့.... အတောင်အလက်တွေ စုံလင်လာတဲ့ တနေ့ အသိုက်အမြုံက ခွာကြရမှာ ဓမ္မတာပါပဲ။ အင်း... မေမေ လွမ်းနေသလား... စိတ်မကောင်းဖြစ်နေသလား.... မမေးပါနဲ့...။ ဒီအမေက စကားလုံးတွေ နွေးထွေးမှုတွေနဲ့ ဖက်လဲတကင်း နေသားမကျတာ ခွင့်လွှတ်ပါ သားရယ်။ 
 
 ပျော်ရွှင်သော မွေးနေ့လေး ဖြစ်ပါစေ သားကြီးရေ...  ကျန်းမာပျော်ရွှင်စွာနဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ ဘဝကို အောင်မြင်စွာ ထုဆစ်နိုင်ပါစေ....

( သားအကြောင်းရေးထားတဲ့ ဒီပို့စ်ကို တော်တော် နောက်ကျပြီးမှ သားဖတ်ဖြစ်မယ် ထင်တယ်....)

Comments

မ ရေ.. ဖတ်ပြီးငိုချင်သွားတယ်... တတိုင်းပြည်ထဲမှာဆို သားကြီးမွေးနေ့ ကို သားကြီးရှိရာများ သွားလုပ်ပေးလိုက်ပါ့လားလို့  မချင့်မရဲဖြစ်မိပေမယ့် အမေတယာက်ရဲ့ သားကို ဘဝထဲဝင်နိုင်ဖို့  စိတ်ဓါတ်ခွန်အားမွေးပေးနေတဲ့အခါ အရေးကြီးတာတွေကို ဦးစားပေးရမယ်ဆျုတဲ့ သင်ခန်းစာကို မ ဆီက ယူမိတယ်... သားကိုမလွမ်းဘူးဆိုတဲ့ မေမေ့စာက သားကိုလွမ်းတဲ့စိတ်တွေနဲ့ ပဲ ထုံလွှမ်းနေတာ မိခင်ချင်းမို့  နှလုံးသားချင်း နားလည်မိတယ်... တကယ်တော့ ထုသားပေသားကျအောင် ပုံသွင်းနိုင်မှသာ ဘဝရဲ့အချိုးအကွေ့ တွေကို ရင်ဆိုင်နိုင်ဖို့ သတ္တိတွေရလာမှာပဲမိုလား မ ရေ... နောင် ၇နှစ်မှာ မ လိုရှိသင့်တဲ့သတ္တိတွေရှိဖို့  ခုကတည်းကလေ့ကျင့်ရမှာပဲ မ ရေ
Sonata Cantata said…
သားကြီးရေ အန်တီတာတို့ကလည်း လူကြီးဖြစ်တော့မယ့် သားကို ပညာတတ်ကြီး၊ လူချမ်းသာကြီး ဖြစ်ဖို့ဆိုတာထက် အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်တဲ့၊ စိတ်ဓာတ်ကြံခိုင်ပြည့်ဝတဲ့ လူယဉ်ကျေးတစ်ယောက် ဖြစ်စေ လိုပါတယ်လို့ မွေးနေ့ဆုတောင်းပေးလိုက်တယ်နော်

ဦးဧရာ+အန်တီတာ

သားအမေဖက်တော့ ဘာမှ လှည့်ပြောစရာမရှိဘူး။ အန်တီတာနဲ့ သဘောထားတူလို့...း)
အစ်မသိင်္ဂီ... ဒီလို ပိုစ့်မျိုးကို ဖတ်ရရင် မျက်ရည် မခိုင်ဘူး...
မိခင်တစ်ဦးရဲ့ မေတ္တာ... သူ့သားလေးအတွက် ဖေါ်ကျူးနေတာ ဖြစ်သော်လည်းပဲ ... ဒီကမ္ဘာပေါ်က သားသမီးများ အားလုံးကို ပြောနေသလိုပါပဲ... ဘာဖြစ်လို့လည်းဆိုတော့ ဘယ်မိခင်မဆို သားသမီးအပေါ်ထားတဲ့ မေတ္တာတရားဟာ နှိုင်းမရ မြင့်မြတ်လို့ပါပဲ...

သားကြီး အတွက်လည်း အန်တီစုချစ်မှ မင်္ဂလာမွေးနေ့ပါလို့ ဆုတောင်းပေးလိုက်ပါတယ်....
သက်ဝေ said…
စာမရေးလို့ စာရေးဖို့တောင်းဆိုလိုက်တာပါ... ဒီလိုစာမျိုးဖတ်ရလိမ့်မယ်လို့ မထင်မိဘူး...

သားကြီးကို ဘာလို့ အဲလိုပို့လိုက်တာလဲ လို့ မေးမလို့ကလည်း အဖြေတွေက စာထဲမှာပါနေပြီးသား... မိဘဆိုတာ သားသမီးတွေကို အကောင်းဆုံးတွေချည်းပဲ ပေးချင်ကြတာမို့ သူငယ်ချင်းရဲ့ မေတ္တာ စေတနာတွေကို တကယ်ပဲ လှိုက်လှဲ ယုံကြည်မိပါတယ်...

နေရာထိုင်ခင်း အသစ် ပတ်ဝန်းကျင်အသစ်မှာ သားကြီးအတွက် ပျော်စရာမွေးနေ့ ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...

သားကြီးထက် လပိုင်းပဲ ငယ်တဲ့ ကိုယ့်သားကိုတော့ ခုထိ ဘေဘီလေးလို သဘောထားပြီး treat လုပ်နေခဲ့မိတယ်...း(((
PAUK said…
ဖတ်ရင်း ငိုချင်နေတယ်..။
ကိုဧရာနဲ့မသီတာပြောတာကို သဘောကျပြီး ထောက်ခံသွားပါတယ်..။
သားကြီး မွေးနေ့မှာ ပျော်ရွှင်ပါစေ..။




ပေါက်
KLNG said…
ဖတ်ပြီးမျက်ရည်ဝဲမိတယ်။ Happy Birthday
ပါမမသိမ်ဂီရဲ့သားကြီး....( တောက်တောက်မွေးနေ့
ကိုတာ တိုက်ဆိုင်စွာမျက်နာလိုက်ပြီးမှတ်မိနေတာဟီးဟီး)
ဖတ်ရင်း ငိုချင်ပါရောလား .. :'(

အင်းး ညီမတို့ မိသားစုလေးယောက်တောင် တကွဲတပြားနဲ့ နောက်ဆို ဆုံဖို့ ပိုတောင် ခက်သွားဦးမယ် .. ဒါ ဓမ္မတာ ထင်ပါရဲ့နော် ..
tg.nwai said…
@တန်ခူးရေ...တမြေထဲပေမယ့် အငယ်နှစ်ယောက်က စာမေးပွဲတွေ ဖြေနေရတော့ အမေက ပစ်ထားခဲ့လို့မရ၊ အဖေကလည်း တကယ့်ကို အလုပ်တွေက ထားပစ်ခဲ့လို့ မရတဲ့ အချိန်ဖြစ်နေလို့လေ..

@ ကိုဧရာနဲ့ မသီတာတို့ ပေးတဲ့ ဆုတောင်းလေးအတိုင်းပဲ သူတို့တွေကို ဖြစ်စေချင်တာပါ...ကျေးဇူးပါ...။

@ ညီမ စုချစ်ရေ...ကျေးဇူးပါ..

@ သက်ဝေ...စာရေးပါအုံးလို့ တိုက်တွန်းလိုလို့ ရင်ထဲမှာ ရှိနေခဲ့တာတွေ ချရေးလိုက်တော့ အဲဒီစာတွေ ဖြစ်သွားရတယ်...ဖြစ်နိုင်ရင်တော့ အနားမှာပဲ ထားချင်တာပေါ့ သူငယ်ချင်းရယ်...တော်အောင်၊ ထူးချွန်အောင်လို့လည်း မဟုတ်ပါဘူး...ဘာမှ အများကြီးမမျှော်လင့်ထားပါဘူး...လုပ်သင့်တဲ့ အချိန်မှာ မလုပ်ခဲ့မိရင် ကိုယ်က နောင်တ ရရုံ..သူအတွက်တော့ အများကြီးဆုံးရှုံးသွားရမှာ စိုးတာ... သူငယ်ချင်းရဲ့ သားလေးက လိမ္မာရေးခြားရှိပြီး ထူးချွန်ထက်မြက်တဲ့ သူလေးဆိုတော့ မေမေတို့ စိတ်ချမ်းသာစရာပေါ့...း)

@ ပေါက်စ်.. ကျေးဇူး...

@ ရိန်းကတော့လေ...Bias လေးတော့ ရှိနေတာပဲ...း)ရဲရဲတောက်မွေးနေ့တိုင်း သတိရနေတော့မှာပဲ။

@ ညီမ မိုးခါးရေ... ဟုတ်တယ်နော်...အလုပ်တွေကိုယ်စီဖြစ်သွားရင်..တကွဲတပြားစီဖြစ်ပြီး အရင်အချိန်တိုင်း ငယ်ငယ်တုန်းက ဘ၀ကို ပြန်နေချင်လို့ မရတော့ဘူးနော်... ကျေးဇူး ညီမရေ..
kay said…
မ ရေ..
ဒီစာလေး ဖတ်တော့..လောလောလတ်လတ် ကျမ တွေးမိ စိတ်ဝင်စားနေတာလေး နဲ့ တိုက်ဆိုင်သွားတယ်။
ဗမာပြည်မှာ..အင်္ဂလိပ် ခေတ်နဲ့..စစ်ပြီးခေတ် ကာလ တွေက..ကွန်ဗင့်ကျောင်းတွေ.. boarding school တွေ မှာ.. ကျောင်းအိပ်ကျောင်းစား ထားကြတဲ့..ဓလေ့ ကို..ကျမ တွေးမိနေတာ။ တချို့ ဆို.. လေး ငါးတန်း အရွယ်လေး တွေ ထဲက.. ထားလိုက် ကြ တာ နော်။ တလောက..စိုင်းထီးဆိုင် အကြောင်း စာအုပ် ထဲ မှာတောင်..သူ့ကို ၈ နှစ်သားလေး ထဲက.. တမြို့ စီ ခြားပြီး ကျောင်းအိပ် ကျောင်းစား ထားလိုက်တာတဲ့..။ ကျမဖြင့်..အဲလောက် အရွယ်လေး တော့..ငယ်လွန်း တယ် ထင်မိတာ..။ ဒါပေမဲ့..အဲဒီ ဓလေ့ စနစ်က.. တော်တော် အောင်မြင် ခဲ့ တယ် ထင်တာပဲ။ ခလေး တွေ အတွက် ရော..မိဘ တွေ အတွက် ပါ.. အဆိုးအကောင်း ခံစားရပေမဲ့..ကောင်းတဲ့ အချက်က..ပိုများ တယ် ထင်တာပဲ..။ အခု ခေတ် တွေတော့..အဲလို အဲလောက် စနစ်ကျ တဲ့.. ကျောင်းတွေ ရှိသေး လား ဆိုတာ..မသိတော့ဘူး။

ဒီစာလေးကို ကျမ အမ ကို ပေးဖတ်ချင်ပါရဲ့.. ကျမ အမ ကလေ..သူ့သား ၁၅ နှစ်သားကို.. အိပ်ယာတောင် မခွဲချင်သေးဘူး။
ThuHninSee said…
ကိုယ်ချင်းစာပါတယ်အစ်မရယ်..။ အခုလေ.. အသက်သုံးဆယ်ကို အတော်လေးကျော်နေတဲ့ ကျားကိုးစီးစားမကုန် အိမ်ထောင်သည် သမီး..ကိုတောင် တမြို့တရွာမှ တစ်ယောက်တည်း ခနလေးနေရမှာကို အမေ စိတ်ပူလို့.
ဖုန်းနေ့တိုင်းဆက်ခိုင်းနေတာ။
This comment has been removed by the author.
Sorry my FRIEND yay,
Now then, visited your blog, Understood well about your dear son, what you said to me on that day..hee hee.. you know right, your friend is always slow.. :))
Tried to download MM fonts but still couldn't. If possible, help me to send the link and instruction naw. Want to type MM font at comment.. :))

Believe you are very good & bright boy,Tharr Gyi Yay..
Try to work hard for your bright future and stay heathly for your precious life as well to fulfill your Mummy and Daddy's wish naw. :))

Aunty Thinn Kyi.
မျက်ရည်တောင်ကျတယ်။ သားတယောက်အမေဆိုတော့ ခံစားချက်ကတော်တော်တူတယ်။ အမသားလဲ ပြီးခဲ့တဲ့လက ၁၃ နှစ်ပြည့်သွားပြီ။ သူ့ကိုလဲ လူကြီးဆန်စေချင်တယ်။ ကိုယ့်အားကိုယ်ကိုးစေချင်တယ်လေ။
မသိဂီ င်္ရဲ့ သားကြီး ကျန်းမာချမ်းသာပြီး ပျော်ရွှင်ဘွယ်ဘ၀ကို ပိုင်ဆိုင်နိုင်ပါစေလို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးလိုက်ပါတယ်။
မိဘတွေသားသမီးတွေကိုချစ်တတ်တာကိုတွေးကြည့်ပြီး
မျက်ရည်ဝဲမိပါတယ်
မသိဂီ င်္ရဲ့သားကြီးမွေးနေ့မှ နောင်နှစ်ပေါင်းများစွာ
စိတ်ချမ်းသာပြီးသူကျန်းမာစွာနဲ့ လောကအလည်
ရဲရင့်တဲ့သူ တစ်ဦးဖြစ်ပါစေလို့
ခင်မင်တဲ့ မိဂျက်
khin oo may said…
could not find last night one.

Popular posts from this blog

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...

သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)

ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။