Skip to main content

နားမလည်တဲ့ အကြောင်းများ။

Blog တခေတ် သေဆုံးသွားပြီလို့ ပြောသံတွေ ကြားနေရတော့ ကိုယ့် blog လေးဆီ ပြန်ထ မိခဲ့တယ်။

ခေတ်ကုန်သွားတာမဟုတ်ပဲ ရွေ့လျှောသွားတာလား။ ဒါမှမဟုတ် စာရေးဖို့ motive တွေ အကြောင်းအရာတွေ အချိန်တွေက တခြား လူမှုရေးကွန်ယက် တွေပေါ်မှာ ကုန်ဆုံးသွားခဲ့ကြတာလား။ ဒါတွေကတော့ အကြောင်းမျိုးစုံဖြစ်နိုင်တာပါပဲ။ ဘလော့ဂ်ပေါ်မှာ ပို့စ်တခု တင်နိုင်ဖို့က အချိန်တခုတော့ အသေအချာ လိုအပ်နေတာပါ၊ ကိုယ်ကတော့ အရိုးသားဆုံး ဝန်ခံရရင် တိတ်တဆိတ် စာရေးနေရခြင်းကိုပဲ နှစ်သက်ပါတယ်။ ဘာဖြစ်လို့လဲဆို ကိုယ်ရေးတာက ကိုယ့်စိတ်ထဲ ရှိတာတွေ တွေးမိပြီး အစာမကြေတာတွေလည်း ဖြစ်ချင် ဖြစ်နေနိုင်တာပါပဲ။ ခံစားမှုက စေ့ဆော်လို့ စာရေးဖြစ်သွားတာကတော့ အသေချာဆုံးပါပဲ။ 

ကိုယ့်အတွက်၊ ကိုယ့်မိသားစုတွက်၊ ကိုယ့်သူငယ်ချင်းတွေတွက်..... ကိုယ်ပြောချင်တာတွေ ပြောနိုင်တဲ့အတွက် ကိုယ် ဘလော့ဂ်မှာ စာရေးဖြစ်ခဲ့တာပါ။ တခါတလေတော့လည်း မှတ်တမ်းတင်ထားချင်လေးတွေပေါ့။ 

အခုလည်း ကိုယ့်စိတ်ထဲ တင်းကြပ်နေတာ တချို့ ဖြေလျော့ဖို့ ကိုယ် ဘလော့ဂ်ထဲ ပြန်ရောက်လာခဲ့ရတယ်။  

အခုလောလောဆယ် နားမလည်နိုင်တာတွေ ရှိလို့ပါ။ တခါတခါတော့ လူတွေက ကိုယ့်ရှုထောင့်ကပဲ ကိုယ်ကြည့်ပြီး ကိုယ်မှန်တယ်ထင်ရင် ပြီးရောလို့ ထင်တတ်ကြတာလဲ နားမလည်နိုင်ဘူး။ တခြားရှုထောင့်မှာလဲ ဒီလို မြင်နိုင်သေးပါလားလို့ စဉ်းစားမပေးနိုင်ကြတာကို နားမလည်နိုင်ဘူး။ စည်းဆိုတာ တားထားမှ တရားဝင်တာလား။ အမြင်ချင်းမတူတာတွေ ကွဲလွဲချက်တွေများလို့ သတ်မှတ်ပေးထားရတဲ့ စည်းကမ်းဥပဒေတိုင်းက တရားမျှတပါတယ်လို့ ယူဆလက်ခံလို့ ရပါ့မလား။ လူ့ကျင့်ဝတ် ယဉ်ကျေးမှု ဓလေ့ထုံးစံတွေဟာ လူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်းထဲမှာ ကျင်လည်နေသမျှ လိုက်နာလက်ခံကျင့်သုံးနေရမှာ မဟုတ်ဘူးလား။ ကိုယ်မှန်တယ် ဆိုတိုင်း တဖက်က မှားတယ်လို့ ပုံသေပြောလို့ ရပါ့မလား။ အကျိုးမရှိ အရေမရ အဖတ်မရ လူ့ကျင့်ဝတ်တွေကို ဆိုလိုတာ မဟုတ်ပါဘူး။ 

ဒါက ကိုယ့်ရဲ့ ရပိုင်ခွင့်ပဲဆိုပြီး တဖက်တည်း ကြည့်နေရင်တော့ ဆက်ဆံရေးက ဘယ်လိုမှ အဆင်ပြေနိုင်မယ်လို့ မထင်မိဘူး။ Flexible ဖြစ်ဖို့ဆိုရင် လှေနံဓားထစ်တတ်တဲ့ အကျင့်ကို အရင်စွန့်ထားပစ်ခဲ့မှ ရမှာပေါ့။ ကိုယ့် rights ပဲဆိုပြီး မီးပွိုင့်မှာ မီးနီတုန်း ကားမကြည့်ပဲ မျဉ်းကြားက ဖြတ်ကူးရဲသလား။ ကိုယ်မှန်တယ်ဆိုပြီး တဝီးဝီးနဲ့ စည်းမဲ့ကမ်းမဲ့ မောင်းနေတဲ့ ကားတွေကြား လမ်းလယ်မျဉ်းပေါ်ခြေချထားလို့ ဆိုပြီး  ပုခုံးမကျုံ့ပဲ ရပ်နေရဲသလား။ ကိုယ့်ဘာသာ ပြန်မေးကြည့်နေမိတာပါ။ 

ရလဒ်ကောင်း တခုထွက်ချင်တာလား၊ ကိုယ်မှန်တယ်ဆိုတဲ့ အတည်ပြုချက်က ပိုအရေးကြီးတယ်ထင်လို့ တဇွတ်ထိုး ခေါင်းမာစွာ ငြင်းခုန်ချင်နေတာလား။ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်တောင် သဟဇာတဖြစ်အောင် ညှိနှိုင်းချိန်ဆယူနိုင်မှ စိတ်သွားတိုင်း ကိုယ်ပါ...လိုရာခရီးရောက်နိုင်တာ မဟုတ်ပေဘူးလား။ 

၄၅ နှစ် ပြည့်ခဲ့ပြီးတဲ့ မိန်းမတယောက်မှာ ခုထက်ထိ အကြောင်းအရာ အတော်များများဟာ အံ့အားတသင့်နဲ့ နားမလည်နိုင်စရာတွေ ပြည့်နှက်နေတုန်းပဲ။ အော်... ကိုယ့်မှာ သင်ယူစရာတွေ အများကြီး.....။

Comments

Popular posts from this blog

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...

သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)

ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။