Skip to main content

၁၁.၁၂.၁၃ ဖီလင်


အရင်ရက်တွေက ခြင်္သေ့ကျွန်းက ခဏပြန်လာတဲ့ အဆောင်မှာ တခန်းထဲ အတူတူနေခဲ့တဲ့ သူငယ်ချင်းနဲ့ မတွေ့ဖြစ်လိုက်ဘူး။ တခြား ကလေးမိဘတွေရော ကလေးစာမေးပွဲရှိတဲ့ အချိန်မှာ ဘာမှ မဟုတ်လဲ စိတ်ပူပန်နေရတာပဲလား...။ အဲဒီလိုတော့လည်း ဟုတ်ဟန်မတူပါဘူးလေ...။ ကလေးတွေက ကိုယ့်အသိနဲ့ ကိုယ် လိုလိုချင်ချင် ရှိနေရင် လူကြီးတွေ စိတ်ချလက်ချနေနိုင်မှာပါ။

ကိုယ့်တွက်တော့ အခုလက်ရှိအချိန်တွေက ပင်ပန်းတယ်လို့ ထင်တယ်။ လူပင်ပန်းတာရော စိတ်ပင်ပန်းတာရော... တခြားပူပန်စရာတွေရော အားလုံးပေါင်းဆုံလာသလိုပဲ။ အသက် ၂၈ နှစ်မှာမှ အိမ်ထောင်ကျခဲ့တဲ့ ကိုယ်ဟာ တကယ်ဆို နှစ်ဆယ်ကျော် အစိတ်ပိုင်း အရွယ်တော် တစိတ်ဟိုင်းသွားခဲ့တဲ့ အပျိုကြီးအရွယ်လို့ အရင်ခေတ်ကတော့ သတ်မှတ်ကြမှာပေါ့။ 

သားကြီးကို မွေးတော့ နှစ်ဆယ့်ကိုးနှစ်။ နှစ်ဆယ့်ရှစ်နှစ်လုံးလုံး ကိုယ့်ဘာသာ သီးသန့် နေတတ်ခြင်းနဲ့ အကျွမ်းဝင်ခဲ့လေတော့ ပထမဆုံး သားဦးမှာ အရမ်း ပင်ပန်းခဲ့ပါတယ်။ မိသားစုတခုကို ထိန်းသိမ်းစောင့်ရှောက်တဲ့ အတတ်ပညာကို အဲဒီကတည်းက စတင် သင်ယူခဲ့ရတာ ခုချိန်ထိ ကမောက်ကမ ရှိနေဆဲ။ လူနှစ်ယောက် အတူတူနေရင်တောင် အဆင်ပြေပြေဖြစ်ဖို့ လိုတိုးပိုလျော့ ညှိရ နှိုင်းရသေးတာပဲလေ။ မိသားစုဆိုတော့ အများဆုံး လိုက်လျောညီထွေဖြစ်အောင် အလျော့ပေးရတဲ့သူက မိခင်တွေပဲ ဖြစ်မယ်ထင်ရဲ့။ ကလေး တယောက်ထဲနဲ့တောင် လုံးလည် ချာလည်လိုက်ရင်း ကိုယ့်နေရာလည်း ပျောက်နေရင်း နောက်ထပ် ကလေး တယောက် ဆိုတာကို တော်ပါပြီလို့ ကြောက်လန့်တကြားဖြစ် နေရင်းနဲ့ သားကြီး ကျောင်း စ နေတဲ့ အရွယ် ရောက်ခဲ့ရတယ်။ တဦးတည်းသော သားအဖြစ်နဲ့ သားကြီးကို မရှိစေချင်တာရယ်၊ ကိုယ်လည်း အဆင်သင့် ဖြစ်နေပြီလို့ ယူဆလို့ နောက်ထပ် ကလေးတယောက် ထပ်ယူခဲ့တယ်။ လိုချင်တယ်ဆိုတာနဲ့ တန်းရောက်လာခဲ့တာကလည်း သားငယ်လေးနဲ့ ကျမတို့ မိသားစုရဲ့ ကံ အကျိုးအကြောင်း ဆက်စပ်မှုတွေလည်း ပါမယ်လို့ထင်တယ်။ သားငယ်လေးမွေးပြီးတော့ သိပ်မကြာခင်မှာပဲ သမီးလေး ထပ်ရောက်လာပြန်တယ်။ ကျမလား။ မောတော့ မောတာပေါ့ .. ဒါပေမယ့် မမောဘူး ဆိုသလိုပဲ။ ပင်ပန်းပေမယ့် မပင်ပန်းတော့ပါဘူးလေ ။ ကလေးသေးသေးလေးတွေကို ကျွမ်းကျွမ်းကျင်ကျင် ထိန်းကျောင်းတတ်နေပြီပဲ။ 

သားကြီးတုန်းက လေးလနဲ့နို့ဖြတ်ခဲ့ရတာကို စိတ်မကောင်းဖြစ်လို့ သားငယ်ကို သုံးနှစ်အထိ အမေ့နို့ဆက်တိုက်ဖြစ်ခဲ့တယ်။ (သားကြီးသာ သိရင် ခံရတာက သား၊ စံရတာက ညီလေးလို့ ပြောရော့မယ်) သမီးငယ် ကိုယ်ဝန်နဲ့လည်း သားငယ်က ချိုတန်းလန်း၊ သမီးငယ်ကို ချိုတိုက်တော့ သားငယ်က နို့စို့ဖော်ရလို့ ကလေးသေးသေးလေးကို သူ့ကစားဖော်လို ပိုချစ်ပြီး အနွံတာခံနေတာလား စဉ်းစားနေမိတယ်။ ဘေးကနေ ကြည့်ရင်တော့ တော်တော့်ကို ဝရုန်း သုန်းကားနိုင်တဲ့ မိသားစုလေးပေမယ့် ကျမတို့တော့ ဘယ်လို ဖြတ်ကျော်လာသလဲဆိုတာ မမှတ်မိတော့။ ကလေးတွေ မူကြိုတက်တဲ့ အချိန်ကျ ကျမမှာ အားလပ်ချိန်တချို့ရှိခဲ့လေတော့ ဘလော့တွေထဲ ရောက်သွားဖြစ်ခဲ့တယ်ထင်ရဲ့။

ခုချိန်မှာတော့ ကလေးတွေက ကြီးလာလည်း သူတို့ကို လွှတ်ထားလို့ မဖြစ်သလို ကြီးကောင်ဝင်လာတဲ့ သားကြီးကိုလည်း မျက်ခြေပြတ်ခံလို့ မရသေး။ အလုပ်ကလည်း တဖက်ကလုပ်ရင်း၊ ပင်ပန်းနေတဲ့ ကိုယ့်ချစ်သူကိုလည်း တတ်နိုင်သလောက် အားပေးကူညီရင်း ဘယ်တော့မှ မပြီးဆုံးနိုင်တဲ့ လေ့လာမှုတွေကြားထဲမှာ ယက်ကန် ယက်ကန်နဲ့ ရုန်းကန်နေရဆဲ။

ရသ စာပေတွေဆိုတာ မဖတ်ဖြစ်တာ များပြီး ခံစားမှုကလည်း ထုံပေပေဖြစ်နေပြီထင်ရဲ့။ ဟိုတနေ့က မေမေတို့အိမ်ရောက်တော့ ငယ်ငယ်က စုထားတဲ့ စာအုပ်ဘီရိုထဲ ကြွက်သိုက်ဖွဲ့နေတာ အမှတ်တမဲ့ တွေ့တော့ စိတ်ပူသွားခဲ့တယ်။ အဲဒီထဲမှာ ကိုယ်စုဆောင်းထားခဲ့တဲ့ ကိုယ့်အကြိုက်စာအုပ်တွေ အများကြီးလေ။ မေမေကပဲ ရှင်းရင်းနဲ့ ပြန်တွေ့သလောက် ဆရာငြိမ်းကျော်ရဲ့ စာအုပ်တွေ စုပြီး ပြန်ပေးလိုက်တယ်။ ကိုယ် သိပ်ကြိုက်ခဲ့ရတဲ့ စာရေးဆရာကိုး။ တခြား စာရေးဆရာတွေရဲ့ စာအုပ်ကို ပြန်လည် ထုတ်ဝေနေကြလို့ ထပ်ဝယ်လို့ ရနေပေမယ့် ငြိမ်းကျော်ရဲ့စာအုပ် ပြန်ထုတ်တာကတော့ ပဉ္စမမြောက်ဆောင်းရက်များ တအုပ်ထဲတွေ့ဖူးတယ်။ စာအုပ်တွေ ပြန်သယ်လာပြီး ဝမ်းသာအားရ ဓာတ်ပုံရိုက် ဖေ့စ်ဘွတ်ခ်ပေါ်တင်။ မြင်တဲ့သူငယ်ချင်းတယောက်က ကိုယ့်ရောဂါကူးစက်ပြီး မြက်ဖျားနှင်း ချင်ခြင်းတပ်၊ စာအုပ်အဟောင်းဆိုင်သွားရှာတွေ့ပြိး ဖတ်ပြီးတဲ့အချိန်ထိ ကိုယ် စာအုပ်တွေကို မကိုင်အားသေးဘူး။ 

ရုံးမှာ အလုပ် လုပ်ရင်းနဲ့ မြန်မာ စကားလုံး ဝေါဟာရတွေ ပါးစပ်ဖျားမှာတင် မေ့နေတာ တွေ့တော့ အလန့်တကြား  ဖြစ်ရပြန်တယ် ။ မေ့တတ်တဲ့ ရောဂါ လက္ခဏာများ အစပျိုးနေပြီလားရယ်လို့လေ။ သူငယ်ချင်းနဲ့ စကားပြောဖြစ်တုန်းက ငါတို့တွေလည်း ငါးဆယ်နားကပ်လာပြီ၊ အချိန်တွေ ဘယ်လို ကုန်သွားမှန်းကို မသိလိုက်ဘူးလို့ ပြောထားတာ အမှတ်ရပြီး အားက ငယ်ချင်လာသလိုလို။ နောက်တော့ အမျိုးသားကို ပြောပြဖြစ်တယ်။ မြန်မာဝတ္ထုတွေ မဖတ်တာ ကြာလို့ ဦးနှောက်က မှတ်ဉာဏ်တွေ လျော့လာတာ ထင်တယ်လို့ ပြောတော့ ဒီယုန်မြင်လို့ ဒီချုံထွင်မှန်း သူ မသိပဲ နေမလား။ ဒါပေမယ့် ထုံးစံအတိုင်း မိန်းမ စာအုပ်တွေ ဖတ်စေဆိုပြီး အလုပ်အကြောင်းတွေ လာမပြောတော့ပဲ နားခွင့်ပေးလိုက်ပါတော့တယ်။ ဒီတော့ ကိုယ်လည်း "သံယောဇဉ် နံနက်ခင်း" မှာ "တမ်းတတတ်သည်" နဲ့ "နေစိမ့်ပါရဲ့" လုပ်နေလိုက်တော့တာပေါ့။

ဘဝကြီးက တိုတိုလေးပါ ... လုပ်သင့်တာတွေကို လုပ်ရင်း၊ ချန်ထားခဲ့ရမှာတွေ၊ သယ်သွားရမှာတွေကိုလည်း အကောင်းဆုံးဖြစ်အောင် အတတ်နိုင်ဆုံးပြင်ဆင်ရင်း ကိုယ့်ဘဝကို တန်ဖိုးရှိရှိ ကျေကျေနပ်နပ် နေပျော်အောင် နေလိုက်ကြရအောင်နော်။ :)

Comments

NSA said…
ကလေးတစ်ယော်ကနဲ့ ဗိုက်တစ်လုံးနဲ့ အိမ်အလုပ်တွေနဲ့တင် ပင်ပန်းနေတာ..အစ်မတီဂျီ ဘယ်လောက်ပင်ပန်းမလဲ တွေားကည့်မိတယ်။
NSA said…
မတီဂျီ ဒီပို့စ်လေး ဖတ်ပြီး ညီမ ကိုယ့်ကိုယ်ကိုယ် တိတ်တိတ် ဘဝင်မကျဖြစ်နေတာ ပြေသွားသလိုပဲ ၊ ဒုတိယ ကိုယ်ဝန်ဆောင်ထားတုံးက အိုဂျီက မှုံကို နို့ဖြတ်ခိုင်းတယ်။ သူက အဲဒီအချိန် ဘာအပြင်စာမှ မစား ကျွေးရခက်လွန်းပြီး အမေနို့ပဲ အားပြု အသက်ဆက်နေရသလိုမို့ နို့မဖြတ်ရက်ခဲ့ဘူး။ ကိုယ့်ဘာသာ အင်တာနက်မှာ၇ှာဖတ်ပြီး ကိုယ်ဝန်ရှိတုံး နို့ဆက်တိုက်တာ သန္ဒေသားကို မထိခိုနိုင်ဘူး ဆိုတာတွေ ရေးထားတဲ့ ဖိုရမ်တွေ ဖတ်ပြီး ဆက်တိုက်ခဲ့တာ ။ ကိုယ်ဝန် ၁ လခွဲမှာ ဗိုက်ထဲတင် ပျက်စီးသွားတော့ င့ါ့ကြောင့်လား ဆိုပြီး တိတ်တဆိတ် နောင်တ တွေ ရနေတာ ။
NSA said…
စာရိုက်နေတုံး လေားထောင့်ချည်း မြင်နေရတော့ သတ်ပုံအမှားတွေ မမြင်လိုက်ဘူး..အစ်မရေ..ဆောရီးနော်
tg.nwai said…
မှုံလေးရဲ့ ပုံလေးတွေ တွေ့တိုင်း မှုံလေးမေမေတော့ ပင်ပန်းရှာရော့မယ် တွေးမိပါတယ်။ ဒါပေမယ့် ချစ်စရာကောင်းလွန်းတဲ့ မှုံလေးကိုယ်တိုင်ကပဲ ညီမတွက် အားဆေးဖြစ်နေမယ် ထင်ပါတယ်။ ခုလို ကိုယ်ဝန်ရင့်လာတဲ့အခါ တခြားအလုပ်တွေကို တတ်နိုင်သလောက် လျှော့ပြီး အမေနဲ့ ဗိုက်ထဲက ကလေးလေးတွက် အားမွေးစေချင်ပါတယ်လေ... မှုံလေးကလည်း အမေအားကိုးရမယ့် သမီးလေးဖြစ်လာမှာ...အဖော်ရလို့ သူ့ခမျာ ပျော်ရှာမှာပဲ... FB baby junior လေးကို မျှော်နေပါတယ်... :)
မ ရေ. မ က အသက် ၂၈. ညီမလေးက ၃၁ သားလေးမွေးတော့ ၃၅. မ တို့ လို သားသမီးလေးတွေအများကြီးနဲ့ မိသားစုလေးတွေတွေ့ ရင်တယောက်ထဲဖြစ်နေတဲ့သားအတွက် အမြဲစိတ်မကောင်းဖြစ်မိတယ်. မ သားသမီးလေးတွေက လိမ်လိမ်မာမာလေးတွေမို့  စိတ်အမောတွေခဏဖြေ ကိုယ့်အတွက်လေးလဲ အချိန်ပေးပေါ့ မ ရယ်. ငြိမ်းကျော်နဲ့ ငယ်ဘဝတွေပြန်လွမ်းရတာ ဘယ်လောက်များအရသာရှိလိုက်မလဲနော်
လူချင်းမတွေ့ရပေမဲ့ စကားတွေအများကြီးပြောလိုက်ရလို့ ကျေနပ်တယ်း)) စာအုပ်တွေဖတ်ဖြစ်တယ်ဆိုရင် စာတွေအများကြီးရေးတော့မှာပေါ့။ မျှော်နေမယ်နော်။ ။

Popular posts from this blog

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...

သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)

ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...

အဝေးမြင် အနီးမှုန်....(နောက်ဆုံး)

အနီးမှုန်.. “မောင် ဒီနေ့ meeting ရှိုလို့နောက်ကျမယ်နော်…သီရိ..” “အော်…ဟုတ်.. သီရိလည်း ခိုင် ရန်ကုန်ရောက်တုန်း အိမ်လာလည်မယ် ဆိုလို့ စောင့်နေတာ… ဘယ်မှာလုပ်မှာလဲ.. meeting က..” “ ရုံးမှာပဲသီရိရေ.. နိုင်ငံခြားသားတွေပါမယ်.. ပြီးရင်တော့ တခုခုလိုက်ကျွေးရမှာပေါ့..” “ ဘယ်ဆိုင်မှာလဲ..မောင်..” “ အနီးအနားက အေးအေးဆေးဆေးဆိုင်မျိုးပဲ ဖြစ်မှာပါ.. ဒါလည်း မသေချာသေးပါဘူး… ကိုယ် ဖုန်းဆက်မယ်လေ..” “ ဟုတ်… အပြန်ကျ ခေါက်ဆွဲကြော်ဝယ်လာခဲ့နော်မောင်..ကလေးတွေ စားဖို့..” “ အင်း..အင်း..ဟုတ်ပြီ..ဒါပဲနော်” ခိုင့်ကို အိမ်ပြန်ပို့ပေးပြီးအပြန် စင်တင်တေးဂီတရှိသည့် ဆိုင်တစ်ဆိုင်ရှေ့မှာ သူမရဲ့မောင့်ကားကို လှမ်းတွေ့လိုက်သည်။ သူမ အဲဒီဆိုင်အပြင်ဘက်ရောက်နေမှန်း မောင်သိရင် အံ့အားသင့်သွားစေချင်သည်။ နောက်ချင်စိတ်ဖြင့် ဆိုင်အပြင်ဘက်မှာ ကားရပ်ပြီး သူမ မောင့်ဖုန်းကို လှမ်းခေါ်လိုက်သည်။ ချက်ချင်း မကိုင်သေး။ တော်နေကြာမှ ဟဲလို..ထူးသံကြားသည်…။ “မောင်..ဘယ်မှာလဲဟင်” “ ဧည့်သည်တွေကို ထမင်းလိုက်ကျွေးနေတယ် သီရိ” သူမ မောင့်ကို ဆိုင်အပြင်ဘက် လှမ်းထွက်လာတာမြင်လိုက်ရသည်.. “ဘယ်ဆိုင်မှာလဲ ..မောင်ရဲ့” “ အဲ..မီလျံကွိုင်မှာ….” “ သီချင်းသံတွေ ကြားနေ...