Skip to main content

ဘလော့ဂ်လေးဆီ......


FACEBOOK မှာ အချိန်ကုန်နေတာ ကြာတော့ ဘလော့ဂ်ဘက်ပြန်လှည့်ချင်လာတယ်။ အဲဒီ လူမှုကွန်ယက်ကြီးဟာ ကြောက်စရာ ကောင်းလောက်အောင် မြန်ဆန်လွန်းအားကြီးနေတယ်။ ခေါင်းနောက်စရာ အာရုံနောက်စရာ ကောင်းလောက်အောင်လည်း အမျိုးအမည်စုံစွာ ဆန်းပြားလှတယ်။ စာတွေ အများကြီးရေးစရာမလိုပဲ status လေးတခုကလည်း တုံ့ပြန်မှုတွေ ချက်ချင်းရနိုင်တယ်။ သူငယ်ချင်း အသိုင်းအဝိုင်းတွေကြား မျှဝေချင်တဲ့ သတင်းအချက်အလက်တွေ လျင်မြန်စွာ ပြန့်နှံ့စေသလောက် အဖြစ်မြန်သလို အပျက်မြန်တယ် ပြောရမလား။ လွယ်ကူမြန်ဆန်တော့ သုံးတဲ့သူတွေကလည်း လွယ်လွယ်ကူကူ သုံးနိုင်တာပေါ့၊ ဒါပေမယ့် အကုန်လုံးဟာ ရောထွေး ရှုပ်ရှက်ကုန်သလိုပဲ။ တခါတခါ ကိုယ် ပြန်ကြည့်ချင်တာကို ပြန်ရှာတော့လည်း ခေါင်းနောက်အောင် ပြန်ရှာရတာကလည်း မကောင်းပြန်ဘူး။ အဲဒီတော့ ကိုယ်လိုချင်တာလေးတွေ့လိုက်ရင် ကိုယ့် wall ပေါ်ကို ပြန် share ထားလိုက်တယ်။ အဲဒီတော့ လိုချင် မလိုချင်၊ ဖတ်ချင်ချင် မဖတ်ချင်ချင် ကျမ share လုပ်လိုက်တဲ့ ပို့စ်တွေက သူငယ်ချင်းတွေ မျက်စိနောက်အောင် သွားလုပ်တတ်ကြပြန်ပါရော။ ကိုယ်ကတော့ ကိုယ်ကြိုက်တာလေးများ သူငယ်ချင်းတွေထဲမှာ နှစ်သက်တဲ့သူများ ပါလေမလားလို့ Only me ကို မရွေးပဲ friends ကိုပဲ ရွေးထားမိတာလည်း ပါပါတယ်။ သူငယ်ချင်းတချို့က နင်ရှယ်တာတွေ များတယ်နော် ပြောတဲ့အခါကျ အားနာရပြန်ရော။

ဒါနဲ့ပဲ နားအေးပါးအေး ကိုယ်ရေးချင်တာတွေ ရေး၊ တော်တန်ရုံလူတွေ မသိနိုင် မရောက်နိုင်တဲ့ ကိုယ့်ဘလော့ဂ်တောရွာလေးထဲပဲ ကိုယ်ပြန်လာဖြစ်တော့မယ်။  ဘလော့ဂ်နဲ့ အဆက်ပြတ်တာ ကြာနေလို့ ဘလော့ဂါ အုပ်စုထဲ ဝင်ရင်တောင် ကိုယ်က ခပ်ကြောင်ကြောင်ရယ်၊ အဲ...အစကတည်းက ကိုယ့်ဘလော့ဂ်အသိုင်းအဝိုင်းလေး ခပ်ကျဉ်းကျဉ်းလေးမှာပဲ နေပျော်ခဲ့တာကြောင့်လည်းပါပါတယ်လေ။

ဘလော့ဂ်ထဲက စာလေးတွေတချို့ မမိုးရဲ့ ကျေးဇူးကြောင့် (မမိုးမိုးစောဝင်း) ပုံနှိပ်စာမျက်နှာအဖြစ်နဲ့ မြင်ခွင့်ရခဲ့တယ်။ ကိုယ့်ရဲ့သဘောကိုက ကိုယ့်ဘာသာ ပုံမှန်လေးပဲ ရေးချင်တာကို ရေးနေချင်တာ တခုပဲလေ။ စာမျက်နှာပေါ်မှာ တင်ခွင့်ရတဲ့ စာရေးသူတယောက်ဆိုတာ တာဝန်တွေ ကြီးလေးတော့ ကိုယ်က အဲဒီလောက်တာဝန်မယူနိုင်ဘူးလေ။ ဒါကြောင့် တချို့ မိတ်ဆွေတွေက စာတွေရေးပြီး ပို့ဖို့ပြောတာကို ကျေးဇူးတင်ပေမယ့် မလုပ်ဖြစ်ခဲ့ဘူး။ ကိုယ့်အကြောင်းကိုယ်သိတာလည်း ပါတာပေါ့ကွယ်။ စာရေးသူဖြစ်ဖို့ဆိုတာ လွယ်တယ်မှတ်လို့။ ကိုယ်ကတော့ ရိုးရိုးသားသားလေးပဲ စာရေးချင်စိတ်တွေ ဖြစ်လာရင် စာချရေးဖို့ပဲ စိတ်ဝင်စားတယ်။ 

မမိုးဆီက ကိုယ့်စာလေးတွေပါတဲ့ စာစောင်တွေ စာမူခ တွေရတယ်။ အဲဒီနေ့က အပျော်ကို ဘယ်လို ပြောရမလဲ မသိဘူး။ စာမူခတွေ ဘယ်လိုသုံးရမလဲ စဉ်းစားလို့ မရသေးတော့ ဘုရားစင်အောက်စာ ဘုရားစာအုပ်တွေထည့်တဲ့ ဗီရိုထဲမှာ သေချာထည့်ထားတယ်။ မေမေတို့ကို ကန်တော့မလား၊ စာပေလောကထဲက လူကြီးတွေကိုပဲ ကန်တော့တဲ့ အထဲ ထည့်လိုက်မလား၊ စာပေနဲ့ ပတ်သက်တဲ့ ဖောင်ဒေးရှင်းတခုခုမှာပဲ ထည့်လိုက်မလား၊ အဲဒီအချိန်တုန်းက ဆရာမင်းလူ နေမကောင်းတဲ့ အချိန်ဆိုတော့ ဆရာ့သမီး ယုယလေးဆီ လွဲှဖို့ စိတ်ကူးမိပေမယ့် မလွဲှဖြစ်ခဲ့ဘူး။ ဒီလိုနဲ့ပဲ ဟိုတလောက ဖေ့စ်ဘွတ်ခ်မှာ နှလုံးခွဲမယ့် ကလေးမလေးတွက် မမေအေးဦး အလှူခံတာ တွေ့လို့ ဝမ်းသာအားရနဲ့ ကိုယ်တတ်နိုင်သလောက်ရယ် စာမူခလေးတွေရယ် ပေါင်းပြီး လှူတဲ့ အထဲ ထည့်ဖြစ်လိုက်တယ်။ ဒါဆို အကျိုးရှိတဲ့ နေရာမှာ အသုံးချခဲ့တယ်လို့ စိတ်ထဲမှာ ကျေနပ်ဝမ်းသာသွားရတယ်။ 

ဘလော့ဂ်လုပ်ခဲ့တာ အချိန်တွေကုန်၊ ကိုယ့်စိတ်တွေ နှစ်ခဲ့ရရုံသက်သက်တော့ မဟုတ်ခဲ့ပါဘူးလေ။ အခုလိုမျိုး ကောင်းမှုကုသိုလ်တွေ လုပ်နိုင်သလို.... ကိုယ့်မှာ အပြင်မှာ ရဖို့ မဖြစ်နိုင်တဲ့ မိတ်ဆွေ အပေါင်းအသင်းတွေပါ တိုးပွားလာခဲ့ရတာကို ဘယ်လို တန်ဖိုးဖြတ်လို့ ရနိုင်မှာလဲ။ ဘလော့ဂ်ကြောင့်သာ မဟုတ်ရင် passive ဆန်တဲ့ ကျမအတွက်၊ စကားလုံးတွေထက် စာလုံးတွေနဲ့သာ ဆက်သွယ်ချင်တဲ့ ကျမအတွက် ပိုပြီးကျယ်ဝန်းတဲ့ အသိုင်းအဝိုင်းနဲ့ ဝေးကွာနေမှာပါပဲ။ ကိုယ့်စာတွေကို သူများဖတ်မှာ စိုးရိမ်ရှက်ရွံ့တတ်တဲ့ ကျမ ... ကိုယ့်စာတွေကို ဖတ်ပြီး သဘောတကျဖြစ်နေတဲ့ ဖေဖေနဲ့ မေမေကို ကြည့်ပြီး ကျမ ကျေနပ်နေခဲ့တယ်။ အမေ့အကြောင်းရေးထားတဲ့ ကျမရဲ့ စိတ်ခံစားချက်ကို မသိခဲ့ရလေခြင်းလို့ မေမေကတော့ စိတ်မကောင်းဖြစ်နေခဲ့တယ်။ ကျမလည်း အဲဒီစာရေးခဲ့မိတဲ့အတွက်၊ အဲဒီစာကို မေမေဖတ်ခဲ့မိတာတွက် စိတ်မကောင်းဖြစ်ခဲ့ရပါတယ်လေ။ ဒါပေမယ့် အဲဒါတွေက ရင်ထဲမှာ ရှိနေခဲ့တဲ့ အရာတွေပဲလေ။ ဖွင့်အန်ထုတ်ပစ်ခဲ့တဲ့ အတွက် ကျမရင်ထဲမှာ အဆိပ်အတောက်တွေ ပိုပြီး ပြန့်မသွားတာကလည်း ဘလော့ဂ်ရေးခဲ့မိလို့ဆိုတာ ငြင်းလို့ မရအောင် ကျေးဇူးတင်မိပါရဲ့။

ဖေ့စ်ဘွတ်ခ်က အရှိန်အဟုတ်ပြင်းပြင်းနဲ့ စီးဆင်းနေတဲ့ တောင်ကျချောင်းရေဆိုရင် ကျမတို့ ချစ်တဲ့ ဘလော့ဂ်ကတော့ တသွင်သွင် နဲ့ ငြိမ့်ညောင်းစွာ စီးဆင်းနေတဲ့ စမ်းချောင်းလေးပဲပေါ့။  အဲဒီစမ်းချောင်းလေးဆီ ကျမ ပြန်လာခဲ့ပြီ.......။

Comments

စမ်းချောင်းလေးဆီပြန်လာခဲ့ပါ မ ရေ. အားငယ်လို့ ....တန်ခူး လဲ စာမူခလေးတွေအကုန်လှူဖြစ်တယ်. ညီမတွေစိတ်ချင်းတူတယ်နော်

Popular posts from this blog

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...

သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)

ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။