Skip to main content

မီတာနှင့် အပြိုင် ချာချာလည်နေမိသော အတွေးများ.....


အရင်လ (အောက်တိုဘာ) ကုန်ခါနီးတုန်းက မီတာခတွေ တိုးကောက်မယ် ဆိုတဲ့ ကြေငြာချက် ထွက်လာခဲ့တယ်။ ကုန်ဈေးနှုန်းတွေ တသမတ်တည်း တက်နေတဲ့ ခေတ်ကြီး ဆိုတော့ ပြည်သူတွေကတော့ သူတို့ ဘက်က တိုးပေးရမှာကို မကြိုက်ကြဘူးပေါ့။ အခွန်အခ တိုးပေးရတယ်ဆိုတာက သူတို့ဆီက ကုန်ပေါက်တွေ ထပ် တိုးလာမှာကိုး။ ဒါကလည်း သဘာဝကျပါတယ်လေ။ လျှပ်စစ်မီးကြောင့် ဆင်းရဲခဲ့ရတဲ့ ဒုက္ခကို နာတာရှည်ရောဂါသည်လို ခံစားခဲ့ရတဲ့ ပြည်သူတွေအနေနဲ့ ခဲမှန်ဖူးတဲ့ စာသူငယ်လို မဲမဲမြင် ကြောက်နေတော့မှာပါပဲ။

အဲဒီ ဒုက္ခကို မခံစားခဲ့ဖူးတဲ့သူတွေကတော့ ဘယ်လိုမှ စာနာနားလည်နိုင်မှာ မဟုတ်ပါဘူး။ ကိုယ်တိုင်လည်း အဲဒီဒုက္ခကို မခံစားခဲ့ရခင်တုန်းကတော့ သူများတွေ စိတ်ဆင်းရဲတုန်းက ပင်ပန်းမှာပဲလို့ ကိုယ်ချင်းစာပြီး တွေးမိရုံလောက်ပဲလေ။ ကိုယ်တိုင် အဲဒီ လျှပ်စစ်မီး အလှည့်ကျ ဒုက္ခသည်ထဲ ပါလာတော့မှ ခံစားရတဲ့ ပင်ပန်းဆင်းရဲက  စိတ်ဒဏ်ရာ ရလောက်အောင်ကိုပါပဲ။ ဘယ်အချိန် မီးလာမလဲ။ ဘယ်အချိန် မီးပျက်မလဲ။ ဒီရေ အတက်အကျကတော့ လပြည့် လကွယ်နဲ့ ဆိုင်သလို ကိုယ့်စိတ်အတက်အကျကလည်း မီးလာ မီးပျက်နဲ့ တိုက်ရိုက် အချိုးကျ နေခဲ့ကြရတယ်။

မီးမှောင်မှောင်ထဲမှာ မနေနိုင်တော့ ဘက်ထရီအိုးဖိုး၊ အင်ဗာတာဘိုး၊ မီးစက်ဖိုး၊ ဆီဖိုးတွေက မီတာခတွေထဲ ထပ်ဆောင်းခဲ့ကြပေါ့။ သူများတွေ မသုံးတတ်တဲ့ အင်ဗာတာတို့ မီးအားမြှင့်စက်တို့တွေကို ကလေးတွေတောင် နားရည်ဝပြီး အကြားအမြင်များခဲ့ကြတာ တစ်ခုတော့ဖြင့် သူများတွေထက် သာတယ်လို့ ကြံဖန်ဂုဏ်ယူရမလားပဲ။ လေယာဉ်ပေါ်မှာ မီးတွေပိတ်ထားရင်းက မီးဖွင့်လိုက်လို့ လင်းသွားတဲ့အခါ  ((( ဟေး))) လို့ ထအော်ခဲ့တဲ့ မြန်မာပြည်က ကလေးတွေရဲ့ အတွင်းနက်နက်မှာ စွဲနေတဲ့ အကျင့်  (အမာရွတ်လို့ ပြောရင် ရမလား) တစ်ခုကို စိတ်မကောင်းကြီးစွာ သတိထားမိခဲ့တယ်။ 

အချိန်နဲ့ လာတဲ့မီးမို့ လာတဲ့ အချိန်မှာ ထွန်းလိုက်မယ်ဟဲ့ ဆိုတဲ့ စိတ်ကလေးတွေ လူတွေစိတ်ထဲ စွဲနေခဲ့သလား။ မီးလာလာ မလာလာ မှောင်မှောင် လင်းလင်း မီးထွန်းထားတတ်တဲ့သူတွေ ရှိတယ်။ ကိုယ့်အိမ်က မီး၊ မီတာခ ဆောင်ရင် ပြီးရော၊ မှောင်မှောင် လင်းလင်း ကိုယ်တတ်နိုင်လို့ ဖွင့်ထားမယ်လို့ စိတ်ထားလို့ ရပါ့မလား။ မီးတယူနစ်သုံးရင် တိုင်းပြည်က ဘယ်လောက် ဆုံးရှုံးခံနေရတယ်ပြောလို့ရော သူတို့တွေ နားဝင်ပါ့မလား။ တိုင်းပြည်က ဘယ်လောက် ဆုံးရှုံး နစ်နာနေတယ်ပြောလည်း ဘယ်သူတွေ ချမ်းသာကောင်းစား နေတာက ဆိုတာ ပြည်သူတွေ မသိ မမြင်ရအောင် မျက်ကွယ်မှာ တိတ်တိတ်လေး ငြိမ်ငြိမ်နေ နေကြတာမှ မဟုတ်တာပဲ။ 

ဟိုတနေ့က မြို့စွန်ဘက်က ထမင်းဆိုင်တစ်ဆိုင်မှာ ထမင်း စားဖြစ်ခဲ့ ကြတယ်။ လက်ဆေးတဲ့ ဘေစင်မှာ ရေကို ဖွင့်ထားလိုက်တာ တဝေါဝေါနဲ့ပဲ။ ရေတစက် တစက် ကျရင်တောင် မနေတတ်တဲ့သူမို့ ရေတွေပွင့်နေတယ်လို့ ပြောလိုက်တော့ ဆိုင်က တယောက်က သွားပိတ်တယ်။ ခဏနေ ဘုရားပန်း လဲနေရင်းနဲ့ ရေတွေကို တောက်လျှောက် ဖွင့်ထားရင်း  ဝင်လိုက် ထွက်လိုက်၊ ကိုယ်တွေ ထမင်း စားသောက်ပြီးလို့  ပြန်တဲ့ အချိန်ထိ ရေတွေ ပွင့်နေတုန်းပဲ။ သူတို့ကြည့်ရတာ ရေတွေကို ဒီအတိုင်း ဖွင့်နေတတ်တာ ပုံမှန် အလေ့အကျင့် ပုံစံမျိုး ။ စည်ပင်ရေပဲ သုံးသုံး၊ ကိုယ်ပိုင် အဝိစိတွင်းရေပဲ သုံးသုံး၊ ရေတွေ ပေါနေလို့ပဲ သုံးသုံး .. အလဟဿဖြစ်သွားတဲ့ ကမ္ဘာမြေကြီးရဲ့ အရင်းအမြစ်တွေ အတွက်တော့ နှမြောမိတယ်။ လမ်းဘေးမှာ ရေပိုက်တွေ ပေါက်ပြီး ရေတွေ ဒလဟော ထွက်ကျနေတာတွေလည်း မကြာခဏ ဆိုသလို တွေ့နေရတယ်။

ဒီလိုပဲ။ ဒီဂျစ်တယ်မီတာတွေ အသစ်တွေ လဲရတော့ တအားလည်တယ်လို့ အသံတွေ ကြားရတယ်။ တရုတ်မီတာအသစ်တွေက သိပ်လည်လွန်းတော့ သုံးစွဲတဲ့သူတွေကလည်း စိတ်ညစ်ပြီး အကြံတောင်းကြတယ်ပေါ့။ ဒါမျိုးတွေက သက်ဆိုင်ရာဝန်ထမ်းတွေ မပါပဲ လုပ်လို့ ဖြစ်တာမှ မဟုတ်တာ။ မီတာ လျှောက်ရတာခက်တယ်။ ရပြန်တော့လည်း ဈေးက ရှိသေး။ အဲဒီတော့ ပေါပေါလောလော အလကား သုံးလို့ရတဲ့ နည်းတွေ ရှိသား။ သူများတွေလည်း အဲဒီလိုပဲ သုံးနေကြတာ။ အန္တရာယ် မကြောက် ဘာမှမကြောက် ပစ္စုပ္ပန်တည့်တည့်မှာပဲ နေတဲ့ သူတွေ။ စံစားရတဲ့သူတွေက အပေါ်ပိုင်းက၊ ခံစားရတဲ့ သူတွေက စားသုံးသူ ပြည်သူတွေ၊ အလုပ်ဖြစ်အောင် ပေါင်းစားရတဲ့သူတွေက ပြည်သူ့ ဝန်ထမ်းတွေ။ နစ်နာတာကတော့ တိုင်းပြည်ပါပဲ။ တကယ့်ကို ရေရှည်အတွက် စဉ်းစားပြီး အဖြေရှာဖို့ အရေးတကြီး လိုအပ်နေပါတယ်။ လက်ပူတိုက် တစ်ခါသုံး ဆေးမြီးတိုတွေနဲ့ဆို တိုင်းပြည်လည်း ဒီထက် ပိုပျက်ပြီး တိုင်းပြည်ထဲမှာ နေနေကြတဲ့ သူတွေအားလုံးလည်း (အစိုးရ၊ ဝန်ထမ်း၊ ပြည်သူ အားလုံး) ဒီအကျင့်စာရိတ္တ ပျက်ပြားတဲ့ နွံထဲမှာ တစ်ယောက်ကို တစ်ယောက် ဆွဲနှစ်ရင်းနဲ့ အကုန်လုံး စုန်းစုန်းမြုပ်ကုန်တော့မှာပါ။

ပြည်သူတွေကို ပညာပေးဖို့ (ပညာပေးဖို့ဆိုတာ နားလည်သဘောပေါက် လက်ခံအောင်၊ အမှန်အတိုင်းသိအောင် ရှင်းလင်းစည်းရုံးဖို့ကို ဆိုလိုတာပါ။ ခေါင်းမထောင်နိုင်အောင် မလှုပ်နိုင်အောင် ပညာပေးဖို့ ပြောချင်တာ မဟုတ်) ပညာရှိတဲ့ တာဝန်တွေ ယူထားတဲ့ လူကြီးမင်းများမှာ တာဝန်ရှိကို ရှိပါတယ်။ ကိုယ်တိုင်တွေက ပညာရှိ ဆန်ဆန် တွေးခေါ်ပြောဆို ဆက်ဆံတတ်မှ ဖြစ်မှာပါ။ ဒီလို ကြေငြာချက် မထုတ်ခင်ကတည်းက ဖြစ်ပေါ်လာမယ့် အကျိုးဆက် ဂယက်တွေကို ကြိုတင် သိမြင်ပြီး ပြင်ဆင် ထားရမှာပါ။ မသိမမြင်တာလည်း မဟုတ်ပဲ စိတ်ဆင်းရဲမှာစိုးလို့ ကြိုမပြောတာပါ ဆိုတာကလည်း ပရောဖက်ရှင်နယ် မဆန်လွန်းလိုက်ပုံများ။  ကြားရတဲ့ သူတွေတောင် ပြောသူကို အားနာမိရဲ့။ မီးစင်ကြည့် က တဲ့ အကျင့်က ကျမတို့ လူမျိုးတွေရဲ့ ကိုယ်ပိုင် အမှတ်အသားတခုလို ဖြစ်နေတာကိုက ကျမတို့ တိုင်းပြည်ကို အောက်ထဲ ဆွဲချနေတဲ့ အထဲက အချက်တစ်ချက် အနေနဲ့ ပါမယ် ထင်မိတယ်။ တယောက်တပေါက် ရှင်းလင်းနေကြတာထက် တာဝန်ယူပြီး ဖြေရှင်းနိုင်တဲ့သူ တစ်ယောက်ယောက်ကို တာဝန် ပေးထားတာကမှ ပိုပြီး သင့်တော်ပါလိမ့်မယ်။

ဘာဖြစ်လို့ ဝေ့လည်ကြောင်ပတ်အဖြေမျိုးတွေကို ပြောနေရသလဲဆိုတာထက် အဲဒီလို လူစား မျိုးတွေကို တိုင်းပြည်ရဲ့ အဲဒီလိုနေရာတွေမှာ ရှိနေစေခဲ့တာ အမှားပဲ လို့ ပြည်သူတွေက မြင်သွားတာကို စိတ်မကောင်းပါဘူး။ အထူးသဖြင့် အခုလို ပွင့်လင်းတဲ့ ခေတ်ကြီးထဲမှာ အပြင်က လူတွေမြင်သွားရင် မြန်မာပြည်ကို ဦးဆောင်နေတဲ့ သူတွေက အဲဒီလို အဆင့်အတန်းမျိုးလို့  အမြင်ဟောင်းတွေနဲ့ ထပ်ပြီး ရှေ့ဆက် မသွားစေချင်တာပါ။ တယောက်ပြီး တယောက် ထွက်ဖြေရှင်း၊ ရှင်းသမျှကလည်း တလွဲချည်း ပဲဖြစ်နေတော့ ပြည်သူတွေ အယုံအကြည်မဲ့လာရင် တိုင်းပြည်ရဲ့ တည်ငြိမ်မှု ထိခိုက် ပျက်ပြားလာဖို့ပဲ ရှိမှာပေါ့။ 

အဲဒီတော့ ပြည်သူတွေကိုလည်း ခေါင်းအေးအေး ထားစေချင်ပါတယ် ။ သူတို့ ပြောသမျှကို ငြင်းပယ်မယ် ငြင်းဆန်မယ် ဆိုတဲ့ စိတ်ထားမျိုး မဟုတ်ပဲ ကျိုးကြောင်းသင့် ဆင်ခြင်နိုင်စွမ်းရှိတဲ့သူတွေ၊  ကိုယ်ပိုင် ဆုံးဖြတ်ချက်၊ အတွေးအခေါ်ရှိသူတွေ၊ သူများမြှောက်တိုင်း လိုက် လုပ်တတ်တဲ့ သူတွေမဟုတ်ဘူး ဆိုတာကို သက်သေပြကြရမှာပါ။ အစိုးရဘက်က တာဝန်ရှိသူတွေကလည်း ကိုယ့်ဘက်ကတော့ သာစေ၊ နာချင်းနာ တိုင်းပြည်နဲ့ ပြည်သူတွေလို့ပဲ နာကြလို့ စိတ်ထဲ မထားကြစေချင်ပါဘူး။ ပြည်သူတွေ မယုံတာကို အပြစ်ပြောဖို့ထက် ယုံကြည်အောင် အရင် အလုပ်လုပ်ပြဖို့ လိုပါလိမ့်မယ်။ (ပွင့်လင်းမြင်သာတဲ့ နားလည်လွယ်မယ့် ရှင်းလင်း ပညာပေးမှုတွေလည်း လိုအပ်ပါလိမ့်မယ်။) အဲဒီအတွက် တရားမျှတမှုနဲ့ ဘက်မလိုက်တဲ့ မှန်ကန်မျှတတဲ့ လုပ်ရပ်တွေနဲ့ သက်သေပြရမှာပါ။ (အပြောကတော့ ရွှေမန်း၊ အက ကျတော့ ချိုမိုင်မိုင် လုပ်နေလို့ လူတွေ ရယ်စရာဖြစ်ရင်တော့လည်း အဆိုးမဆိုနဲ့ပေါ့လေ) တိုင်းပြည်မှာနေတဲ့ လူတွေ အကုန်လုံးက တိုင်းပြည်အတွက်ဆိုတဲ့ ကမ္ဘာ့အလယ်မှာ သိက္ခာရှိရှိရပ်တည်နိုင်မယ့် တိုင်းပြည်မျက်နှာကိုပဲ ကြည့်လိုက်ရင် ဘက်ချင်းတူသွားပြီး ညှိညှိနှိုင်းနှိုင်း ဆွေးနွေးတိုင်ပင်ပြီး အတူတူ ပူးပေါင်း  လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်လေ။ တကယ်တမ်းကျ ဟိုလူတွေ ဖယ်ထား၊ ဒီလူတွေပဲ ကျန်ခဲ့ဆိုပြီး မြန်မာပြည်ကြီးကို ဦးပိုင်စီးထား (အဲလေ) မောင်ပိုင်စီးထားလို့ ဖြစ်ပါ့မလား။

Comments

မျှတမှုတွေကို ငတ်မွတ်ခေါင်းပါးခြင်းမှ ကင်းဝေးရစေလို့  ဆုတောင်းမိတယ် မ ရေ
tg.nwai said…
တန်ခူးရေ...လာလည်လို့ ကျေးဇူး...:)

Popular posts from this blog

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...

သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)

ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...

အဝေးမြင် အနီးမှုန်....(နောက်ဆုံး)

အနီးမှုန်.. “မောင် ဒီနေ့ meeting ရှိုလို့နောက်ကျမယ်နော်…သီရိ..” “အော်…ဟုတ်.. သီရိလည်း ခိုင် ရန်ကုန်ရောက်တုန်း အိမ်လာလည်မယ် ဆိုလို့ စောင့်နေတာ… ဘယ်မှာလုပ်မှာလဲ.. meeting က..” “ ရုံးမှာပဲသီရိရေ.. နိုင်ငံခြားသားတွေပါမယ်.. ပြီးရင်တော့ တခုခုလိုက်ကျွေးရမှာပေါ့..” “ ဘယ်ဆိုင်မှာလဲ..မောင်..” “ အနီးအနားက အေးအေးဆေးဆေးဆိုင်မျိုးပဲ ဖြစ်မှာပါ.. ဒါလည်း မသေချာသေးပါဘူး… ကိုယ် ဖုန်းဆက်မယ်လေ..” “ ဟုတ်… အပြန်ကျ ခေါက်ဆွဲကြော်ဝယ်လာခဲ့နော်မောင်..ကလေးတွေ စားဖို့..” “ အင်း..အင်း..ဟုတ်ပြီ..ဒါပဲနော်” ခိုင့်ကို အိမ်ပြန်ပို့ပေးပြီးအပြန် စင်တင်တေးဂီတရှိသည့် ဆိုင်တစ်ဆိုင်ရှေ့မှာ သူမရဲ့မောင့်ကားကို လှမ်းတွေ့လိုက်သည်။ သူမ အဲဒီဆိုင်အပြင်ဘက်ရောက်နေမှန်း မောင်သိရင် အံ့အားသင့်သွားစေချင်သည်။ နောက်ချင်စိတ်ဖြင့် ဆိုင်အပြင်ဘက်မှာ ကားရပ်ပြီး သူမ မောင့်ဖုန်းကို လှမ်းခေါ်လိုက်သည်။ ချက်ချင်း မကိုင်သေး။ တော်နေကြာမှ ဟဲလို..ထူးသံကြားသည်…။ “မောင်..ဘယ်မှာလဲဟင်” “ ဧည့်သည်တွေကို ထမင်းလိုက်ကျွေးနေတယ် သီရိ” သူမ မောင့်ကို ဆိုင်အပြင်ဘက် လှမ်းထွက်လာတာမြင်လိုက်ရသည်.. “ဘယ်ဆိုင်မှာလဲ ..မောင်ရဲ့” “ အဲ..မီလျံကွိုင်မှာ….” “ သီချင်းသံတွေ ကြားနေ...