Skip to main content
၂၀၁၃ အတွက် ရောက်တတ်ရာရာ မှတ်တမ်း။
၂၀၁၃ က ကုန်တော့မယ်။ ပြန်ကြည့်လို့ မှတ်မှတ်ရရ ဘာတွေ ရှိခဲ့သလဲ။
သားကြီးမေမြို့မှာ ကျောင်းတက်နေလို့ မေမြို့ရောက်ဖြစ်တယ်။ သားကြီးဆီ သွားရင်း ရွှေဘို ခင်ဦးဘက်မှာ ရှိတဲ့ သူငယ်ချင်းရဲ့ ယာထဲ သွားလည်ဖြစ်တယ်။ နောက် ကန့်ဘလူမဝေးတာနဲ့ ဖိုးဖိုးဆီကို တသက်မှာ ပထမဦးဆုံးအကြိမ် ရောက်သွားခဲ့တယ်။ ကားနဲ့တောင် နာရီဝက်လောက် ကားလမ်းပေါ်ကနေ အထဲဝင်ရတဲ့ လှည်းလမ်းလေးအတိုင်း သွားခဲ့ကြရတယ်။ မိုးရာသီဆို လမ်းမပေါက်ဘူးတဲ့။ သိပ္ပံမောင်ဝဆိုတဲ့ စာရေးဆရာကြီး၊ အောက်စဖို့ဒ်ရောက်ခဲ့တဲ့ တခေတ်တခါက အိုင်စီအက်စ် အရေးပိုင်မင်းလည်း ခေတ်ပျက်တော့ အဲဒီတောခေါင်ခေါင်မှာ အသက်ဆုံးရှုံးခဲ့ရတယ်။
လေးဆယ်စွန်းစအရွယ်ကောင်းလေးမှာ ဖြစ်ရလေခြင်းလို့ လေးဆယ်ကျော်နေပြီဖြစ်တဲ့ မြေးမက တွေးတောနေမိရဲ့။ မွေးနေ့မှာ ဆုံးပါးခဲ့လို့ မွေးနေ့ဆိုတာရဲ့ ပယောဂ ဂယက်ဟာ ဖိုးဖိုးရဲ့ သားသမီးတွေဆီမှာ ရိုက်ခတ်ထင်ဟပ်နေဆဲပဲဆိုတာ သံသရာရဲ့ တနေရာရာမှာ ရှိနေမယ့် ဖိုးဖိုးကတော့ သိမယ်မထင်မိဘူး။ ဖိုးဖိုးရဲ့ သမီးငယ် မယ်ကေး ( သူ့မွေးပြီးမှ တချိန်လုံး ပြေးနေရလို့ မယ်ပြေးလို့သာ ခေါ်လိုက်ချင်ရဲ့လို့ မှတ်ချက်ချဖူးတဲ့) ကတော့ သူ့ဖခင်ရဲ့ အုတ်ဂူကို တသက်လုံးနောက်ထပ် ဘယ်တော့မှ ပြန်မလာနိုင်ခဲ့တော့ဘူးလေ။ တခါတခါတော့လည်း နာကျင်လွန်းအားကြီးခဲ့တဲ့ အတိတ်ဆိုးကို မေ့ထားချင်တတ်တာ သဘာဝပဲလို့ ဖိုးဖိုးနားလည်ပေးမယ် ထင်ပါတယ်။
မတ်လမှာ သားကြီးစာမေးပွဲဖြေရတယ်။ အငယ်နှစ်ယောက်ရဲ့ စာမေးပွဲနဲ့လည်း တိုက်နေပေမယ့် အရေးကြီးတဲ့ ဆယ်တန်းစာမေးပွဲကိုပဲ ဦးစားပေးရင်း ပြင်ဦးလွင်မှာ ဆယ်ရက်လောက် သွားနေဖြစ်ခဲ့တယ်။ စာကို ဟုတ်တိပတ်တိ မလုပ်တဲ့ သားကြီးကို ကြည့်ရင်း သက်ပြင်းချရုံကလွဲလို့ ဘာမှ မတတ်နိုင်ခဲ့တော့ဘူး။ လောကကြီးမှာ ကိုယ်ဖြစ်စေချင်တဲ့အတိုင်း ကိုယ်တိုင်တောင် မဖြစ်နိုင်ဘူးဆိုတာ နားလည်ဖို့ လက်ခံခဲ့ရတယ်။ 
ပြန်ရောက်တော့ အလုပ်ကိစ္စနဲ့ ပြည်ပခရီးကို သွားဖို့ ပြင်ဆင်ရင်း တဖက်ကလည်း နေရာထိုင်ခင်း ပြောင်းရွှေ့ဖို့ အချိန်လုပြီး လှုပ်ရှားရပြန်တယ်။ အကန့်အသတ်တွေ ဘောင်တွေ သိပ်များတာကြောင့် အလုပ်တခုလုပ်တဲ့ အခါ ဆုံးဖြတ်ချက်မြန်မြန်ချဖို့ တွန်းအားပေးတယ်။ ရွေးချယ်စရာမရှိရင် ဒီလမ်းကလွဲလို့ သွားစရာမှ မရှိတာပဲ။ ကိုယ်ကြိုက်တာ မလုပ်နိုင်ရင် ကိုယ်လုပ်နိုင်တာကိုပဲ ကြိုက်ဖို့ စိတ်ထားတတ်ရတော့မှာပဲလေ။ 
ပထမဦးဆုံးအကြိမ် ဥရောပ ခရီးစဉ် ရောက်ဖူးခဲ့တယ်။ ကိုယ်ချစ်တဲ့ နေရာနဲ့ အဆင့်ကွာခြားတယ်လား။ လေယာဉ်အကြာကြီး စီးရတာကို စိတ်ညစ်တယ်။ ရုပ်ရှင်တွေလည်း တကားပြီး တကားကြည့်ရင်း ခေါင်းမူးလာတယ်။ ဒီကြားထဲ ဝိုင်ဖြူသောက်ပြီး မူးနေသေးတယ်။ ဝိုင်ကို အအေးမော့သလို တကျိုက်ထဲ မော့လိုက်လို့ မူးတာလို့ သူက ပြောတာပဲ။ အပြန်ကျတော့ မမူးရဲလို့ အအေးပဲ သောက်တော့တယ်။ 
ဖရန့်ဖတ် လေဆိပ်ရောက်တော့ ၇ နာရီကျော်ခွဲလောက်ပဲ ရှိဦးမယ်။ ဆိုင်တွေတော်တော်များများက ပိတ်ကုန်ကြပြီ။ Sim card လိုချင်တာ ဖုန်းဆိုင်တွေမှာပဲ ရောင်းတယ်လို့ information counter က ပြောတယ်။ တကယ်တမ်းကျ simcard ရောင်းတဲ့ vender machine ကို အပြန်ခရီးကျမှ တွေ့တော့တယ်။ 
ဒါနဲ့ပဲ Sing Tel ကို roaming သုံးလိုက်တာ တော်တော်ကျသွားတယ်။ နောက်မသုံးဖို့ သင်ခန်းစာကို ဝယ်လိုက်ရသလိုပဲပေါ့။ သူတို့တိုင်းပြည် ဘယ်လောက်အေးမလဲတော့ မသိဘူး။ ကိုယ်တွေရောက်တဲ့ အချိန်က ပွင့်လင်းရာသီမို့ သူတို့တွေတွက် အနေတော်တောင် ကိုယ်တွေက ချမ်းတုန်နေတုန်း။ လူတွေက အေးတဲ့ဒေသက လူတွေမို့လား မသိ။ အေးအေးဆေးဆေး ရှိလှတယ်။ ကားလေးတွေက စီးတီးကားအသေးလေးတွေပဲ များတယ်။ ကြပ်သိပ်မွန်းကျပ်ပြီး စိတ်မရှည်တတ်တဲ့ ရန်ကုန်မြို့ကြီးနဲ့တော့ ကွာချင်းတိုင်း ကွာနေလိုက်ပုံများ။ 
ရန်ကုန်ကို ပြန်ရောက်တော့ သြင်္ကန်အတက်နေ့ နေ့ခင်းပိုင်း...  လေး ငါးရက်လောက် ကွာသွားတာနဲ့ လေဆိပ်က တက်စ်စီတွေက နှပ်ချဖို့ စိတ်ကူးနေပြီ။ ဒါကြောင့် တို့တိုင်းပြည်ကလွန်ခဲ့တဲ့ ဆယ်နှစ်က ဘန်ကောက်နဲ့ ဆင်လာတယ်လို့ ထင်မိတယ်။ စည်းကမ်းမဲ့တာ၊ ကားတွေကြပ်တာ၊ အငှားယာဉ်မောင်းတွေကို မယုံရတာတွေ...။ အိမ်ပြန်ရောက်ပြီး မေ ၁၅ ရက်အမီ အိမ်ပြောင်းဖို့ ပစ္စည်းတွေသိမ်းဆည်းရတဲ့ အချိန်မှာတော့ အကုန်လုံးကို ပစ်ထားခဲ့လိုက်ချင်တာပါပဲ။ နေ့မအိပ် ညမအိပ် အလုပ်တွေ ရှုပ်နေရတဲ့ အထဲ ဖောက်လာတာက အဝေးကို ၂ နှစ်လောက် ရောက်နေတဲ့ သားကြီး။ အိမ်နဲ့ အသားမကျ အထာမကျ အဆောင်အကျင့်တွေ အိမ်သယ်လာရင်း သူရော ကိုယ်ပါ စိတ်ညစ်ရတာ အကြိမ်ကြိမ်။
နေရာအသစ်ကလည်း ပြင်ဆင်ဖို့ အချိန် သိပ်မရလိုက်တော့ စိတ်တိုင်းကျတယ်ရယ်လို့တော့ ဘယ်ဟုတ်ပါ့မလဲ။ စိတ်ညစ်တဲ့ အခါ စိတ်ညစ်လိုက်၊ ရွှေတိဂုံဘုရားကြီးကို အချိန်ပြည့် ဖူးမျှော်ခွင့်ရနေတာတွေကတော့ ကိုယ့်တွက် အမြတ်လို့ပဲ သဘောထားပါတယ်။ ဒီလိုနဲ့ပဲ စိတ်ချမ်းသာခြင်း စိတ်ဆင်းရဲခြင်းတွေက ကိုယ်ကြုံတဲ့ အာရုံတွေပေါ် မူတည်တယ်ဆိုတာထက် ကိုယ်ဘယ်လို လက်ခံလိုက်သလဲဆိုတာပေါ် လုံးဝမူတည်နေတာကို နားလည်သဘောပေါက်လာရတယ်။ သဘောမပေါက်လို့လဲ မရတော့ဘူးလေ။ အသက်လေးရလာတော့ စိတ်တို စိတ်ညစ်ခြင်းတွေရဲ့ အကျိုးဆက်တွေကို သိသိသာသာ ခံစားရတာက ကိုယ်တိုင်ပဲကိုး။ 
ကိုယ်တွေလည်း အသက်တွေ ရလာသလို လူကြီးတွေလည်း တော်တော်လေး အရွယ်ကျသွားကြပြီ။ ကိုယ့်သားသမီးတွေလည်း တက်လူတွေ ဖြစ်လာကြတယ်။ ကြွေးဟောင်း အကြေမဆပ်နိုင်ပေမယ့် ကြွေးသစ်တွေကို ချနေရတာ ပိုများနေတယ်။ ကြွေးသစ်ဆိုတာထက် ဒါကလည်း ကိုယ်ပြန်ရမယ့် အကြွေးတွေ မဟုတ်ပါဘူးလေ.... လုပ်သင့်တာတွေကို လုပ်နိုင်တဲ့အချိန်မှာ လုပ်နိုင်သလောက် လုပ်လိုက်တာကိုပဲ တာဝန်ကျေပြီလို့ ကိုယ့်ဘာသာ ယူဆမိတယ်။ မနိုင်ဝန်လည်း မထမ်းနိုင်ဘူး၊ ဘာကိုမှလည်း တအားကြီး မမျှော်လင့်ထားတော့ဘူး။ ကိုယ်သွားရမယ့် လမ်းမှာ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် လုပ်သွားဖို့ကိုပဲ စိတ်ကူးပါတယ်လေ။ ဒါတောင်မှ ဒီ ဆိုဆုံးမရခက်တဲ့ စိတ်ရိုင်းတွေကို ထိန်းသိမ်းနိုင်ပါဦးမှ ဖြစ်မယ့်ကိစ္စတွေ....။
တချို့ကိစ္စတွေကိုလည်း လွှတ်ချခဲ့တော့တယ်။ ကိုယ့်ခေါင်းထဲမှာ နောက်စေ ရှုပ်စေမယ့် အကျိုးမဲ့စကားတွေ မကြားချင် မပတ်သက်ချင်တော့ဘူး။ တကယ်ဆို ကိုယ့်မှာအချိန်ဆိုတာ ရှားပါးလာပြီ မဟုတ်လား။ သားကြီးကို ပြောရင်းနဲ့ ကိုယ့်ဘာသာ နားလည်လာတာက အရာရာတိုင်းဟာ ခရီးလမ်းတလျှောက်မှာ သွားနေကြတဲ့ ခရီးသည်တွေချည်းပဲ။ ကိုယ်သွားရမယ့် လမ်းဆုံး မရောက်မချင်း ကိုယ်က လျှောက်လှမ်းရဖို့က ကိုယ့်ကိစ္စ၊ သူများတွေ ဆင်းသွားတိုင်း ကိုယ်က လိုက်ဆင်းနေရင် ကိုယ့်နေရာ ဘယ်တော့ ပြန်ရောက်တော့မှာလဲ။ သူငယ်ချင်း၊ ဆွေမျိုး၊ ပျော်စရာ၊ စိတ်ညစ်စရာ အတိတ်တွေကို ရိပ်ခနဲ မြင်လိုက်ရတဲ့ အရာတွေလို သဘောထားတတ် နေခဲ့ပြီပဲ။ ပြန်တွေ့တော့လည်း နှုတ်ဆက်လိုက်၊ ပြီးသွားတော့လည်း ချန်ထားခဲ့လိုက်ရုံပေါ့။ 
အလုပ်ထဲမှာ ခုခေတ် ကလေးတွေရဲ့ ပုံစံလေးတွေက အားမရစရာ။ ကိုယ်တွေတုန်းကလည်း ဒီလိုပဲလားလို့ မနည်း ပြန်တွေးရတယ်။ တက်ကြွတဲ့ အရွယ်ပေမယ့် တလွဲဆံပင်ကောင်းနေကြတာ များသလားလို့။ ဒါမှ မဟုတ် ကိုယ်တွေ တွေ့မြင်နေတဲ့ အသိုင်းအဝိုင်းတချို့ကသာ အဲဒီလို ဖြစ်နေကြတာဖြစ်ပါစေ ဆုတောင်းတယ်။ ဂါရဝတရား နည်းပါးလာတာရယ် ယဉ်ကျေးမှုတွေ လျော့နည်းလာတာတော့ သိသာတယ်။ ကိုယ်လုပ်ခဲ့တာ အမှားလား အမှန်လားတောင် ခွဲခြား မသိတတ်တဲ့ နောက်တော့ ဘာမှ ဆက်ပြောစရာ မရှိတော့ပါဘူးလေ။ မှန်ပါတယ်။ ပုထုဇဉ် လူသားတွေပဲ။ အကုန်လုံး ဘယ်ပြည့်စုံနိုင်မှာလဲ၊ ခက်တာတခုက ကိုယ့်ဘာသာ အမြဲမှန်နေတယ်ထင်တာပဲ။ ပြင်ဆင်ဖို့ အခွင့်မရရှာတော့ဘူးပေါ့။ ကြောက်တာကတော့ ရင်းနှီးချင်ယောင်ဆောင်ပြီး နောက်ကျော ဓားနဲ့ ထိုးမယ့်သူမျိုး။  
အတွေးအခေါ် အကြိုက်တွေက အချိန်နဲ့ အမျှ ပြောင်းလဲတတ်လာတာကို သိလာတာက ကိုယ် ပန်းပင်တွေကို ချစ်တတ်လာတာပဲ။ အခု သစ်ခွတချို့ အိမ်မှာ ဝယ်ထားတယ်။ စပယ်ပင်မျိုးစုံလည်း ရှိသေးတယ်။ မိန်းကလေးတန်မဲ့ ပန်းမချစ်တတ်တဲ့ ကိုယ်က အရွယ်လေးရလာတော့ အပင်တွေကို ချစ်တတ်လာတယ်။ သဘာဝတရားရဲ့ အလှအပတွေကို ပိုမြတ်နိုးတတ်လာတယ်။ ဒါကတော့ သိသိသာသာပြောင်းလဲလာတဲ့ အရွယ်ရဲ့ စကားပြောမှုတွေလား။ 
မျက်လုံး အမြင်တွေ မှုံဝါးလာတယ်။ တယ်လီဖုန်းက စာလုံးတွေဆို မျက်မှန်မတပ်ရင် မှန်းသမ်းဖတ်ရတယ်။ ဆံပင်အဖြူတွေက ဒီလောက် ဖုံးနေတဲ့ ကြားက ခဏခဏ ပြန်ပေါ် ပေါ်လာတယ်။ အော်သံတွေ ဆူညံတွေကို နားညည်းလာတယ်။ ဒါပေမယ့် အသံတွေကြားနေရတော့ အထီးကျန်တာ သက်သာတယ်လို့လည်း တွေးမိသေးတယ်။ ဒီအရွယ်မှာ ခုတမျိး တော်ကြာတမျိုး စိတ်တွေ ပြောင်းလဲနေတတ်တာလား။ 
ပန်းတွေ ကြွေသလိုမျိုး လူတွေလည်း တဖြုတ်ဖြုတ်ကြွေကုန်ကြတယ်။ တချို့ကျတော့ သက်တမ်းကုန်လို့၊ တချို့ကျတော့ အနေအထိုင်မတတ်လို့၊ တချို့လည်း ရှေးကံ ချို့တဲ့ခဲ့လို့။ လူအမျိုးမျိုး စိတ်အထွေထွေနဲ့ ကိုယ့်ဘ၀ ကိုယ်တည်ဆောက်ကြတယ်။ ကိုယ့်ခန္ဓာ ကိုယ်ပိုင်တယ် ထင်ပေမယ့် အသိစိတ်ကို လွှမ်းမိုးသွားနိုင်တဲ့ စွဲလမ်းမှုကို မလွန်ဆန်နိုင်တဲ့ အဆုံးမှာ တချို့ ဘဝတွေ ပျက်ကြတယ်။ တချို့ မိသားစုတွေပါ ပျက်ဆီးကြရတယ်။ တချို့က ပူဆွေးသောကရောက်နေတဲ့ အချိန် တခြားလူတွေက ရှင်သန်ပျော်ပါးနေကြတယ်။ ထပ်တူဖြစ်နိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အရာ။ သွားတဲ့သူတွေ သွားကြတဲ့နောက်မှာ ဘာဖြစ်လို့ ကျန်တဲ့ ဘဝတွေကို အဓိပ္ပာယ်မဲ့ ဖြတ်သန်းချင်ကြတာလဲ။ လုပ်ခဲ့မှားတဲ့ အပြစ်တွေကြောင့် ကိုယ့်ဘာသာ ဒဏ်ခတ်တာလား။ 
ကိုယ်သေသွားရင် ခန္ဓာကိုယ်ကို လှူခဲ့မယ် စိတ်ကူးထားတာ ကြာပြီ။ ထုံးတမ်းစဉ်လာတွေနဲ့ ကိုယ့်ကို မချုပ်နှောင်ထားဖို့ သေတမ်းစာ မဟုတ်တဲ့ မှာတမ်းသဘောမျိုးတော့ ရေးထားခဲ့ဖို့ စဉ်းစားထားတယ်။ သွားတဲ့သူတွေကလည်း ဖြောင့်ဖြောင့်သွားရင် ကျန်ရစ်သူတွေကလည်း ဖြောင့်ဖြောင့်နေခဲ့နိုင်မှာပေါ့။ သူတို့လည်း သူတို့ဘ၀ သူတို့ ဆက်လျှောက်ရဦးမယ်။ မိဘအမွေဆိုတာ ပစ္စည်းဥစ္စာပဲလို့ ထင်နေကြတာ စိတ်ပျက်စရာ...။ တချို့ဆို အဲဒီအမွေကို စွဲလမ်းတွယ်နှောင်နေလို့ ဒီထက် ပိုတိုးတက်နိုင်တဲ့ အစွမ်းအစတွေကိုပါ အတုံးခံလိုက်ကြလို့....ဘဝရဲ့ အဖိုးတန်တဲ့ အချိန်တွေ အကုန်ခံပြီး ထိုင်စောင့်နေကြသတဲ့။  ဉာဏ်မမီနိုင်ပါဘူးလေ။  
နှစ်ကုန်ခါနီးမှာ ကလေးတွေအတွက် ခွေးလေး နှစ်ကောင် ဝယ်ဖြစ်ခဲ့တယ်။ ချစ်တတ်ဖို့ရယ် တာဝန်ယူတတ်ဖို့ရယ် သူတို့လေးတွေ သင်ယူဖို့ လိုသေးတယ်လေ။ ငယ်ငယ်က ခွေးတွေ၊ ကြောင်၊ ကြက်၊ ဘဲ၊ ငန်း၊ ဝက်၊ ငှက် မျိုးစုံနဲ့ ကြီးပြင်းလာတော့ ကလေးတွေကိုလည်း တတ်နိုင်သလောက်တော့ သဘာဝတရားနဲ့ နီးစပ်စေချင်တယ်။ မေမေကတော့ ကလေးတွေ သံယောဇဉ်ကြောင့် ငိုယိုပူဆွေးရမှာ စိုးရိမ်နေတယ်။ လူရယ်လို့ ဖြစ်လာရင် လောကဓံတရားတွေကို ရင်ဆိုင်ရဲဖို့ ပြင်ဆင်ပေးရမှာ မဟုတ်လား။ လောလောဆယ်တော့ ကလေးတွေနဲ့ အတူတူ မိသားစုဝင် အသစ်လေးတွေ နေမကောင်းဖြစ်နေလို့ သူတို့လေးတွေကို ပြုစုစောင့်ရှောက်ရင်း ခရီးလည်း မထွက်နိုင်ပဲ နှစ်သစ်ကို ဘုရားကြီးဖူးရင်းပဲ အေးအေးချမ်းချမ်း ကြိုဆိုနေလိုက်တော့မယ်လေ။ 
နေရစ်ခဲ့တော့ ၂၀၁၃ ရေ။ မှတ်တိုင်တခုဟာ နောက်မှာ ကျန်ခဲ့ရမှာပဲလေ။
နောက်လာမယ့် မှတ်တိုင်က ၂၀၁၄ ...တဲ့။ ရှင်သန်ခြင်းတွက် အဓိပ္ပာယ်ရှိတဲ့ နှစ်သစ်တနှစ် ဖြစ်ပါစေလေ။
Comments
NSA said…
ပျော်ရွှင် ကျန်းမာတဲ့ မင်္ဂလာ နှစ်သစ်ဖြစ်ပါစေ..မတီဂျီ ...။
အစ်မ ဒီစာ ဖတ်ရတာ ညီမရဲ့ စိတ်ကိုပါ ဆုံးမနေသလိုပဲ :))
တောငိးတဲ့ ဆုနဲ့ပြည့်ပါစေသူငယ်ချင်း။ ။
အသက်တွေ မတိမ်းမယိမ်းမို့ လားမသိဘူး..အဖြစ်ချင်းတွေ တူလိုက်တာ မ ရေ... မ ရဲ့ ၂၀၁၃ လေးက ကျေနပ်စရာလေးတွေအများကြီးနော်...
ခုခေတ်မှာ အရမ်းရှားလာတဲ့ big familyလေး နှစ်သစ်မှာ ဒီထက်ပိုချစ်နိုင်ကြပါစေလို့ 
မမ... တက္ကသိုလ်စိန်တင်ရေးတဲ့ သိပ္ပံမောင်ဝ၏ ဘ၀နှင့်စာပေ ကို ဖတ်ဖူးတယ်... ဒါပေတဲ့ သုတများနေလို့ ဖတ်ရတာ အားမရဘူး....
ဆရာကြီးသိပ္ပံမောင်ဝရဲ့ အတ္ထုပ္ပတ္တိကို ရသ ပါ ပါအောင် ရေးတဲ့ စာအုပ် ထွက်စေချင်တယ်... ဥပမာ အမေမာ ရေးတဲ့ စတိုင်မျိုးပေါ့....
သမီးလည်း နောက်တစ်ခါ ရွှေဘိုရောက်ရင် မမဖိုးဖိုးဆီ ရောက်အောင်သွားဦးမယ်... ခက်တာက ပြီးခဲ့တဲ့တစ်ခေါက်က မဟာစည်ဆရာတော်ဘုရားရဲ့ဆိပ်ခွန်ရွာကို သွားဖူးရင်း ရွှေဘို က ဆရာကြီး ရွှေဥဒေါင်းရဲ့မန်ကျည်းတုံရွာကို ရှာတာ... မေးလို့ကို မရဘူး...အချိန်ကလည်း မရတော့မရောက်ခဲ့ရဘူး...
ချမ်းမြေ့ပါစေ... စုချစ်
Hla Myaing said…
Are you grand daughter of great writer U Sein Tin?
Popular posts from this blog
ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။
သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...
သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)
ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...
အဝေးမြင် အနီးမှုန်....(နောက်ဆုံး)
အနီးမှုန်.. “မောင် ဒီနေ့ meeting ရှိုလို့နောက်ကျမယ်နော်…သီရိ..” “အော်…ဟုတ်.. သီရိလည်း ခိုင် ရန်ကုန်ရောက်တုန်း အိမ်လာလည်မယ် ဆိုလို့ စောင့်နေတာ… ဘယ်မှာလုပ်မှာလဲ.. meeting က..” “ ရုံးမှာပဲသီရိရေ.. နိုင်ငံခြားသားတွေပါမယ်.. ပြီးရင်တော့ တခုခုလိုက်ကျွေးရမှာပေါ့..” “ ဘယ်ဆိုင်မှာလဲ..မောင်..” “ အနီးအနားက အေးအေးဆေးဆေးဆိုင်မျိုးပဲ ဖြစ်မှာပါ.. ဒါလည်း မသေချာသေးပါဘူး… ကိုယ် ဖုန်းဆက်မယ်လေ..” “ ဟုတ်… အပြန်ကျ ခေါက်ဆွဲကြော်ဝယ်လာခဲ့နော်မောင်..ကလေးတွေ စားဖို့..” “ အင်း..အင်း..ဟုတ်ပြီ..ဒါပဲနော်” ခိုင့်ကို အိမ်ပြန်ပို့ပေးပြီးအပြန် စင်တင်တေးဂီတရှိသည့် ဆိုင်တစ်ဆိုင်ရှေ့မှာ သူမရဲ့မောင့်ကားကို လှမ်းတွေ့လိုက်သည်။ သူမ အဲဒီဆိုင်အပြင်ဘက်ရောက်နေမှန်း မောင်သိရင် အံ့အားသင့်သွားစေချင်သည်။ နောက်ချင်စိတ်ဖြင့် ဆိုင်အပြင်ဘက်မှာ ကားရပ်ပြီး သူမ မောင့်ဖုန်းကို လှမ်းခေါ်လိုက်သည်။ ချက်ချင်း မကိုင်သေး။ တော်နေကြာမှ ဟဲလို..ထူးသံကြားသည်…။ “မောင်..ဘယ်မှာလဲဟင်” “ ဧည့်သည်တွေကို ထမင်းလိုက်ကျွေးနေတယ် သီရိ” သူမ မောင့်ကို ဆိုင်အပြင်ဘက် လှမ်းထွက်လာတာမြင်လိုက်ရသည်.. “ဘယ်ဆိုင်မှာလဲ ..မောင်ရဲ့” “ အဲ..မီလျံကွိုင်မှာ….” “ သီချင်းသံတွေ ကြားနေ...